>

ယုဒသန်ပြုံးပေလိမ့်
ကံထွန်းသစ်
သြဂုတ် ၁၈၊ ၂၀၁၁
ဆန်ဖရန်စစ္စကို ဟဖ်မွန်းဘေး ဓမ္မာနန္ဒဝိဟာရဆရာတော်က သူပြုစုထားသော ဘာသာရေး ပြဿနာ  အမေး အဖြေကျမ်းအတွက် အမှာ စာရေးပေးရန် စေခိုင်းလာသောအခါ၊ မကြာခဏ သတိရ တတ်သော ဆရာယုဒသန်ကို ပို၍သတိရမိသည်။
အမေရိကကိုအခြေချစက ‘သူစိမ်းတို့အလယ်တွင် ဘယ်ပုံရပ်တည်ရပါ့’ဟု တွေးမိတိုင်း “ယုဒသန်သာဆိုလျှင်… “ဆိုသည့်အားကျ စိတ်နှင့်ယှဉ်သော အတွေးက ပေါ်လာတတ်စမြဲ။
တကိုယ်တည်း ကျောင်းနှင့် မလှမ်းမကမ်းပန်းခြံလေးမှာ လမ်းလျှောက်နေစဉ် ၊ အဖြူ တစ်ယောက်က သို့မဟုတ် အမည်း တစ်ယောက်က “Have a good day”ဟု ဆိုလာလျှင် ဘာပြန်ပြောရပါ့ဟု စဉ်းစားရင်း  “ယုဒသန်ဟာ တို့မြန်မာ တိုင်းရင်း သားတွေကြားမှာ ဘဝကိုနှစ်ကာ  သာသနာပြုသွားသတဲ့”ဟု တွေးလိုက်မိမြဲ။
ရိုးရာအစားအစာတွေနှင့်ဝေးပြီး သူတို့ဒေသ စားသောက်ဖွယ်တို့ကို ခံတွင်းမတွေ့ဖြစ်မိသည့် အခါ… ငါးပိ သို့မဟုတ် ဒေသထွက် အသီးအရွက်တစ်မျိုးမျိုးကို ဆရာယုဒသန် စားသောက်နေပုံကို မြင်ယောင် မိမြဲ။
စနိုးတွေကျနေသည့် ဆောင်းရာသီမှာ အအေးဒဏ်ကို ခါးစီးခံရင်း တွန့်ဆုတ်စိတ်တို့ ဖြစ်ပေါ်လာသည့်အခါ “သူလည်း မုတ်သုံ ရာသီနှင့် တိုးခဲ့ပြီး သူတို့ ဖျားနာခဲ့သေးသတဲ့၊ ဒါပေမယ့်…..”။
တိတ်ဆိတ်ငြိမ်သက်မှုနှင့် အဖေါ်ဖွဲ့ရသည့် နေ့များ ညများမှာ သူလည်း” ဦးနှော”ကိုမတွေ့မှီ မှာ ငါ့လိုပါပဲလေ”ဟု စာနာလိုက်မိမြဲ။
သည်လိုနှင့်တစ်နှစ်ရာသီပြည့်ခဲ့ပြီ၊ ဘာတွေပြုခဲ့နိုင်ပြီလဲ၊ ဦးနှော ဘယ်နှစ်ယောက်နှင့် တွေ့ခဲ့ ပြီးပြီလဲ၊ ကိုယ့်ကိုယ်ကိုမေးရင်း ရှက်ပြုံးကိုသာ ကိုယ် တည်း ပြုံးနေမိတတ်မြဲ။
သူစိမ်းတို့အလည် ၊ ဘာသာစကားခြား၍ ဓလေ့ထုံးတမ်းမတူသည့်၊ ရေစိမ်း မြေစိမ်း လောကစိမ်းမှာ သူဟာ သူကိုးကွယ်ရာ ဘာသာကို တို့တိုင်းရင်း ဘာသာစကားနှင့် ပြုသွားနိုင်ပါကလားဟု အံ့သြအားကျစွာ တွေ့လိုက်ရသည်။
ရောက်စကမူ ဘာသာစကား အခက်အခဲကြောင့် သာသနာပြုရန် အခက်ကြုံသမျှကို တွေဝေ ညည်းတွားမနေ၊ အပတ်တကုတ် အားထုတ်သင်ယူ သွားလိုက်သည်မှာ  ပထမနှစ်မှာပင် မြန်မာ သင်ပုန်းကြီးကို ပြုစုနိုင်ခဲ့၍၊ သုံးနှစ်ခန့်မှာတော့ ယနေ့ အင်္ဂလိပ်မြန်မာ ဒစ်ရှင်နရီတို့တွင် ဝေါဟာရ အပြည့် အစုံဆုံးဟု ဆိုကြသည့် ယုဒသန်အဘိဓာန်ကို ပြုစုနိုင်ခဲ့လျှက်၊ လေးနှစ်မြောက် မှာတော့ အဓိက လုပ်ငန်းဖြစ်သည့် သမ္မာကျမ်းစာ ကို မြန်မာပြန်ဆိုနိုင်တော့သည်။
ပြန်ဆိုရာတွင်လည်း မည်ကာမတ္တမဟုတ်၊ ပေါရာဏ ဒေသိယ ခေတ်ဝေါဟာရ စုံစွာဖြင့်ပင် ချောမော ပြေပြစ်အောင် မြန်မာပြန်ဆိုနိုင်ခဲ့သည်။ သူ အဘယ်မျှ မြန်မာစာကို ဆည်းပူ့းအားထုတ် ခဲ့သလဲဆိုလျှင်မူ သူ့၏ သမ္မာကျမ်းတွင်တွေ့ရသော ရှေးမြန်မာ ရဟန်းတော် ပညာရှိကြီးများ သုံးနှုန်းသွားခဲ့ ကြသည့် ပိဋကတ်ကျမ်းထွက် အနက်စကားများက သက်သေညွန်းနေတော့သည်။
သို့နှယ် သူကိုအားကျရင်း၊ အားကျရင်း…. ကိုယ့်မှာတော့ “ဘက်ထရီတစ်ခုလို” အားကျချင် လာတော့သည်၊  သက်ပြင်းကိုသာ အကြိမ်ကြိမ်ချရင်း “တယ်တော်တဲ့သူ၊ တယ်လျှော်တဲ့ငါ”။
          ဇာတိလွမ်းစိတ် သို့တည်းမဟုတ် ညာတိလွမ်းစိတ်တို့ ဖြစ်ပေါ်လာသည့်အခါတွင်လည်း သူဟာ တို့မြေမှာပဲခေါင်းချ၊ အဲ.. တို့ရေမှာပဲ … သူအပြန် သင်္ဘောပေါ်တွင် အဖျားရောဂါနှင့် ကွယ်လွန်ရှာ၍ မြန်မာ့ရေပိုင်နက်မှာပင် သင်္ဂြိုဟ်လိုက်ရရှာသတဲ့။
သို့တိုင် မြန်မာပြည်၌ ခရစ်ယန်ဘာသာ သက်ဝင်သူစာရင်းကို “ဦးနှော”ဖြင့် စတင်ဖွင့်လှစ် ထားခဲ့နိုင်လေပြီ။   
ကိုယ့်မှာတော့ ဒီမှာရောက်နေကြသည့်  ဦးနှောရဲ့ ဆွေတွေမျိုးတွေကို ဒါမှမဟုတ် သူတို့ရဲ့ ရင်သွေးငယ်လေးတွေကို–
“ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊”
“ဓမ္မံ သရဏံ ဂစ္ဆာမိ၊”
“သံဃံ သရဏံ ဂစ္ဆာမိ၊ ဆိုတတ်တဲ့သူ ဝမ်းဒေါ်လာ” နှင့် သာသနာပြုနေရပုံကို ဆရာယုဒသန်သည် ကောင်းကင်ဘုံမှ ပြုံးနေမည်ထင့်။
မတတ်နိုင်၊ သည်မှာက အစာရေစာ ပေါများသည့်တိုင်းပြည်၊ ပန်းသီးပေးမည်ဆိုလို့လည်း စိတ်မဝင်စား၊ မုန့်ပုံးထဲက မုန့်ပေးပြန်လျှင်လည်း “နိုး”ဆိုကြလေတော့ ဝမ်းဒေါ်လာ ပေးရတော့သည်၊  အနာထပိဏ်သူဌေးကြီးရဲ့ သူ့သားငယ် “မောင်ကာလ”ကို စည်းရုံးခဲ့တဲ့ နည်းပေါ့။ ဒါတောင် ကျောင်းသားက(၇)ယောက်ထည်းပေမို့၊ နို့မဟုတ်လျှင် “လစဉ်ပေးမင့်ပင်” ခက်ရချည့်၊ ကိစ္စမရှိ သည်လိုက စရပေမည်။ သူတို့ ကလေးတွေ ကျောင်းလာ ချင်အောင်၊ ကျောင်းပျှော်အောင် အရင်ပြုရ ပေမည်၊ ပြီးမှ ဘာသာစကား၊ ဘာသာတရားလေးတွေ “အပ်ရာမသည်း၊ နားထွင်းနည်း”မှသည် “ကြောင်ပုဇွန်စား ကြွပ်ကြွပ် ဝါးစေရမည်”။
ဒါပေမယ့် မြန်မာပြည်မှာသာ ဒေါ်လာက ဈေးကျနေသည်။ ဇူလိုင်ဖေါ့တို့ ဝင့်သိင်္ဂီထွန်းတို့လို အကြီးလေးတွေက ဈေးမြှင်ခြင်ကြသည်။ နမောတဿ လို သင်္ခန်းစာသစ် တက်ဖို့အတွက် (2) ဒေါ်လာတဲ့၊ ဂျွန်သန်တို့ မွှေးမွှေးတို့လို အငယ်တွေကလည်း နှစ်ကြိမ်ဆိုခိုင်းလျှင် ဈေးဆစ်ကြ သည်။ ရှိပါစေ၊ ကိုယ့်အိတ်ကပ် ပိန်ချင်ပိန်ပါစေ၊ သူတို့စိတ်ဓာတ်ကလေးတွေ ဖေါင်းစေချင်သည်။
သရဏဂုံဆိုတာ ဘာသာရေးအုတ်မြစ်ဖြစ်သလို နိဗ္ဗာန်ဝင်ရာ မုဒ်ဦးကြီးမဟုတ်လား။
“မစ္စတာယုဒသန် ခင်ဗျားကမှ ဦးနှော တစ်ယောက်ထဲကစပြီး သာသနာပြုရတာ၊ ကျုပ်က ခုနှစ်ယောက်ကြီးများတောင်”လို့တော့ဖြင့် မပြောသာ၊ “ငါက မင်းဆွေမျိုးတွေကိုပြုခဲ့တာလေ၊ မင်းက ငါ့ဆွေမျိုးတွေကို ဘယ်နှစ်ယောက် သာသနာပြုပြီးပြီလဲ”ဟု ပြုံးထေ့ထေ့နှင့် ပြန်၍ မေးလာခဲ့မှဖြင့်……။
တစ်ခါတစ်လေတော့လည်း သူ အဲသလို သာသနာပြုနိုင်မှာပေါ့၊ သူ့မှာက ပါရမီဖက် ပါတယ်လေ၊ ချစ်ဇနီးနှင့် အတူပေါ့၊ ငါတို့လည်း သူ့လို…. အဲ …ကြံကြံဖန်ဖန် အတွေးကို သည်မှာရပ်၊ ကိုယ်တို့က ဗုဒ္ဓသားတော်တွေလေ။
သည်သို့ သည်နှယ် သတိရမိတတ်ပါသည်၊ ယခု အခါမူ အောင်မြင်မှု၊ကျယ်ပြန့်မှုကို မတိုင်းတာသာသော်လည်း ဆရာယုဒသန်ကဲ့သို့ ဇွဲနပဲ ထက်သန်ကြသည့် ဗုဒ္ဓသာသနာပြု ပုဂ္ဂိုလ်ကျော်တွေ ပေါ်စပြုပြီ၊ ဒါမှမဟုတ် ပေါ်ခဲ့ဖူးသည်၊ သမ္မတကြီး ထရူးမင်းလက်ထက်တွင် ဆရာတော် အရှင်အရိယဓမ္မ၊ ကမ္ဘာ့ဗုဒ္ဓသာသနာပြု ဆရာတော်အရှင်သေဋ္ဌိလ၊ ဟပ်မွန်းဘေး ဓမ္မာနန္ဒဆရာတော် ဘဒ္ဒန္တသီလာနန္ဒာဘိဝံသ  စသည်တို့ပင်။
နည်းတူပင် ဆရာတော် ဘဒ္ဒန္တဇောတာလင်္ကာရစသည့် သာသနာပြုပုဂ္ဂိုလ်တို့သည်လည်း ရှေ့သွားဆရာတော်တို့ နည်းတူ အချိန်ကို အလဟဿ မကုန်လွန်စေ၊ လူမျိုးမရွေး၊ ပုဂ္ဂိုလ်မခြား ၊ ဗုဒ္ဓသာသနာကို သက်ဝင် နားလည်နိုင်ကြစေရန် အင်္ဂလိပ်ဘာသာ၊ ဂျပန် ဘာသာ၊ မြန်မာဘာသာ စသည်တို့ဖြင့် ဘာသာရေး ဆိုင်ရာကျမ်းများကို အပတ်တကုတ် ရေးသားနေကြသည်ကို တွေ့ရပါသည်။
ဤသို့ အမှာစာ ရေးသားရန် ဆရာတော်ပေးပို့လိုက်သော “အီးမေးလ်”ကိုဖွင့်ရင်း ဆရာယူဒသန်ကို သတိရကာ သူ့နှယ် မြန်မာသာသနာပြုတွေ လာရာလမ်းကို တမျှော် တခေါ်ကြီး ငေးမျှော်နေမိပါသည်။ သည်အတွက် ဆရာယုဒသန်ပြုံးလိုက ပြုံးနိုင်ပါသည်။
မဝေးလှသောတစ်နေ့တွင် “အမေရိကန် ဦနှောတွေကို မြတ်ဗုဒ္ဓ၏ အမြိုက်ဓမ္မတို့ ငှဝေပေးကြမည့် မြန်မာယုဒသန်တွေ” မပေါ်ပေါက်နိုင်ဟု ဘယ်သူ သည် ပြောနိုင်ပါမည်နည်းဟု ကိုယ်တိုင်လည်း ကြည်ကြည်နူးနူးတွေးရင်း ပြုံးနေပါဦးမည်။
ကံထွန်းသစ် (နံနက် ၃နာရီ သြဂုတ်လ ၁၀-ရက်။ ၂၀၁၁-ခု)
(Kan’s Photo from http://www.ashinsirinda.com/2009-07-18-17-32-10/dhamma-sarpay/936-qq.html )