>
သြဂုတ်လ ၅၊ ၂၀၁၁

နှစ်ပေါင်းနှစ်ဆယ်ဟာ
သွေးဝနေတဲ့ မျှော့
သားကောင်မြိုထားတဲ့ မြွေ
သို့မဟုတ်
အ၀လွန်ရောဂါသည် …. ။
နှစ်ပေါင်းနှစ်ဆယ်ဟာ
‘ချက်’ ကနဲဆို နားကွက်က မီးထ- တောက်ဖူးတယ်
နေ့စေ့ လစေ့ ကိုယ်ဝန်ဆောင်ထားဖူးတယ်။
နှစ်ပေါင်းနှစ်ဆယ်ဟာ
အမြင့်မြတ်ဆုံး မိန်းမတယောက်နဲ့
အရက်စက်ဆုံး အာဏာရှင်တယောက်ကို မီးရူးသန့်စင်လိုက်တယ်၊
နှစ်ပေါင်းနှစ်ဆယ်ဟာ
ရန်နဲ့ ငါကြားက တံတိုင်းဖြစ်သလို
အိမ်ကြက်အချင်းချင်းသုတ်တဲ့ အိုးမည်းလည်းဖြစ်တယ်။
နှစ်ပေါင်းနှစ်ဆယ်မှာ
ဒုက္ခသည်ရွာတွေနဲ့ နန်းတော်သစ်တခု ပေါ်ခဲ့တယ်။
နှစ်ပေါင်းနှစ်ဆယ်ဟာ
ရရင် ရ … မရရင်ချ
တွေ့ဆုံဆွေးနွေးရေး နဲ့ အလုံးစုံပျက်သုဉ်းရေး။
နှစ်ပေါင်းနှစ်ဆယ်ဟာ
သင်ပုန်းချေရေး … အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့
အပစ်အခတ်ရပ်စဲရေး
နှစ်ပေါင်းနှစ်ဆယ်ဟာ
ရေး … …. …..
ရေး … …. …..
ရေး … …. …..
နှစ်ပေါင်း နှစ်ဆယ်ဟာ
စစ်တန်းလျားကို မပြန်ဘူး
နှစ်ပေါင်း နှစ်ဆယ်ဟာ
လူကြီးလူကောင်းကတိ”မတည်ဘူး။
နှစ်ပေါင်းနှစ်ဆယ်ဟာ
ဖထီး-ဖိုးထို မဆန်ဘူး။
ညီမလေးလို သဘောမထားဘူး ..။
နှစ်ပေါင်းနှစ်ဆယ်ဟာ
တနိုင်ငံရဲ့ပြည်တွင်းရေး၊ လူ့အခွင့်အရေးကိုယ်စားလှယ်နဲ့
ကုလသမဂ္ဂလုံခြုံရေးကောင်စီ။
နှစ်ပေါင်းနှစ်ဆယ်ဟာ
မာနယ်ပလော၊ လွတ်မြောက်နယ်မြေနဲ့
ဝါရှင်တန် ဒီစီ။
နှစ်ပေါင်းနှစ်ဆယ်ဟာ
ရွေးကောက်ပွဲနှစ်ပတ်လည်
လုံခြုံရေးတင်းကျပ် နဲ့ တပ်ချုပ်ကြီး ကျန်းမာရေးဆိုး
နှစ်ပေါင်းနှစ်ဆယ်ဟာ
လူထုတိုက်ပွဲ
ရွှေဝါရောင်တော်လှန်ရေးနဲ့
အလွန်အမင်း စိုးရိမ်မိကြောင်း …။
နှစ်ပေါင်းနှစ်ဆယ်ဟာ
နေအိမ်အကျယ်ချုပ်သက်တမ်းတိုး
ကျန်းမာရေးအခြေအနေဆိုးနဲ့
အစားထိုးမရတဲ့ ဆုံးရှုံးမှုနဲ့
နှစ်ပေါင်းနှစ်ဆယ်ဟာ
အမျိုးသားညီလာခံ
လမ်းပြမြေပုံနဲ့
နှစ်ထောင့်တစ်ဆယ်ရွေးကောက်ပွဲ
နှစ်ပေါင်းနှစ်ဆယ်ဟာ
ကြံ့ဖွတ်၊ စွမ်းအားရှင်နဲ့
ဒိုင်နာကား ..။
နှစ်ပေါင်းနှစ်ဆယ်ဟာ
အေအိုင်ဒီအက်စ်
အငတ်ဘေးနဲ့
သဘာဝကပ်ဘေး …။
နှစ်ပေါင်းနှစ်ဆယ်ဟာ
ပြည်တွင်းဒုက္ခသည်၊ ရွှေ့ပြောင်းအလုပ်သမားနဲ့
ပြည့်တန်ဆာအရေအတွက်၊
နှစ်ပေါင်း နှစ်ဆယ်ဟာ
ညီညွတ်ရေး …
ညီညွတ်ရေးနဲ့ …
ညီညွတ်ရေး …
နှစ်ပေါင်းနှစ်ဆယ်ဟာ …
နှစ်ပေါင်းနှစ်ဆယ်ဟာ …
နှစ်ပေါင်းနှစ်ဆယ်ဟာ …
အဲ့ဒီနှစ်ပေါင်းနှစ်ဆယ်ဟာ
သားတစ်ရာမွေးထားတဲ့ မီးနေသည်လို
မီးတွင်းထဲမှာ သတိမေ့မြောလို့ …။