>Imprisoned Monk, U Sanda Wara hospitalized in Prison

>

အကျဉ်းကျဆရာတော် ဦစန္ဒာဝရ ကျန်းမာရေးအခြေအနေဆိုး
မိုးမခ၊ ဇူလိုင် ၂၈၊ ၂၀၁၁
၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်အရေးတော်ပုံကာလက မေတ္တာပို့လမ်းလျောက်ချီတက်ပွဲမှာ အဖမ်းခံရပြီး မိတ္ထီလာထောင်မှာ ထောင်ဒဏ် ရှစ်နှစ်ခွဲကျခံနေရတဲ့ ဆရာတော်ဦးစန္ဒာဝရ  (ခ) ဦးဥာဏ်ဝင်းဟာ စစ်ကြောရေးမှာ နှိပ်စက်ခံရတဲ့ဒဏ်ရာတွေကြောင့် ကျန်းမာရေးအခြေအနေဆိုးရွားလာပြီး ဇူလိုင်၂၆ရက်နေ့မှာ ဆေးကုသခံနေရကြောင်း အမေရိကန်ပြည်၊ နယူးယောက်နယ်ရောက် အရှင်ပညာနန္ဒ ဆရာတော်က ပြောကြားလိုက်ပါတယ်။
ဦးပညာနန္ဒက ပြောကြားရာမှာ – ဆရာတော်ဦးစန္ဒာဝရဟာ မြောက်ဥက္ကလာပမြို့နယ် အမှတ် (၂) ရပ်ကွက်၊ ဇေယျာသီရိကျောင်းမှာ သီတင်းသုံးနေထိုင်စဉ် အဖမ်းခံရတာဖြစ်ပါတယ်။ ထောင်တွင်းမှာ အစားအသောက်နဲ့ ကျန်းမာရေးစောင့်ရှောက်မှုမရှိတာကြောင့် ကျန်းမာရေးအခြေအနေဆိုးဝါးလာပြီး မိတ္ထိလာဆေးရုံမှာ ဆေးကုသခံယူနေရတာ ဖြစ်ပါတယ်။ ဆရာတော်ဟာ ထောင်တွင်းမှာ တရားထိုင်နေစဉ် ထောင်ဝန်ထမ်းရဲ့ ခြေထောက်နဲ့ အကန်ခံရတာကြောင့် ဗိုက်တွေအောင့်နေပြီး နှလုံရောဂါနဲ့ အစာအိမ်ရောဂါရှိကြောင်းလည်း သိရပါတယ်။
ဆရာတော်ဟာ နိုင်ငံရေးပုဒ်မတွေဖြစ်တဲ့ ပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇၊ ၁၉၅(က)၊  ၅၀၅(ခ) တွေနဲ့ ထောင်ဒဏ် ကျခံနေရတာဖြစ်ပြီး ၂၀၀၈ခုနှစ် နိုဝင်ဘာလ၁၇ရက်နေ့မှာ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေတရားရုံးက ထောင်ဒဏ် (၈) နှစ်ခွဲ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။