>Letters from Michigan 78

>

မစ်ရှီဂန်ကပေးတဲ့စာ (၇၈)
အောင်ဝေး

သြဂုတ် ၁၊ ၂၀၁၁မိတ်ဆွေကြီးကိုဒေါင်း…

ကျန်းခံ့သာလို့မာပါစ။ အရင်တပတ်က ရွှေပြည်ကြီးဆီကကိုယ့်စာပေလောက အကြောင်း လွမ်းမိတာလေးတချို့ ကျနော် ပြောခဲ့တယ်။ လွမ်းမိတယ် ဆိုတာထက် စိတ်ထဲဘ၀င်မကျမိတာလေးတချို့ ရွေးပြီး ပြောခဲ့တယ် ဆိုရင် ပိုမှန်ပါလိမ့်မယ်။

ကိုဒေါင်းရေ… ကျနော်တို့ အဝေးရောက်နေပေမဲ့ ကိုယ့်စာပေလောကနဲ့တော့ မဝေးအောင် နေကြပါတယ်။ မကင်းကွာအောင်ပေါ့ ။ တတ်နိုင်သလောက်ပေါ့ ။ အဝေးကနေ ကိုယ့်စာပေလောကဆီကို ငေးရော် မှန်းဆရတာဟာလည်း ကျနော်တို့အဝေးရောက်စာပေအနုပညာ သမားတွေရဲ့ ဘ၀အဓိပ္ပာယ်တခုပါပဲ။

အခု ကျနော်တို့တိုင်းပြည်မှာအုပ်ချုပ် မင်းလုပ်တဲ့အစိုးရ ဆိုတာများက စစ်အစိုးရကနေ အရပ်သားအစိုးရ ဆိုပြီး အရေခွံ လဲတယ်။ ယူနီဖောင်း ပြောင်းတယ်။ အပေါ်ယံပဲ။ အစိုးရအရေခွံ ပြောင်းတော့ အစိုးရ ချုပ်ကိုင်ထားတဲ့ စာပေအနုပညာနဲ့ ဆိုင်တဲ့ ဥပဒေတွေ၊ အမိန့် တွေ၊ စည်းကမ်းတွေလည်း အရေခွံ လိုက်ပြောင်းတာပေါ့ ။

တည့်တည့်ပြောရရင်အရေခွံသစ် အရပ်သားအစိုးရက စာပေ လွတ်လပ်ခွင့်၊ သတင်းစာ လွတ်လပ်ခွင့်၊ အနုပညာလွတ်လပ်ခွင့်ကို အပေါ်ယံကြောကလေး အရေခွံ ပြောင်းရုံပြောင်းပေးလိုက်တယ်။

နဂိုကမှ ဘယ်တုန်းကမှ မရှိခဲ့တဲ့ စာပေ အနုပညာ လွတ်လပ်ခွင့်ဟာ၊ အခုလည်း ရှိလာတာမဟုတ်ပါဘူး။ ဒုံရင်းက ဒုံရင်းပါပဲ။ သက်ဆိုင်ရာစာပေစိစစ်ရေးက နိုင်ငံရေးနဲ့ မဆိုင်တဲ့ မဂ္ဂဇင်းတချို့၊ ဂျာနယ် တချို့ကို ကင်းလွတ်ခွင့် ပြုလိုက်တယ် ဆိုတဲ့ သတင်းက လူကြားကောင်းရုံ အရေခွံသတင်းတွေပါပဲ။ ဒါတွေဟာ အတွင်းသား အနှစ်သာရ ပြောင်းလဲတဲ့သတင်းတွေ မဟုတ်ပါဘူး။

အတွင်းအနှစ်သာရအနေနဲ့ ကျနော်တို့စာပေ အနုပညာသမားတွေဟာ ခေတ်အဆက်ဆက် စာပေအနုပညာ လွတ်လပ်ခွင့် ဆုံးရှုံးခံနေရတယ်။ စာပေ အနုပညာ လွတ်လပ်ခွင့် ပိတ်ပင် တားဆီးခံနေရတယ်။ စာပေအနုပညာလွတ်လပ်ခွင့် အကျဉ်းကျခံနေရတယ်။ ဒီလို ပြည်သူ့ ဘက်က စာပေတွေ၊ လူထုဘက်က အနုပညာတွေ ချုပ်ချယ် တားဆီးခံနေရတဲ့အချိန်မှာ အုပ်ချုပ်သူ အစိုးရ အလိုကျ ဖော်လံဖားစာပေတွေ၊ ပေါ်လစီအနုပညာတွေကတော့ ဖောချင်းသောချင်း လွတ်လပ်ချင်တိုင်း လွတ်လပ်နေတာကိုလည်း တွေ့ နေရပါတယ်။

ကျနော်တို့လူထုဘက်က၊ ပြည်သူ့ ဘက်က စာပေအနုပညာသမားတွေ ကိုယ့်အယူအဆ၊ ကိုယ့်အတွေးအခေါ်၊ ကိုယ့်ခံစားချက်ကို ဘယ်လောက်အတိုင်းအတာအထိ ဖော်ထုတ် တင်ပြခွင့်ရကြလို့လဲ။ အစိုးရရဲ့ ဖိနှိပ်ချုပ်ချယ်ရေး ယန္တရားတွေ ဖြစ်ကြတဲ့ စာပေစိစစ်ရေးတို့၊ ရုပ်ရှင်ဆင်ဆာအဖွဲ့ တို့ဆိုတဲ့အတားအဆီးတွေ၊ အဟန့် အတားတွေကို စာပေ အနုပညာသမားတွေက ကျော်ဖြတ်နေရတယ်။

အခုနောက်ဆုံးကြားရသလောက် အဆိုးဆုံးအခြေအနေ ရောက်သွားတာက ကဗျာဆရာ၊ စာရေးဆရာ၊ အဆိုတော်၊ ရုပ်ရှင်မင်းသားမင်းသမီးတွေ မဟုတ်ဘဲ အငြိမ့်လူရွှင်တော်၊ လူပြက်တွေဖြစ်နေတယ် ကိုဒေါင်းရေ။ ဒီ အငြိမ့်လူရွှင်တော်တွေ၊ လူပြက်တွေ ဇာတ်ခုံပေါ်မှာ တကယ် မကခင်၊ အရင် ကြိုတင်ပြီး ဆင်ဆာအဖွဲ့ ရှေ့ မှောက်မှာ ဦးစွာပထမ ကပြကြရမယ်၊ ပြက်လုံး ထုတ်ရမယ် ဆိုတဲ့ အမိန့် ထွက်လာတာပဲ ကိုဒေါင်း…။

ဇာတ်ခုံပေါ်ကအနုပညာဆိုတာ လမိုင်းနဲ့ အလုပ်လုပ်ရတယ် ဆိုတာလောက်တော့ ဒီအစိုးရ ဆင်ဆာလူကြီးမင်းများ သိဖို့ကောင်းပါတယ်ဗျာ။ ဇာတ်ခုံပေါ်က အနုပညာရှင်တွေရဲ့ ဈာန်ဝင်စားမှု ဆိုတာကို ဒီပုဂိုလ်ကြီးများ မသိကြဘူးလား။ ဒီအတိုင်း ဆိုရင်တော့ ကျနော်တို့ရဲဘော်ကြီး ကိုဇာဂနာလုပ်သလို၊ လူရွှင်တော်တွေ၊ လူပြက်တွေ ကိုယ့်ပါးစပ်ကိုယ် ပလာစတာနဲ့ ကြက်ခြေခတ်ပိတ်ပြီး ရဲရဲသာ စင်ပေါ် တက်ကြရုံရှိတာပဲ ကိုဒေါင်းရေ…။

အနိမ့်ဆုံးကတော့ လူရွှင်တော်ဆိုတာ၊ လူပြက်ဆိုတာ မီးမလာတဲ့အကြောင်း ပြက်ကြမှာပဲ။ ဘတ်စကား ကျပ်တဲ့ အကြောင်း ပြက်ကြမှာပဲ။ လမ်းတခြမ်းပဲ ခင်းတဲ့ အကြောင်းပြက်ကြမှာပဲ။ လူတွေ စားဝတ်နေရေး ကျပ်တည်းတဲ့အကြောင်း ပြက်ကြမှာပဲ။ ဒါပေမဲ့ ဒါတွေကိုပြက်ရင် ပြက်တဲ့လူ ဘ၀ပျက်သွားနိုင်တယ်။ ဒါမျိုးကိုအစိုးရမင်းများကမကြိုက်ဘူး။

ဘာကြောင့်လဲ။ အစိုးရသတင်းစာတွေထဲမှာ တနိုင်ငံလုံး မီးတွေထိန်ထိန်လင်းနေတယ်။ ဘတ်စကားတွေ ချောင်ချောင်ချိချိ ပြေးဆွဲနေတယ်။ လမ်းတွေကလည်း ချောမွေ့ နေတယ်။ မကောင်းတဲ့လမ်း တလမ်းမှမရှိဘူး။ လူတွေလည်း စီးပွားရေး ချောင်လည်ပြီးပျော်ရွှင် မြူးထူးနေကြသတဲ့။ အစိုးရ သတင်းစာတွေထဲမှာတော့ အဲဒီအတိုင်း တိုင်းပြည်က တိုးတက်နေလေရဲ့ ။

အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့ ကလည်း တိုင်းပြည် တိုးတက်နေတယ်။ ငြိမ်းချမ်းတည်ငြိမ်နေတယ်လို့ အမြဲ ပြောနေတယ်။ အစိုးရ ၀န်ကြီးဌာနတွေကလည်း ဒီအတိုင်းပဲ။ အစိုးရ ဖော်လံဖား မီဒီယာသမားတွေကလည်း အစိုးရသံယောင် လိုက်ပြီး တိုင်းပြည်တိုးတက်နေပါတယ်၊ တည်ငြိမ် အေးချမ်းနေပါတယ်လို့လိမ်ညာ ပြောနေကြတယ်။

ကိုဒေါင်းရေ …… တိုင်းပြည် ဆင်းရဲနိမ့်ကျနေပါတယ်လို့ မယုတ်မလွန်ကလေး ထည့်ပြောမိတဲ့ လွှတ်တော်ဥက္ကဌရဲ့ မိန့် ခွန်းတောင်မှ အစိုးရသတင်းစာတွေထဲမှာ ဆင်ဆာ ဖြတ်တောက်ခံရတဲ့ တိုင်းပြည်ဟာ ကျနော်တို့တိုင်းပြည်ပါပဲ။

ဒီလိုအခြေအနေ၊ ဒီလိုအနေအထား၊ အဲဒီကြားထဲကပဲပြည်သူ့ အတွက်၊ လူထုအတွက်စာကောင်းပေကောင်း၊ အနုပညာလက်ရာကောင်းတွေ ဟိုကဒီက မကြာမကြာ ထိုးဖောက်ပြီးထွက်ပေါ်လာနေတာကိုတော့ စိတ်ထဲမှာ အရမ်းကို အားရ ကျေနပ်နေမိပါတယ်။

ပြည်သူ့ ဘက်က၊ လူထုဘက်က အမြဲရပ်တည်တဲ့ စာပေသမားတွေ၊ အနုပညာသမားတွေ အမှန်တရားအတွက်၊ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးအတွက်၊ အခက်အခဲ၊ အဟန့် အတား၊ အချုပ်အချယ်၊ အနှောင့်အယှက်တွေကြားကနေပဲ ရုန်းကန်လှုပ်ရှား တိုက်ပွဲဝင်နေတာကိုတော့ ကျနော်တို့အဝေးကနေ အစဉ်အမြဲ ဂုဏ်ပြုလျက်ပါပဲဗျာ။

ဆရာနတ်နွယ်ပြောခဲ့ဖူးတဲ့စကားတခွန်းရှိတယ်။ “စာပေအနုပညာ လွတ်လပ်ခွင့်ကို တောင်းဆိုမနေနဲ့။ ကိုယ့်ဘာသာကိုယ် ပြဌာန်းယူရမယ်“ တဲ့။ ကဗျာဆရာလည်း ကဗျာဆရာအလျောက်၊ အဆိုတော်လည်း အဆိုတော် အလျောက်၊ ရုပ်ရှင်သရုပ်ဆောင်လည်း ရုပ်ရှင်သရုပ်ဆောင် အလျောက်၊ ကျနော်တို့ တယောက်ချင်းဟာ ကိုယ့်စာပေအနုပညာ လွတ်လပ်ခွင့်ကို ကိုယ်တိုင် ပြဌာန်းယူကြရမယ် ဆိုတဲ့ အသိ အစဉ်ရှိနေဖို့ပဲ မဟုတ်လား ကိုဒေါင်း….။
အားလုံးကိုလေးစားတန်ဖိုးထားလျက်…

အောင်ဝေး
ဇူလိုင် ၁၁-၂၀၁၁။

မူရင်း – လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese