>
ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ၂၃နှစ်ပြည့် ရန်ကုန်တွင် ကျင်းပ
နာကျည်းကြေကွဲတဲ့ ပွဲမဟုတ်၊ စနစ်ပြောင်းရန် အစပြုတဲ့ အထိမ်းအမှတ်ဟု ဒေါ်စုက ပြော
တာရာဝေယံ၊ မိုးမခအထောက်တော် (ရန်ကုန်)
သြဂုတ် ၉၊ ၂၀၁၁
မြန်မာပြည်တ၀ှမ်းလုံးက အုံကြွတောင်းဆိုပြီး တပါတီအာဏာရှင်တွေကို ဖြုတ်ချနိုင်ခဲ့တဲ့ ၈လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီး ၂၃ နှစ်ပြည့် အခမ်းအနားကို ယမန်နေ့ မနက်ပိုင်းက ရန်ကုန်မြို့၊ ကြည့်မြင်တိုင်၊ သာဓုကျောင်းတိုက်မှာ မြန်မာ့အရေးလှုပ်ရှားသူ အလွှာမျိုးစုံ စုစည်းပြီး ကျင်းပပြုလုပ်ခဲ့ကြပါတယ်။
အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင် အစရှိတဲ့ အင်န်အယ်ဒီပါတီခေါင်းဆောင်တွေ၊ ၈၈ မျိုးဆက်ကျောင်းသားတွေ၊ နိုင်ငံရေးပါတီအသီးသီးက ပုဂ္ဂိုလ်တွေ၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ ခေတ်အဆက်ဆက်က နိုင်ငံရေးသမားကြီးများ တက်ရောက်ခဲ့ကြပါတယ်။
“ကျမတို့က ဒီပွဲကို နာကျည်းကြေကွဲမှုတွေနဲ့ မကျင်းပဘဲ စနစ်တခုကို ကူးပြောင်းဖို့ အစပြုတဲ့နေ့ရက် ၁ခုအဖြစ် ကျင်းပတာဖြစ်ပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။
“ကျနော်တို့ဟာ ဒီနေ့မှာ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးတွေ ဆောင်ရွက်အကောင်အထည်ဖော်ဖို့ ရည်ရွယ်ချက် ၂ ရပ်နဲ့ ကျင်းပတာဖြစ်တယ်။” လို့ ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုတိုးကျော်လှိုင်က ပြောကြားခဲ့ပါတယ်။
” သူရော ကိုယ်ရော အကျိုးမရှိတဲ့ နည်းလမ်းတွေကို ရှောင်ကျဉ်ပြီး သူရော ကိုယ်ပါ အကျိုးရှိတဲ့ နိုင်ငံရေးနည်းလမ်းတွေကို ရွေးချယ်မှသာ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ရည်ရွယ်ချက်တွေကို ပြည့်ဝအောင် အကောင်အထည်ဖော်လို့ရမှာဖြစ်တယ်” လို့ သာဓုကျောင်း ကျောင်ထိုင်ဆရာတော် ငြိမ်းချမ်းအေးဓမ္မကထိက ဓမ္မဝေပုလ္လ အရှင်ဥဂ္ဂသံက မိန့်ကြားသွားပါတယ်။
အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျောင်းသားခေါင်းဆောင်များက ဆရာတော်၊ သံဃာတော်များကို ၀ါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းကြကာ ရေစက်ချ တရားနာယူ ခဲ့ကြကြောင်း သတင်းရရှိပါတယ်။

















