>Arkar Htat – Save The Irrawaddy

>

မြစ်မင်းဧရာ ကယ်တင်ကြမည်
အာကာထက်
သြဂုတ် ၁၇၊ ၂၀၁၁

မြစ်မင်းဧရာ ထိုဧရာ၏
လှပစွမ်းပကား ပြည်ထွန်းကားသည်
ကမ္ဘာ့အနှံ့ သင်းခဲ့၏။

တသွင်သွင်စီးဆင်း သူ့ရုပ်အတွင်းသည်
အေးချမ်းခြင်းသဘောကိုဆောင်ခဲ့၏။

ပြည်သူပြည်သား ရောင်းရင်းများ၏
ဝမ်းရေးဖွေရှာ
မှီရာအရပ်
သတ်မှတ်ချက်လည်း ဖြစ်ခဲ့၏။

ထက်အောက်ဝန်းကျင်
ပြည်တခွင်တွင်
စုန်ချီ ဆန်ချီ
လူးလာကူးယှက်
သင်္ဘောငှက်တို့
လိုရာခရီးကို မညဉ်းမညူ
ပို့ဆောင်သူအဖြစ်
သမိုင်းအဆက်ဆက်
ကမ္ပည်းတင်ခဲ့၏။

ကိုငှက်ကြီးစကား
ပြန်တမ်းရလျှင်
ရာဇဝင်တွင် သတို့သမီးဖြစ်ခဲ့၏။

တိုင်းတပါးကျွန် နစ်နွံစဉ်က
သင်၏မျက်ရည် စီးဆင်းဝေခဲ့
တိုင်းတပါးကျွန် တွန်းလှန်ဖြိုဖျက်
တိုက်ပွဲဆက်တွင် သင်၏အပြုံး
မိုးလုံးပြည့်ခဲ့
ပြည်တွင်းစစ်မီး အလျှံကြီးစဉ်
သင့်၏မျက်ရည် ဝေဆည်ဖြိုးမောက်
တောက်လျှောက်ကျရာ
ပင်ပန်းလာခဲ့ နှလုံးသားထက်တွင်
ဒဏ်ရာဒဏ်ချက် ပြည့်နှက်နေသည့်
မိဘပမာသင်ချစ်လာခဲ့။

မျက်မှောက်ကာလ ဒီကာလတွင်
သင့်ကျေးဇူးကို မသိလိုသူ
လူအ ငမိုက် လူမိုက်သားတို့
ရမ်းကားဖို့ပြင် သင့်ကိုနှင်ဖို့
ကြိုးစားအားထုတ် ရန်လုပ်နေသည်
ဧရာဝတီ။

သင်တွင်မက သင့်နှလုံးသား
သားနှင့်သမီး မေခမလိ တို့လုပ်ကြံသင်းကွပ်
ရှင်းဖို့ကြံနေ လူမိုက်တွေလည်းရှိနေခဲ့ပေါ့။

ဘယ်လိုဘယ်ပုံ ကြုံစမ်းပါစေ
ဘယ်သို့ဘယ်လမ်း ကြမ်းတမ်းပါစေ
မြစ်မင်းဧရာ အားမငယ်စေရ
မြန်ပြည်သားတို့ ခေါင်းငုံ့မခံ
အလံမလှဲ သင့်ကိုဆွဲမယ်
ငါတို့မသေ သင်မသေရ
ငါတို့သေလည်း သင်မသေရ
ပေါင်းစုအားနဲ့ တွန်းလှန်ဆက်ဖို့
အဓိဌာန်ထားပြီ ဧရာဝတီ။

လုပ်ရဲလုပ်ကြည့်
မီးပွင့်ထိမယ်
လုပ်ရဲလုပ်ကြည့် သမိုင်းထိမယ်
ငါတို့သွေးတွေ ဆူလောင်ပူပွက်
စွေးစွေးနီလျှက် သင့်ထံပေးဆပ်
ချဉ်းကပ်နေပြီ သင်သိပေတော့
ဧရာဝတီ။

အာကာထက်
၈၊ ၁၄၊ ၂၀၁၁


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts