>SF Bay Burmese Activist to distribute booklet at the 88 – 23 Year event


>

ဆန်ဖရန်ဘေးရိယာ မြန်မာတို့၏ ၈လေးလုံး ၂၃ နှစ်ပြည့် အခမ်းအနား လက်ကမ်းစာစောင်ဖြန့်မည်
မိုးမခ၊ သြဂုတ် ၆၊ ၂၀၁၁
ဆန်ဖရန်စစ္စကိုဘေးဧရိယာ မြန်မာဒီမိုကရေစီအင်အားစုများ စုစည်း ကျင်းပပြီး သြဂုတ်လ ၆ ရက်၊ စနေနေ့ မနက်ခင်း ၁၀ နာရီမှ ညနေ ၄ နာရီအထိ ကျင်းပမည့် ၈လေးလုံး မြန်မာ့ဒီမိုကရေစီအရေးတော်ပုံ ၂၃နှစ်ပြည့် အခမ်းအနားတွင် တင်ဆက်ပြသမည့် အခမ်းအနားများ၊ ပြခန်းများ၊ အစီအစဉ်များ၊ ၀ိုင်းဝန်းမတည်ကြသူများအကြောင်းနှင့် အချက်အလက်များကို စုစည်းပုံနှိပ်ထားသော လက်ကမ်းစာစောင်ကို အခမ်းအနားတွင် ဖြန့်ချိမည် ဖြစ်သည်။
သက်ဆိုင်ရာ ပါဝင်ကြသော အဖွဲ့အစည်းများကလည်း ၎င်းတို့လှုပ်ရှားမှုများ၊ ပေးလိုသော သတင်းအချက်များကို ပြသဖြန့်ချိကြမည် ဖြစ်သည်။ ဥပမာတခုအနေဖြင့် ကချင်ရိုးရာအမွေအနှစ်အသင်းက လက်ရှိကချင်ပြည်နယ်ဒေသနှင့် တိုင်းရင်းသားရင်ဆိုင်နေသည့် ဒုက္ခများကို တင်ပြထားသော “အောင်ဒင်၏ ဧရာဝတီကို ကယ်တင်ကြစို့” စာတမ်းကို ဧည့်ပရိသတ်များထံ ဝေမျှပေးမည်ဟု သိရသည်။
အခမ်းအနားသို့ ပေးပို့သော သ၀ဏ်လွှာများအနက် မြန်မာပြည်တွင်းရှိ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုထွန်းမြင့်အောင်ကိုယ်တိုင်ရေးသားသော ၈၈မျိုးဆက်ကျောင်းသားများ၏ ဆန်ဖရန်အခမ်းအနားသို့ ပေးအပ်သော သ၀ဏ်လွှာကို အခမ်းအနားတွင် ကော်မီတီက ဖတ်ကြားမည်ဖြစ်သည်။
၈၈ အရေးတော်ပုံ စိတ်ဓာတ်များ ရှင်သန်ရေး၊ ထိန်းသိမ်းရေးနှင့် လက်ဆင့်ကမ်း သယ်ဆောင်ရေးအတွက် နှစ်စဉ်နှစ်တိုင်း မြန်မာပြည်၏ ဒီမိုကရေစီအရေးတော်ပုံ တပ်သားများနှင့် မျိုးဆက်များ၏ အခမ်းအနားများ၊ အထိမ်းအမှတ်များကို မြန်မာပြည်တွင်းသာမက ပြည်ပတွင်ပါ အစဉ်အမြဲ စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိသည်ကို တွေ့ရသည်။
ဆန်ဖရန်အင်အားစုများ၏ လက်ကမ်းစာစောင်ကို သည်နေရာမှာ ရယူနိုင်ပါသည်။
ဝက်ဆိုက်တွင်လည်း မှတ်တမ်းများ စုစည်းထားသည်ကို တွေ့နိုင်သည်။ http://sfbc88.blogspot.com 

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts