သန်းဝင်းလှိုင်

Than Win Hlaing – Articles

လူငယ့်ဂုဏ်ရည်မြင့်တက်စေဖို့ – အပိုင်း (၃)
သန်းဝင်းလှိုင်
မေ ၈၊ ၂၀၁၃


● စကား၏အရေးပါမှု
လူငယ်တို့ရေ-
လောကမှာ လူသားတိုင်းဟာ အခြေခံအချက်ကြီးသုံးခုနဲ့ သွားလာလှုပ်ရှားဆောင်ရွက်နေကြတယ်ကွဲ့။ အဲဒီအခြေခံအချက်သုံးချက်ကတော့ စိတ်နဲ့ ကြံစည်မှု ခေါ်တဲ့ မနောကံ၊ နှုတ်နဲ့ပြောဆိုမှုခေါ်တဲ့ ဝစီကံ၊ ကိုယ်နဲ့ပြုလုပ်မှု ခေါ်တဲ့ ကာယကံသုံးပါးပါပဲ။
လူတိုင်းဟာ မိမိရဲ့ မနောကံမှာ ဖြစ်ပေါ်လာတဲ့ စိတ်အလိုဆန္ဒအရလည်းကောင်း၊ အသိအမြင်အတွေးအခေါ် အရ လည်းကောင်း၊ ဝစီကံ နှုတ်နဲ့ ပြောဆိုပြီးတဲ့အခါ ကာယကံခြေလက်ကိုယ်အင်္ဂါနဲ့ လုပ်ကိုင်လှုပ်ရှားဆောင်ရွက် တတ်တယ်။
အဲဒီကံသုံးပါးမှာ အရေးကြီးဆုံးက ဝစီကံ ခေါ် နှုတ်ထွက်စကားပဲဖြစ်တယ်။ စကားဆိုတာ ပြောတတ်ရင် ဆေးတစ်ပါးပါပဲ။ လောကမှာ အများဆုံး မှားပြီးဖွင့်မိတဲ့အရာကတော့ လူ့ပါးစပ်ပါပဲ။ ဒါကြောင့်လည်း `ဝစီဘေဒ ထိတိုင်းရှ´ ´နှုတ်ကောင်းလျှင်ပြည်စိုး´ ´နှုတ်ချိုလျှင် သျှိုတစ်ပါး´ `နှုတ်ကြောင့်သေ လက်ကြောင့်ကြေ´ ´နှုတ်ကြမ်းလျှင် သူခွာ၊ လက်ကြီးလျှင် သူလာ´ `နှုတ်ချိုစကား သကာများ အများနာခံလို´ `မင်းတို့စကားမိုးကြိုးသွား´ စတဲ့ ဆိုရိုးစကားတွေဟာ ဝစီကံနှုတ်ထွက်စကားရဲ့ သတ္တိစွမ်းပကားဘယ်လောက်ကြီးမား သလဲဆိုတာကို ညွှန်ပြနေမှုတွေပါပဲ။
စကားတစ်ခွန်းကြောင့် ဆိုးကျိုးလည်းဖြစ်ပေါ်တတ်သလို ကောင်းကျိုးတွေလည်း ရနိုင်တယ်ကွဲ့။
ဒါ့ကြောင့် လူကြီးသူမတွေဟာ စကားပြောဆိုရာမှာ ထိန်းသိမ်းဆင်ခြင်မှုရှိရန် ဆုံးမခဲ့တယ် မဟုတ်လား။
စကားအရာ အင်္ဂါ ၁၀ ပါးကိုလည်း မင်းတို့တတွေ သိထားသင့်တယ်။ အဲဒါတွေကတော့ (၁) ကာလ၀ါဒီ ခေါ်တဲ့ ပြောဆိုချိန်ပြောခွင့်သင့်မှ ပြောဆိုခြင်း၊ (၂) ဘူတ၀ါဒီ ခေါ် ဟုတ်မှန်သော စကားကိုသာ ပြောဆိုခြင်း (၃) ဓမ္မ၀ါဒီခေါ် တရားနှင့်စပ်သည်ကိုသာ ပြောဆိုခြင်း (၄) အတ္တ၀ါဒီ ခေါ် အကျိုးနဲ့စပ်သည်ကိုသာ ပြောဆိုခြင်း (၅) ပိယ၀ါဒီခေါ် ချစ်ဖွယ်သော စကားကိုသာ ပြောဆိုခြင်း (၆) မိဟိတပုဗ္ဗဘာဏီ ခေါ် ပြုံးရွှင်ခြင်းကို ရှေးဦးပြု၍ ပြောဆိုခြင်း (၇) မိတဘာဏီခေါ် မပိုမလွန်ချင့်ချိန်၍ ပြောဆိုခြင်း (၈) အတုရိတ၀ါဒီခေါ် အဆောတလျင်မပြောဆိုခြင်း (၉) ပေါရီ ခေါ် မြို့ကြီးသူ မြို့ကြီးသားတို့၏ ဓလေ့ထုံးစံသို့ လိုက်၍ ပြောဆိုခြင်း (၁၀) ဝိသ၀ါဒီ ခေါ် သန့်ရှင်းသေချာ အက္ခရာဌာန်ကရိုဏ်းကျအောင် ပြောဆိုခြင်း စတာတွေပဲဖြစ်တယ်။
● အပြစ်ဖြစ်သောစကားများ
ထိန်းထိန်းသိမ်းသိမ်း ချိန်ချိန်ဆဆ မပြောဘဲ စိတ်ထဲရှိတဲ့အတိုင်း ဖွင့်ပြောလိုက်မယ်ဆိုရင် အပြစ်ဖြစ်တတ်တယ်။ အကောင်းထင်၊ အမှန်ထင်ပြီး ပြောပြီးမှ မကောင်းသောစကား၊ မမှန်သော စကားတွေဖြစ်နေတတ်တယ်။ အသာစီးရအောင်ပြောရင်း ရှုံးနိမ့်သွားတတ်သလို လူအထင်ကြီးအောင် ပြောဆိုရင်း အထင်သေးခံရတဲ့အဖြစ်မျိုးလည်း ကြုံရတတ်တယ်။ ပြီးတော့ ဂုဏ်ဖော်ပြောကာမှ ရှိတဲ့ဂုဏ်တောင် ပျက်ရတဲ့အဖြစ်တွေလည်း ရှိတယ်။ ဒါကြောင့် `ထိုင်နေအကောင်းသား၊ ထသွားမှ ကျိုးမှန်းသိ´ ဆိုသလို ပြောကာမှ အဆိုးဖြစ်ရတဲ့စကားတွေလည်း ရှိတယ်။ ဆိတ်ဆိတ်နေထောင်တန်ဖြစ်နိုင်ပါလျက် ပြောမိဆိုမိကာမှ တန်ဖိုးမရှိဖြစ်ရတတ်တယ်။
● ၀ါကြွား၍ ပြောဆိုခြင်း
ကြွားဝါခြင်းဟာ စိတ်ဓါတ်ရေးရာနိမ့်ကျမှုကို ဖော်ပြခြင်းပါပဲ။ ဒါပေမယ့် လူတော်တော်များများဟာ ၀ါကြွားချင် တတ်ကြတယ်။ အနည်းအများသာကွာမယ်။ ကြွားဝါလိုစိတ်နဲ့ ကြွားဝါပြောဆိုနေမိတတ်တယ်ကွဲ့။ ကြွားဝါခြင်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ လူတကာ အထင်ကြီးခံရအောင် ကိုယ့်ကို ဂရုစိုက်အောင် ပြုလုပ်ခြင်းပါပဲ။ ဒါပေမယ့် အကျိုးသက်ရောက်မှုကတော့ ပြောင်းပြန်ဖြစ်တတ်တယ်။ ဒါ့ကြောင့် `ဖျားနာလို့မသေ၊ ကြွားဝါလို့သေ´ ဆိုတဲ့ ဆိုရိုးစကားတောင် ရှိတယ်မဟုတ်လား။
ဝါကြွားပြောဆိုသောစကားကို လူတိုင်းစက်ဆုပ်ရွံမုန်းကြတယ်။ သူတပါးကြွားဝါရင်လဲ ကိုယ်က အထင်သေးသလို၊ ကိုယ် ၀ါကြွားပြောဆိုရင်လည်း သူတပါးက အထင်သေးမှာကို သတိထားသင့်တယ်။ ဒါကြောင့် ရှောလမုန်ဘုရင်ကြီးက ပညာရှိတို့ရဲ့ နှုတ်ခမ်းဟာ နှလုံးသားထဲမှာ ကိန်းအောင်းပြီး၊ လူမိုက်ရဲ့ နှလုံးသားကား သူ့နှုတ်ဖျားမှာ ရှိနေတယ်လို့ ဆိုခဲ့ဖူးတယ်မဟုတ်လား။
● အနိုင်အထက်ပြောသောစကား
ဝါကြွားပြောဆိုသော စကားကို လူတိုင်းစက်ဆုပ်သလို အနိုင်အထက်ပြောသောစကားကိုလည်း လူတိုင်းခံပြင်းကြတယ်။ လျှာဆိုတာ သုံးလက်မမျှသာရှည်တယ်။ နို့ပေမယ့် အရပ်ခြောက်ပေရှည်တဲ့လူတယောက် သေအောင် သတ်နိုင်တယ်လို့ ဂျပန်စကားပုံတစ်ခုက ဆိုတယ်။ အနိုင်အထက်ပြောသူကို မိမိထက် ရာထူးဌာနန္တရ အာဏာအရှိန်အ၀ါကြီး၍ ငုံ့ခံနေသော်လည်း လူတိုင်းက ကျေနပ်ကြတာမဟုတ်ဘူး။ ကိုယ့်ကို ပြန်ပြီးဒုက္ခပေးမှာစိုးလို့ ငြိမ်ခံနေကြတာ။ တနည်းပြောရရင် လူတိုင်းလူတိုင်းဟာ မြွေပွေးတို့ မြွေဟောက်တို့ ခါးပိုက်ထဲ ပိုက်ထားမိရင် ကြောက် ကြမှာ အမှန်ပဲ။ ဒါပေမယ့် အားမတန်လို့ မာန်လျှော့တဲ့အဖြစ် မချစ်သော်လည်း အောင့်ခါနမ်းဆိုသလို ဖြစ်ရပ်မျိုးပါပဲ။
ဒါ့ကြောင့် နင့်နင့်သီးသီး နိုက်ထက်စီးနင်း ဘယ်သူ့ကိုမျှမပြောဆိုသင့်ပါ။
ညီအစ်ကိုချင်း ဖြစ်ရင်တောင် `မင်းထက် ငါအရင်မွေးထားတာ။ ငါမင်းထက် နားလည်တယ်။ မင်းဘာမှ လူပါးဝလို့မရဘူး။ ငါခိုင်းတာကိုသာလုပ်´ စတဲ့ နိုင်ထက်စီးနင်းစကားမျိုး မပြောသင့်ပါ။ အကျိုးသင့် အကြောင်းသင့် တဖက်သားနာခံအောင် ချိုချိုသာသာပြောသင့်တယ်။
အနိုင့်အထက် ပြောဆိုသောစကားကို လူမုန်းများသလို ခြိမ်းခြောက်ပြောဆိုသောစကားတွေကိုလည်း လူတိုင်း မကြိုက်ကြဘူးကွဲ့။
ပြီးတော့ ဂုဏ်ဖော်၍ ပြောသောစကားတွေဟာ မကောင်းဘူး။ ဝါကြွားပြောသူများ၊ ကိုယ့်ဂုဏ်ကိုယ်ဖော် ပြောဆိုသူများ၊ အနိုင်အထက်ပြောဆိုမှုများဟာ ကောင်းကျိုးမရရုံမက အထင်သေးရှုတ်ချခြင်း ခံရတတ်တယ်။ တကယ်တော့ ကိုယ့်ဂုဏ်ကို ကိုယ်ဖော်ပြီး မဏ္ဍပ်တိုင်တက်ပြနေစရာ မလိုပါဘူး။ ကိုယ်ပြုသောကိစ္စအလျောက် မိမိရရှိသော အောင်မြင်မှုအလျောက် လူသတင်းလူချင်းဆောင်ပြီး အများက အသိအမှတ်ပြုလာမှာ အမှန်ပါပဲကွာ။
နှုတ်ထွက်စကားဟာ မနောမယပတ္တမြားလို တန်ခိုးကြီးလှတာမို့ ဝစီဒုစရိုက် (၄) ပါး မဖြစ်အောင် ရှောင်ကြဉ် ဖို့ လိုတယ်။ အဲဒါတွေကတော့-
(၁) မုသာဝါဒါ  – မဟုတ်မမှန်သောစကားကို ပြောဆိုခြင်း (နိစ္စသီလ ခေါ် ငါးပါးသီလထဲမှာပါဝင်တဲ့ ကံတစ်ပါးပါပဲ)
(၂) ပိသုဏဝါစာ  -သူနှစ်ဦးအချစ်ကို ပျက်အောင် ကုန်းချောခြင်း
(၃) ဖရုသာဝါစာ  – ကြမ်းတမ်းသဖြင့် နားမခံသာတဲ့စကားကို ပြောဆိုခြင်း
(၄) သမ္ဗပ္ပလာပဝါစာ – နိဗ္ဗာန်မှ ဖီလာဖြစ်သော သိမ်ဖျဉ်းသော စကားကို ပြောဆိုခြင်း
ဒီတရား (၄) ပါး ကို နှုတ်နဲ့ ပြောဆိုပြုကျင့်တဲ့အတွက် ၀စီကံအပြစ် ဖြစ်တတ်တယ်လို့ ဆိုကြတယ်။
နှုတ်ထွက်စကားဆိုတာ ကောင်းတာဖြစ်စေ ဆိုးတာဖြစ်စေ ကြားရတဲ့သူရဲ့ စိတ်မှာ တံဆိပ်ခတ်နှိပ်သလို စွဲမြဲသွားတတ်တယ်။ ကြင်နာချိုသာတဲ့စကားတစ်လုံးကို ဘယ်သူမှ မမေ့နိုင်သလို ရက်စက်ကြမ်းကြုတ်တဲ့စကား တခွန်းကိုလည်း အသည်းစွဲနားကျည်းသွားတတ်တယ်။ အချိန်ရဲ့ တိုက်စားမှုကြောင့် တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ဦးနှောက်က မေ့ပျောက်သွားရင်တောင် နှလုံးသားက အမြဲသတိရနေတတ်တယ်ကွဲ့။ ဒါ့ကြောင့် `ကြင်နာတဲ့ စကားလုံးတွေဟာ ဘယ်အခါမျှ မပျောက်ကွယ်နိုင်´ ဆိုတဲ့ စကားပုံရှိတယ်မဟုတ်လား။ `အပြောမတတ်ရင် ဆဲသလို´ ဖြစ်တတ်ပြီး ကိုယ့်မိဘ ကိုတောင် ထိခိုက်တတ်တယ်။ အဖယုတ်က ကိုယ်အမူအရာကြမ်းတမ်းပြီး အမိယုတ်က နှုတ်ကြမ်းတယ်လို့ ဆိုရိုးရှိတယ်မဟုတ်လား။ ဒါ့ကြောင့် ကိုယ်နှုတ်အမူအရာ သိမ်မွေ့ရမယ်လို့ ဆိုကြတာပေါ့။
● သူတပါးစကားကို အာရုံစိုက်နားထောင်တတ်ခြင်း
လူငယ်တို့ရေ-
လူအတော်များများဟာ သူတပါးနဲ့ စကားပြောလျှင် သူပြောတာကို နားမထောင်၊ သူ့စကားဆုံးလျှင် ငါဘာပြောလိုက်မယ်ဆိုတာကိုပဲ စဉ်းစားပြီး ပါးစပ်တပြင်ပြင်နဲ့ စောင့်နေတတ်တယ်။
စကားဆိုတာ တဖက်လူနားထောင်မှ ကိုယ်ပြောရကျိုးနပ်တယ်။
စကားပြောကောင်းသူဟာ မိမိဘယ်လိုဥာဏ်ရွှင်ကြောင်း၊ သွက်လက်ချက်ချာကြောင်း ပြသလေ့မရှိဘူး။ စကားအများကြီးလည်း မပြောတတ်ဘူး။ တဖက်လူကို သူသိသမျှလေး ဖွင့်ဟပြောဆိုဖြစ်အောင် အစဖော်ပေး၊ `ဖွင့်´ ပေးတတ်တဲ့ လူမျိုးသာဖြစ်တယ်ကွဲ့။
ပြီးတော့ အရေးမကြီးတဲ့ အရာတွေကို အသေးစိတ်ဋီကာချဲ့ကားပြောနေရင်လည်း လိုရင်းမရောက်ဘဲ နားထောင်သူတိုင်း စိတ်ညစ်ရတတ်တယ်။ ဒါ့ကြောင့်မို့ ဗော်လတဲယားက –
`တဖက်လူစိတ်ညစ်စေချင်ရင်တော့ အသေးစိတ်တစ်ခုမကျန်အောင် ပြောပေတော့´ လို့ ဆိုခဲ့ဖူးတယ်။
တကယ်တော့ ဘယ်နေရာမှာ ဘာစကားပြောရမယ်ဆိုတာ သိတဲ့သူကို သဘောကောင်းသူ၊ ယဉ်ကျေးဖော်ရွေသူ၊ စိတ်ဝင်စားစရာကောင်းသူအဖြစ် အများက ရှုမြင်တတ်ကြမြဲဖြစ်တယ်။ အဲလိုပြောတတ်ဆိုတတ် တာကိုပဲ အချို့က မွေးရာပါအရည်အချင်းတခုလို့ ထင်တတ်တယ်ကွဲ့။ အမှန်က မွေးရာမပါလည်း တမင်တကာ ဂရုတစိုက်လေ့ကျင့်ရင် ဖွံ့ဖြိုးလာနိုင်တဲ့ ကိစ္စတစ်ခုပါ။
မြန်မာမှုမှာ စကားကြီး ၁ဝ မျိုး ခေါ် စကားပြောထုံးနည်းဥပဒေ ၁ဝ ခု သတ်မှတ်တယ်ကွဲ့။ အဲဒါတွေကတော့
(၁)ရေကူးညာတင်စကား – လိုရာဆိပ်ကမ်းကို ရေညာက တင်ကြို၍ ကူးမှရောက်သကဲ့သို့ `မိမိလိုရာ ရောက်အောင်ကြိုတင်၍ စကားပိုဖြင့် ပြောဆိုခြင်း´
(၂) ကောက်ပင်ရိတ်လှီးစကား – ကောက်ပင်ကို လက်တဖက်ဖြင့် မြဲမြံစွာဆုပ်၍ တံစဉ်ဖြင့် အရင်းက ရိတ်ဖြတ်လျှင် လက်တွင်ရှိသမျှ စပါးကို ရသကဲ့သို့ `သူဆိုသော စကားမိအောင် ဖမ်းကိုင်ပြီးမှ ပြတ်စဲအောင်ပြောဆိုခြင်း´
(၃) ရေစီးဖောင်ဆန်စကား – လိုအင်ဆန္ဒရှိသမျှသောအရာဝတ္ထုတို့ကို ဖောင်တွင် တင်၍ ဖြည်းညှင်းစွာ ဆန်တက်သွားလျှင် ကိစ္စပြီးသကဲ့သို့ `ခြေသိမ်း၊ ခေါင်းပိုက်၊ ပမာ၊ ပမည်းဟပ် စပ်၍ ပြီးပြတ်အောင်ပြောဆိုခြင်း´
(၄) အိုးတန်ဆန်ခတ်စကား – အိုးနှင့်ဆန် တန်ရုံထည့်၍ ချက်လျှင် ကောင်းစွာ ကျက်နပ်သကဲ့သို့ `ကိုယ်နှင့်ဂုဏ်အင်တန်ရုံ မယုတ်မလွန်ပြောဆိုခြင်း´
(၅) ဆီပွတ်ကျည်ပွေ့စကား – ကျည်ပွေ့ဖြင့် အကြိမ်ကြိမ်အထပ်ထပ်ဆီပွတ်လျှင် ဆီထွက်၍ မိမိလိုဘတ်ကိစ္စ ပြီးသကဲ့သို့ `လိုရာကိစ္စပြီးစေခြင်းငှာ ထိုစကားကိုပင် အထပ်ထပ်ပြောဆိုခြင်း´
(၆) ဆင်ဝှေ့ရန်ရှောင်စကား – ဆင်ထိုးဝှေ့မည် လိုက်လျှင် တိမ်းရှောင်ဖယ်သွေလွတ်ရာ၌ ပြေးလွှားကာနေရ
သကဲ့သို့ `ကိုယ့်ထံသို့ရောက်မည့်စကားကို ရှောင်လွှဲ၍ ပြောဆိုခြင်း´
(၇) တောင်သူယာခုတ်စကား – တောင်သူလယ်သမားတို့သည် မိမိတို့ တည်ခုတ်မည့် လယ်ယာမြေကွက်၌ ရှေးဦးစွာ ခြုံပိတ်ပေါင်းနွယ်သစ်ပင်ငယ်တို့ကို ခုတ်ထွင်ရှင်းလင်းပြီးမှ သစ်ပင်ကြီး တို့ကို ခုတ်ထွင်ဖိလှဲသကဲ့သို့ `စကားငယ် (အရေးမကြီးသောစကား) ကို ပြောဆို ပြီးမှ စကားကြီး (အဓိကပြောမည့်စကား) ကို ဖိစီး၍ ပြောဆိုခြင်း´
(၈) ကြက်ခုတ်ခွပ်ပစ်စကား – ကြက်ခွပ်ရာ၌ နောက်ဆုတ်ဟန်ပြု၍ ခွပ်သာမှ ခွပ်ပစ်သကဲ့သို့ `သူ့စကားအလို သို့ လိုက်တန်ကလိုက်၍ စီးသာမှ စီးလျက်ပြီးပြတ်အောင် ပြောဆိုခြင်း´
(၉) ရေစစ်ပမာစကား  – ဓမ္မကရိုက်ခေါ် ရေစစ်ကို ရေတွင် နှစ်ခါ ပြည့်မှ အပေါက်ကိုပိတ်၍ ဆွဲယူလိုက်လျှင်ရေမထွက်နိုင်သကဲ့သို့`သူတပါးပြောဆိုခွင့်မရအောင်ပိတ်ဆို့၍ပြောဆိုခြင်း´
(၁၀) စက်တင်မောင်းနင်း  – မောင်းနင်းသောသူသည် တဖက်လိုက်ပါတိမ်းစောင်းလွန်းလျှင် အတင်ခက်၍မတိမ်းမစောင်းနင်းရသကဲ့သို့ `ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ မတင်မကျပြောဆိုခြင်း´
စတဲ့ အချက်တွေပါပဲ။
ပြီးတော့ စကား ၆ ခွန်း လူ၌ထွန်း ၄ ခွန်းရှောင်ခွာ ၂ ခွန်းသာ ပြောရမယ်လို့ ဘုရားရှင်ဟောတော်မူခဲ့တာကို ၀ိနည်းပါရာဇိကဏ်အဋ္ဌကထာ ပထမအုပ် စာအမှတ် ၈၉ မှာ ပါရှိတယ်။ လူတွေပြောနေတဲ့စကားတွေချုပ်လိုက်ရင်-
(၁) ဟုတ်မှန်၍ အကျိုးရှိပြီး သူလည်း နာလိုသော စကား။
(၂) ဟုတ်မှန်၍ အကျိုးရှိပြီး သူများ မနာလိုသော စကား။
(၃) ဟုတ်မှန်၏။ အကျိုးမရှိ သူများလည်း မနာလိုသော စကား။
(၄) မဟုတ်မမှန် အကျိုးရှိ၍ သူများနာလိုနှစ်သက်သော စကား။
(၅) မဟုတ်မမှန် အကျိုးမရှိ သူများနာလိုနှစ်သက်သော စကား။
(၆) မဟုတ်မမှန် အကျိုးလည်းမရှိ သူများလည်း မနာလိုမနှစ်သက်သော စကား။
စတဲ့ ခြောက်ခွန်းသော စကားတွေကို ရတယ်။ အဲဒီစကား ၆ ခွန်းမှာ ဟုတ်မှန်၍ အကျိုးရှိပြီး သူလည်း နာလိုသော စကား နဲ့ ဟုတ်မှန်၍ အကျိုးရှိပြီး သူများမနာလိုသော စကားကိုသာ ပြောဆိုရမယ်လို့ ဘုရားရှင်ဟောတော်မူခဲ့တာပဲ။
● ချီးမွမ်းစကားဆိုခြင်း
ချီးမွမ်းခြင်းဟာ ချီးမွမ်းသူအတွက် အပမ်းမကြီး ငွေကြေးတစ်စုံတစ်ရာကုန်ကျမှုမရှိဘဲ အကျိုးကျေးဇူးများများ ရနိုင်တဲ့ကိစ္စပါ။ စကားလေးတစ်ခွန်း၊ ဖုန်းကလေးတချက် ကောက်နှိပ်ရုံ၊ လေးငါးကြောင်းပါတဲ့ စာတိုလေးတစ်စောင် ကောက်ခြစ်ရုံနဲ့ ပြီးနိုင်ပါတယ်။
အဲဒီအရင်းအနှီးလေးသေးသေးမှ ရလာမယ့် အကျိုးကျေးဇူးကို ချင့်တွက်ကြည့်ပါ။ အမေရိကန်စာရေး ဆရာကြီး မတ်တွိန်းက ဆို `ချီးမွမ်းစကားကောင်းလေးတစ်ခွန်းကြားရုံနဲ့ ကျနော်နှစ်လလောက် အသက်ရှင်နိုင်တယ်´ ဟူ၍ ဆိုခဲ့ဖူးပါတယ်။
ချီးမွမ်းစကားဆိုတာ လူ့ရဲ့ နှလုံးသားအတွက် နေရောင်ခြည်နဲ့ တူတယ်ကွဲ့။ ချီးမွမ်းစကားမကြားရဘဲ နှလုံးသားသစ်ပင်ဟာ မရှင်သန်နိုင်ဘူး။ ပွင့်လန်းဝေဆာခြင်းမရှိနိုင်ဘူး။ ဒါပေမယ့်…. လူတွေဟာ တစ်ဦးအပေါ်တစ်ဦး ပြစ်တင်ဝေဖန်မှုတွေကို လွယ်လင့်တကူ ပြောကြဆိုကြပြီး အပြန်အလှန် နှလုံးသားညှိုးနွမ်းအောင် ဖန်တီးနေကြတယ်။ ဘဝတူလူသားချင်း ချီးမွမ်းစကားဆိုတဲ့ နေရောင်ခြည်လေးနဲ့ နွေးထွေးမှုပေးရန် တွန့်တိုနေတတ်ကြတယ်ကွဲ့။ တို့ဗမာ လူမျိုးတွေဟာ ဗိုလ်ချုပ်အောင်ဆန်းပြောသလို တလွဲဆံပင်ကောင်းနေကြတယ်။ ဗိုလ်ချုပ်က `ဗမာတွေဟာ ဗမာပြည်ပြန်လည်ထူထောင်ရေးလုပ်တဲ့ နေရာမျိုးမှာ အသုံးမချတတ်ဘူး။ ဗမာဗမာချင်း ချဖို့ မှာလုပ်ချင်တယ်။ အဲဒါမျိုး တွေလုပ်ချင်တယ်။ ဒါမျိုးတွေလုပ်ချင်လို့ ဘယ်တော့မှ အကျိုးမရှိဘူး။ ဒီတိုင်းပြည် ဘယ်တော့မှ ပြန်လည်မထူနိုင်ဘူး။ ဒီတိုင်းပြည် ဘယ်တော့မှ မလွတ်လပ်ဘူး။ လွတ်လပ်ရင်လည်း ဘယ်တော့မှ ကျကျနနလွတ်လပ်ရေးမဖြစ်နိုင်ဘူး။´ လို့ မကျဆုံးခင် ၆ ရက်အလို ၁၉၄၇ ဇူလိုင် ၁၃ ရက်နေ့က မြို့တော်ခန်းမမှာ ပြောသွားခဲ့တယ်။
ချီးမွမ်းစကားတစ်ခုကို လူကြုံနဲ့ လက်ဆောင်ပေးခြင်း ဒါမှမဟုတ် ကာယကံရှင်နားကိုရောက်အောင် ပို့ပေးမယ့်သူရဲ့ ရှေ့မှာ ပြောလိုက်ခြင်းဟာ လူချစ်လူခင် များစေတဲ့နည်းပါပဲ။ စကားတစ်ခွန်းတည်းနဲ့ ကာယကံရှင်ဟာ နှစ်ထပ်ကွမ်းချီးမွမ်းခံရသလို ခံစားရတတ်တယ်။ ချီးမွမ်းစကားဟာ ချစ်ခြင်းမေတ္တာနဲ့ တူတယ်။ ကိုယ်က သူ့အပေါ် မေတ္တာထားမှ သူ့မေတ္တာကိုပြန် ရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် လူငယ်တိုင်းဟာ အဲဒီအချက်တွေကို သတိမူပြီး သင့်တင့်လျောက်ပတ်တဲ့ ချီးမွမ်းစကားကို သင့်တင့်လျောက်ပတ်တဲ့ အခါကာလမှာ သင့်တင့်လျောက်ပတ်တဲ့ ပုဂ္ဂိုလ်ကို ပြောဆိုတတ်ပါက လူမှုဆက်ဆံရေးလောကမှာ မင်းတို့ဟာ အောင်မြင်တဲ့ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီလို့ အစ်ကိုကြီး သတိပေးပါရစေ။
● အချိန်ကိုလေးစားတန်ဖိုးထားခြင်း
လူငယ်တို့ရေ-
`ဘ၀ကိုချစ်မြတ်နိုးပါသလား။ သို့ဖြစ်လျှင်အချိန်မဖြုန်းပါနှင့်။ အကြောင်းမူဘဝသက်တမ်းဟူသည် အချိန်များဖြင့် တည်ဆောက်ထားရသောကြောင့် ဖြစ်သည်´ ဟူ၍ ဘင်ဂျမင်ဖရန်ကလင်က ဆိုခဲ့ဖူးပါတယ်။
လူ့အသက်ဟာ အချိန်ကို မှီပြီး ဖြစ်တယ်။ ဆုံးရှုံးသွားသော တစ်မိနစ်ကို မကုန်မဆုံးနိုင်သော ထာဝရအချိန်သမုဒ္ဒရာကြီးနဲ့ ဘယ်လိုမှ အစားထိုးလို့မရဘူး။
အချိန်ကို ချွေတာရင် ငွေကိုစု၍ အတိုးချတာထက် ပိုမို၍ ကြီးမားသော အတိုးအမြတ်ကို ရနိုင်တယ်။
နေဝင်နေထွက် စပ်ကြားမှာ စိန်အတိပြီးသောစက္ကန့် ၆ဝ ဖြင့် စီခြယ်ထားသော အချိန်နာရီတစ်ခုဟာ အသုံးမချရင် ပျောက်သွားနိုင်တယ်။ ပျောက်ဆုံးသွားသော အချိန်ကို ရင်းစားပြန်မရနိုင်။ ဆုငွေပေးပြီး ကြော်ငြာခိုင်းကာ ရှာလို့လည်း မရနိုင်ပါ။
တခါက စာအုပ်ဆိုင်တစ်ဆိုင်ကို လူတစ်ယောက်ဝင်လာပြီး ဒီစာအုပ်တန်ဖိုး ဘယ်လောက်လဲလို့ မေးတယ်။ အရောင်းစာရေးက ၅ ဒေါ်လာလို့ ပြန်ဖြေတယ်။ မလျှော့နိုင်ဘူးလားဟု ဝယ်မယ့်သူက ထပ်၍ ပြောသောအခါ အရောင်းစာရေးက `ရောင်းဈေးအမှန်ပါပဲ´ ဟုပြောရာ။ အဲဒီလူက `ခင်ဗျားတို့ ဆိုင်ရှင်ကို မတွေ့ရဘူးလား´ ဟု မေးရာ စာရေးက ဆိုင်ရှင်မှာ အလွန်အလုပ်များနေတယ်။ အရေးကြီးရင်တော့ ခေါ်ပေးပါ့မယ် ဟု ပြောကာ ဆိုင်ရှင်ကို သွားခေါ်ပေးတယ်။
ဝယ်သူက ဆိုင်ရှင်ဖရန်ကလင်အား `ဒီစာအုပ်အဖိုးဘယ်လောက်လဲ´ ဟုမေးရာ ဖရန်ကလင်က `ငါးဒေါ်လာခွဲ´ ဟုပြောလိုက်လေသည်။ ဝယ်သူက `ခင်ဗျားစာရေးက ငါးဒေါ်လာလို့ ပြောပါလား´ ဟု ပြောရာ ဖရန်ကလင်က-
`ကျုပ်အလုပ်ကို ဖျက်ပြီး ခင်ဗျားကို စကားလာပြောရလို့ ဒေါ်လာဝက်မက တန်တယ်´ ဟူ၍ ပြောရာ ဝယ်သူသည် ဖရန်ကလင်ထံမှ အချိန်ကို တန်ဖိုးထားသောစနစ်ကို ရရှိပြီးနောက် ဈေးမဆစ်တော့ဘဲ ငွေချေ၍ စာအုပ်ကို ယူသွားပါတယ်။
ကြီးပွားလိုသူတိုင်းဟာ ရွှေပန်းထိမ်သည်နှင့် တူစေရမယ်ကွဲ့။ ရွှေပန်းထိမ်သည်တွေဟာ အသေးဆုံးရွှေအစ အနကလေးများကို မလေလွင့်အောင် နေရာသတ်မှတ်ပြီး အလုပ်လုပ်ကြတယ်။ နောက်ဆုံးအလုပ်စားပွဲအောက်က မိုက် ခေါ် ရွှေမှုန်ရောစပ်ပါဝင်နေတဲ့ ပန်းထိမ်ဖိုမြေ၊ မှိုက်သရိုက်ကို ကျင်၍ ရွှေထုတ်ယူတတ်ပါတယ်။ အဲဒီလိုပါပဲ အချိန်အတိုအစ ကလေးတို့ကို အကျိုးရှိရှိ အသုံးချခဲ့ရင် သုံးလေးနှစ်အတွင်း ကျင်ယူပြီးရတဲ့ ရွှေထက်ပင် အဖိုးတန်တဲ့အရာတွေ ရပါလိမ့်မယ်။
လူ့အရေးအရာတိုင်းမှာ အခါရာသီဥတုဆိုတာ ရှိတယ်။ ဒီရေတက်ခိုက်မှာ အမိအရ ယူမိခဲ့ရင် ကံကြမ္မာအကျိုးပေး ကောင်းနဲ့ ကြုံရတတ်တယ်။
ဒါပေမယ့် အခွင့်သာခိုက်မယူလိုက်မိရင်တော့ ဘဝခရီးတလျှောက် စည်းတိမ်သောင်ခုံများနဲ့တိုးကာ ဆင်းရဲဒုက္ခတွေနဲ့သာ ကြုံရလိမ့်မယ်လို့ ကမ္ဘာကျော်စာရေးဆရာကြီး ၀ီလျှံရှိတ်စပီးယားက ဆိုခဲ့ဖူးတယ်။
ယနေ့ဆုံးရှုံးသွားတဲ့ အချိန်နာရီဟာ ထာဝရဆုံးရှုံးသွားပြီ။ မနက်ဖြန်မှာ မင်းတို့ နောက်ထပ် ၂၄ နာရီ ရရှိပါလိမ့်ဦးမယ်။ ဒါပေမယ့် မနေ့က ကုန်ဆုံးသွားတဲ့ အချိန်တော့ တစ်နာရီမျှပင် ပြန်မရနိုင်တော့ပါ။
ဘဝဆိုတာလည်း အဲဒီလိုပါပဲ။ တစ်ကြိမ်ပြီးလျှင် ပြီးပြီ။ ပြတ်ခဲ့ပြီ။ မင်းနေခဲ့ပြီးတဲ့ဘဝ မင်းနောင်တရချင်ရမယ်။ ဒါမှမဟုတ် ဂုဏ်ယူချင်ယူမိလိမ့်မယ်။ နို့ပေမယ့် ဘဝကို တစ်ကပြန်စချင်လို့တော့ မရတော့ဘူး။
တစ်နေ့ချင်းဟာ ဘဝငယ်တစ်ခုစီပါပဲ။ လူသက်တမ်းဟာ နှစ် ၇ဝ ရှိတယ်ဆိုပါစို့။ ဒါပေမယ့် တို့တွေ တကယ်ပိုင်တာ အချိန်နည်းနည်းလေးပါ။ အိပ်ချိန်၊ စားချိန်၊ နားချိန်၊ အဝတ်လဲချိန်၊ ခရီးသွားချိန်၊ အာလပသလ္လာပ စကားပြောချိန် စတာတွေနှုတ်ပယ်လိုက်ရင် တို့တွေသုံစွဲစရာ အချိန်ဘယ်လောက်ကျန်မလဲ တွေးကြည့်ပေါ့။
ဒါ့ကြောင့် အချိန်ဆိုတဲ့ အခွင့်အရေးက အခုလို ဆိုတယ်။ `နေ့စဉ် နံနက်တိုင်း ငါသည် သင်တံခါးဝ၌ ရပ်ကာ သင့်အား ထလော့၊ တိုက်လော့၊ အောင်ပွဲခံလော့ ဟု နှိုးဆော်၏။ ခံယူခြင်း မခံယူခြင်းကား သင့်ရဲ့အပိုင်းဖြစ်ပေသည်´ လို့ ဆိုခဲ့တယ်။
အချို့က ဘာပဲလုပ်လုပ် `မနက်ဖြန်စလုပ်မယ်´ လို့ အမြဲတမ်းပြောလေ့ရှိတယ်။
မှန်တယ်။ အမြဲတမ်း မနက်ဖြန်ပဲ။ ဘယ်တော့မှ `ယနေ့´ ဖြစ်လာမှာမဟုတ်ချေ။
သူတို့မှာ အံ့သြစရာကောင်းလောက်အောင် ထူးခြားသော ကောင်းမွန်သော ခရီးလမ်းညွှန်မြေပုံရှိတယ်။ ဒါပေမယ့် ဘယ်တော့မှ ခရီးစတင်ခြင်းမရှိဘူး။ ကြီးကျယ်ခမ်းနားသော အဆောက်အဦပုံစံကြီးတွေ သူတို့ရေးဆွဲကြတယ်။ ဒါပေမယ့် တခါမှ မတည်ဆောက်ခဲ့ကြဘူး။ ကောင်းမွန်တဲ့စိတ်ကူးအိပ်မက်တွေ ရှိတယ်။ ဒါပေမယ့် ဘယ်တော့မှ အကောင်အထည်မဖော်ခဲ့ဘူး။ အချိန်ကုန်ရင်းနဲ့သာ ဘဝဇာတ်သိမ်းသွားကြတယ်။
အချိန်နဲ့ပတ်သက်ပြီး ကမ္ဘာကျော်နာရီထုတ်လုပ်ခဲ့သူ `အော်ဗီးလ်အာဟာဂန်´ ကလည်း တခါက အခုလို ပြောဖူးတယ်။
`အချိန်ဟာ တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာပဲ။ ဒါပေမယ့် ကျုပ်တို့က အချိန်ကို တန်ဖိုးမထားကြဘူး။ ဘယ်တော့မှ မကုန်နိုင်တဲ့ ပစ္စည်းလို ပေါ့ပေါ့တန်တန် အသုံးချနေကြတယ်။ တန်ဖိုးရှိတဲ့ ဒီနေ့ကို အလဟဿ ဖြုန်းတီး ပစ်လိုက်ပြီး မနက်ဖြန်မှာ ပိုပြီး တန်ဖိုးရှိတဲ့ ဒီနေ့၊ ဒီအချိန်ဟာ ဘာမှ အသုံးမချလိုက်ရဘဲ အဆုံးမရှိတဲ့ သမုဒ္ဒရာထဲ ကျသွားတဲ့ ရတနာနဲ့ အတူတူပဲဆိုတာ ကျုပ်တို့ မသိကြဘူး´
တဖန် ကမ္ဘာကျော်တက်ကျမ်းဆရာကြီး အော်ရစ်ဆွိမာဒင်ကလည်း-
`အမြင့်ဆုံးကို ရောက်နိုင်တဲ့ အချိန်မှာ အနိမ့်ဆုံးကို လုပ်နေတာဟာ လူတွေရဲ့ ဝမ်းနည်းစရာအကောင်းဆုံး ဖြစ်ရပ်ပါပဲ´ တဲ့။
ကောင်းပြီ။
အမြင့်ဆုံးအလုပ်ကို လုပ်နိုင်ပါလျက်နဲ့ အနိမ့်ဆုံးအလုပ်ကို လူတွေဘာကြောင့်လုပ်နေကြသလဲ။ အကြောင်းအမျိုးမျိုးရှိနိုင်သော်လည်း အဓိကကတော့ အချိန်ကို အကျိုးရှိစွာ အသုံးမချတတ်ခြင်းပါပဲ။
တို့တွေဟာ များသောအားဖြင့် ပိုက်ဆံကို အဓိပ္ပါယ်မရှိ အကျိုးမဲ့မသုံးကြ။ အဲဒီလိုသုံးစွဲသူကိုလည်း `လူမိုက်´ လို့ သမုတ်တတ်ကြတယ်။ `လူမိုက်နဲ့ငွေ အတူမနေ´ လို့ ပြောတတ်ကြတယ်။
ဒါဆို အချိန်ကို အကျိုးမဲ့ အလဟဿ ဖြုန်းတီးပစ်သူကိုရော ဘယ်လိုသဘောထားကြမလဲ။ ဘယ်လိုခေါ်ရင် ကောင်းမလဲ။
သေချာစွာလေ့လာကြည့်ရင် တို့တွေဟာ မိမိတို့ ရရှိနိုင်တဲ့ အောင်မြင်မှုရဲ့ ၂၅၊ ၅ဝ၊ ၇၅ ရာခိုင်နှုန်းကို အကျိုးမဲ့ အလဟဿ လွှင့်ပစ်နေကြတာကို တွေ့ရတတ်တယ်။ အဲဒီလိုဖြစ်ရတာဟာ အခြားတော့မဟုတ်ပါဘူး။ `အချိန်´ ဆိုတဲ့ `အရင်းအနှီး´ ကို အကျိုးရှိအောင် မရင်းနှီးတတ်လို့ပဲ ဖြစ်တယ်။ စင်စစ် အချိန်ဟာ လူတယောက် အဖို့ တန်ဖိုးအရှိဆုံး ကိုယ်ပိုင်ဥစ္စာပစ္စည်းဖြစ်တယ်ကွဲ့။
အချိန်ကို အသိတရားနဲ့ အကျိုးရှိရှိ အသုံးချတတ်ရင် လောကမှာ ဘာကိုမဆို ရနိုင်ပါတယ်။
လူတိုင်းလိုလို ငွေစုတတ်ကြတယ်။ ဒါပေမယ့် အချိန်အခါအခွင့်အလမ်းကိုကား လူတိုင်းမယူတတ်ကြဘူး။ ကိုယ့်အတွက် အကျိုးရှိအောင် အချိန်ကို အသုံးချတတ်သူများသာ အခွင့်အလမ်းကို မလွတ်တမ်းအရယူ တတ်ကြတယ်။
တချို့လူငယ်တွေဟာ ဘိန်းစားအိပ်မက်မက်သလို ကိုယ့်ကိုယ်ကို ဖြစ်စေ သူတပါးကိုဖြစ်စေ`ငါတော့ တနေ့ချမ်းသာမှာပဲ။ တနေ့တော့ကြီးပွားမှာ သေချာတယ်´  ဟု ပြောတတ်ကြတယ်။
ဒါပေမယ့် အချိန်တွေသာ တတိတိ ကုန်ဆုံးသွားတယ်။ အဲဒီလူငယ်တွေဟာ ဘာမှ ဖြစ်မလာကြဘူး။
လူ့ဘဝဆိုတာ စစ်တုရင် ကစားပွဲနဲ့ တူတယ်။ တို့နဲ့အတူ ပြိုင်ကစားမယ့် တဖက်လူက အခြားသူမဟုတ်ဘူး။ `အချိန်´ ပဲဖြစ်တယ်။ တို့က အချိန်ဆွဲနေရင် အချိန်က တို့ကို အနိုင်ယူသွားမယ်။ အချိန်ဟာ နှောင့်နှေးခြင်း၊ ကြန့်ကြာ ခြင်း၊ အချိန်ဖြုန်းခြင်းကို လုံးဝသည်းမခံသော တို့ရဲ့ ပြိုင်ဘက်ဖြစ်တယ်။
`လူ့ဘဝဆိုတာ တိုတိုကလေးပါ´ လို့ လူတိုင်းပြောတတ်ကြတယ်။ ဒါပေမယ့် တဖက်က အဲဒီလိုပြောပြီး တဖက်ကကျတော့ အချိန်ကို အလဟဿဖြုန်းတီးပစ်နေတယ်။ အသက်တစ်ထောင်နေရတော့မယ့်အတိုင်း ပေါ့ပေါ့နေ၊ ပေါ့ပေါ့စားနဲ့ အလကားအချိန်ဖြုန်းနေကြတယ်။
ဒါ့ကြောင့် ဘဝမှာ အောင်မြင်မှုရချင်ရင် အချည်းအနှီး အချိန်ဖြုန်းမနေပါနဲ့လို့ အစ်ကိုကြီးသတိပေးပါရစေ။ `အချိန်ဆွဲခြင်း´ ဆိုတဲ့ ဘဝဖျက် အနီးဆုံးရန်သူကို အမြန်ဆုံးမောင်းထုတ်ပစ်ပါ။ `အချိန်နဲ့ဒီရေဟာ လူကိုမစောင့်´ ဆိုတယ်မဟုတ်လား။
ဒါ့ကြောင့် အကြံကောင်းဥာဏ်ကောင်းကို အခုချက်ချင်း အကောင်အထည်ဖော်ပြ။ လုပ်စရာရှိတာကို ယခု ချက်ချင်းလုပ်ပါ။ မနက်ဖြန်ဆိုတာ သေချာတာမဟုတ်ဘူး။ ယနေ့ဟာ မနက်ဖြန်ထက် အဖိုးတန်တယ်ဆိုတာကို နှလုံးသွင်းပြီး အချိန်ကို တန်ဖိုးထားပါလို့ အစ်ကိုကြီးသတိပေးပါရစေ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts