>
စက်တင်တာ ၂၊ ၂၀၁၁
 ပုံကို ဒီနေရာကယူပါသည်။
ပုံကို ဒီနေရာကယူပါသည်။ 
မေခနဲ့ မလိခ မြစ်ဆုံမှာ 
ပျားရည်ဆမ်း ခရီးထွက်ဖူးခဲ့ရုံနဲ့ 
ဧရာဝတီကို မသိနိုင်ဘူး …။  
အတိတ် ဟိုတချိန်က 
အညာဆန် သင်္ဘောကြီးစီး 
ကုန်စည်ကူးသန်း ရောင်းဝယ်ခဲ့ဖူးရုံနဲ့လည်း 
ဧရာဝတီရဲ့ ရင်ခုန်သံကို မကြားနိုင်ပါဘူး …။  
ပုဂံ ဘုရားဖူး သွားရုံ 
မြစ်ကျဉ်းတွေကို ဖြတ်ခဲ့ဖူးရုံ 
ဝါးဖေါင်တွေပေါ် လေညင်းခံဖူးရုံ နဲ့တော့ 
ဧရာဝတီရဲ့ တကယ့်အရှိတရားကို 
အနုပညာပါပါ အကဲခတ်နိုင်မယ် မထင်ဘူး …။  
တခါက 
ကျောင်းသားခေါင်းဆောင်များ … 
ကိုဗဟိန်းနဲ့ ကိုဋ္ဌေးမြိုင်တို့နှစ်ဦးသားဟာ 
ဧရာဝတီမြစ်ကြောင်း ခရီး 
မင်းလတ်ကို စီးနင်းရင်း 
တော်လှန်ရေးခရီးအတွက် 
ဆန်တက်ခဲ့ကြဖူးတယ် …။  
သွားလေသူ … 
သမိုင်းဆရာကြီး ဒေါက်တာသန်းထွန်းဟာ 
ပုဂံ သုတေသနသမိုင်းအချက်အလက်တွေရှာဖို့အတွက် 
ဧရာဝတီနဲ့အတူ စီးဆင်းရင်ခုန်ခဲ့ဖူးတယ် …။  
နန်းမြို့ မန္တလေးကို သိမ်းပိုက်ဖို့အတွက် 
နယ်ချဲ့ မိစ္ဆာတွေဟာ 
ဧရာဝတီအပျိုမကို 
အင်အားသုံး အဓမ္မပြုကျင့်ခဲ့ဖူးတယ်…။  
ဧရာဝတီဟာ 
ပြည်တွင်းစစ်မီးလျှံထဲ 
သူ့ရင်သွေးတွေကို သိုဝှက် 
သူ့သစ္စာတရားအတိုင်း စီးဆင်း 
အမျိုးသား စစ်အာဏာရှင်တစုကို 
သူ့ကျောပေါ်မှာ 
မလိုဘဲ သယ်ပိုးခဲ့ရပြန်သေးတယ် …။  
ခု … 
ဧရာဝတီကို 
လည်မြိုကနေ အကြောဖြတ်မယ်တဲ့ 
တနပ်စား အကျိုးစီးပွားရပ်တည်ချက်မှာ …။  
“အကြင်သူသည် တရားကို သတ်၏ 
ထိုအသတ်ခံရသော တရားသည် 
အကြင်သူကို ပြန်၍သတ်၏” တဲ့ 
ဓမ္မပဒ ရဲ့ ဆုံးမစာ … 
ဟိမ၀န္တာ တောင်တန်းပေါ်က သေနတ်သံတွေကနေ တဆင့် 
သင် မရှက်ဖူးလားလို့ … 
ဧရာဝတီက အေးဆေးတည်ငြိမ် မေးနေတယ် …။  
မည်သို့ပင်ဖြစ်စေ … 
ဧရာဝတီဟာ … 
သူ့အစဉ်အလာနှင့် … သမိုင်းနှင့် 
ဧရာဝတီဟာ … 
သူ့အဘိဓမ္မာနှင့် … တရားနှင့် 
ဧရာဝတီဟာ … 
သူ့ဂုဏ်သိက္ခာနှင့် … တန်ဖိုးနှင့် 
ဧရာဝတီဟာ … 
သူ့ ကိုယ်ပိုင်ဘ၀နှင့် … တိုက်ပွဲနှင့် 
ဧရာဝတီကို သတ်ဖို့ကြိုးစားသူဟာ 
သူ့ကို သမိုင်းကြိုးစင်က စောင့်နေပါလိမ့်မယ် …။  
မိခင် ဧရာဝတီမြစ်ကြီးသည်ကား 
တိုက်ပွဲများနှင့် အတူ 
မသေ … 
မသေ … 
ဘယ်တော့မှ … မသေ 
တိုက်ပွဲဝင် လူထုသမိုင်းရဲ့ … 
ထာဝရ … အမြုတေ …။     ။