>Kyaw Thu – Master of the Red Peacock

>

ကြွေလွင့်သွားသော ခွပ်ဒေါင်းတို့ရဲ့အရှင်သခင်
ကျော်သူ
သြဂုတ် ၉၊ ၂၀၁၁
၅. ၈. ၂၀၁၁ ရက်နေ့ မွန်းလွဲ (၁၂း၃၀) နာရီတွင် ရွှေဗဟိုဆေးရုံ၌ မြန်မာ့ပန်းချီလောက၊ စာနယ်ဇင်းပန်းချီလောက၏ ထွန်းလင်းတောက်ပနေသော နေတဆင်းဖြစ်သူ ပန်းချီ မောင်မောင်သိုက် အသက် (၆၆) နှစ်သည် ကြွေလွင့်သွားရှာပြီဖြစ်သည်။

 
 
ဆရာ မောင်မောင်သိုက်၏ ဈာပနအခမ်းအနားအား ၇.၈.၂၀၁၁ ရက်နေ့ ညနေ (၄း၀၀) နာရီ အချိန်တွင် ရေဝေးသုဿန်တွင် မီးသင်္ဂြိုဟ်ခြင်း အခမ်းအနားကို ကျင်းပခဲ့ရာ နာရေးကူညီမှုအသင်း (ရန်ကုန်)မှ ဦးစီးဦးဆောင်ကာ စာပေပညာရှင်များ၊ ပန်းချီပညာရှင်များနှင့် ဆရာမောင်မောင်သိုက်အား လေးစားချစ်ခင်ကြည်ညိုကြသည့် ဧည့်ပရိသတ်ပေါင်းများစွာဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
 
 ပန်းချီမောင်မောင်သိုက်၏ အနုပညာစွမ်းအားများသည် ဘာသာသာသနာအတွက်၎င်း၊ မျိုးချစ် စိတ်ဓာတ် ရှင်သန်ထက်မြတ်ရေးအတွက်၎င်း၊ အနုအလှခံစားသူတို့အတွက်၎င်း စိုးမိုးလွှမ်းခြုံခြင်းကို ခံရမည်ဖြစ်သည်။ ထို့အပြင် တခုတည်းသော အမျိုးသားပါတီနိုင်ငံရေး အဖွဲ့အစည်း၏ အလံတော် ခွပ်ဒေါင်းနှင့် ကြယ်တို့၏ အရှင်သခင်ဖြစ်ခဲ့သည်ကို အများသူငှာ သိနိုင်တော့မည် မဟုတ်ချေ။

ဆရာသိုက် ရောက်ရှိရာ မြင့်မြတ်သော ဘုံဋ္ဌာနမှ မြန်မာတမျိုးသားလုံးအတွက် ငြိမ်းချမ်းလှပ သာယာစိုပြေသော ပန်းချီကားချပ် ရေးဆွဲနိုင်ပါစေဟု ဆန္ဒပြုရင်းနှင့် . . . 
ဆရာပါတုန်းက တကြိမ် “မောင်ကျော်သူ မင်းအကြောင်း ရေးဦးမယ်” တဲ့
အခု ဆရာသိုက်က တကြိမ် “ကိုကျော်သူ ခင်ဗျားပုံတူ ဆွဲဦးမယ်” တဲ့
ခုတော့ ကိုယ့်ပုံကိုယ်ဆွဲ ကိုယ့်သမိုင်းကိုယ်ရေးယုံပေါ့ ဆရာတို့ရယ် . . . .။