>
အာဏာဖီဆန်ရေး နဲ့ ၈၉ ခုနှစ်က အာဇာနည်နေ့
မောင်ရစ်
ဇူလိုင် ၁၇၊ ၂၀၁၁
တနေ့က ဆရာဦးဝင်းတင်ဆေးရုံတင်ရတယ်။ ဆေးရုံသွားချိန်မှာ ဖုံးဆက်တာဖြစ်တော့ ငါဆေးရုံရောက်မှ စကားပြောတော့မယ်လို့ ပြောတယ်။ ကိုရာဇာကို လှမ်းမေးတော့ သူက ကျနော်တို့ အခုဆေးရုံသွားနေတယ်။ အာရုံကြောတွေ သိပ်နာတော့ ကျောရိုးထဲ ဆေးထိုးမယ်။ အောက်စီဂျင်ပေးမယ်လို့ ပြောပြတယ်။ ဇူလိုင် ၁၉ နားနီးတော့ လွန်ခဲ့တဲ့ ၂၂ နှစ်က အာဇာနည်နေ့ နေ့တနေ့အကြောင်း အင်တာဗျူးမလို့ဟာ နောက်များမှပဲလို့ နောက်ဆုတ်ရတော့မယ်။ သို့သော်လည်း ကိုယ့်အပိုင်းကိုတော့ ကိုယ်ရေးထားဦးမှပဲလို့ သဘောထားပြီး ဒါကို ရေးတယ်။
၁၉၈၈ စက်တင်ဘာ ၁၈ မှာ စစ်တပ်က ဆန္ဒပြတဲ့သူ ၃၀၀၀ ကျော်ကို သေနတ်နဲ့ ပစ်သတ်ပြီး အာဏာသိမ်းတယ်။ ဒီမိုရေစီအရေးတော်ပုံကို အကြမ်းဖက် နင်းခြေဖျက်ဆီးပစ်ခဲ့တယ်။ ပြီးတော့ ပါတီစုံရွေးကောက်ပွဲ လုပ်ပေးပါမယ်၊ မှတ်ပုံတင်ကြပါလို့ အယုံသွင်းခဲ့တယ်။ အဲသည်နောက် စက်တင်ဘာ ၂၇ မှာ အန်အယ်ဒီပါတီက မှတ်ပုံတင်လိုက်တယ်။ စစ်အစိုးရပြောတဲ့ ပါတီစုံ ရွေးကောက်ပွဲကို ရင်ဆိုင်ဖို့။ အဲသည်နောက်ပိုင်းမှာ ရွေးကောက်ပွဲ ၀င်တာ မ၀င်တာထက် စစ်အစိုးရရဲ့ ဖိနှိပ်မှုတွေ၊ အကြမ်းဖက် တိုက်ခိုက်မှုတွေ၊ ဒီမိုကရေစီအင်အားစုတွေကို နည်းမျိုးစုံနဲ့ နှိမ်နင်းဖြိုခွဲနေတာတွေကို ပါတီ၊ သမဂ္ဂ၊ တပ်ဦးတွေက မြေပေါ်မှာ ကြံ့ကြံ့ခံ ရင်ဆိုင်ရတဲ့ အချိန်တွေ တောက်လျှောက်ပဲလို့ ပြောချင်ပါတယ်။
၁၉၈၉ မတ်လမှာ ဗကသကျောင်းသားသမဂ္ဂရဲ့ ခေါင်းဆောင် ကိုမင်းကိုနိုင်ကို ဖမ်းဆီးထောင်ချခဲ့တယ်။ အဲသည်နောက်မှာ ကျောင်သားလှုပ်ရှားမှုနဲ့ နိုင်ငံရေးပါတီတွေရဲ့ လှုပ်ရှားမှုတွေဟာ စုစည်းမိလာကြတယ်။ ၁၉၈၉ ဇူလိုင်လ ၁၉ အာဇာနည်နေ့အခမ်းအနားမတိုင်မီမှာတော့ အင်န်အယ်ဒီပါတီနဲ့ ခေါင်းဆောင်တွေက “မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ” ဆိုတဲ့ ကြွေးကြော်သံကို ကိုင်စွဲပြီး စစ်အစိုးရရဲ့ မတရားတဲ့ အာဏာတွေကို ဖီဆန်တဲ့ လှုပ်ရှားမှုကို ဖော်ဆောင်လာတာ ဖြစ်ပါတယ်။
အဲသည်က အာဏာဖီဆန်ရေးလှုပ်ရှားမှု တပ်ဦးက မားမားမတ်မတ်ရပ်ပြီး ဦးဆောင်သူ ခေါင်းဆောင်မှုပေးသူက ဒေါ်အောင်ဆန်းစုကြည်ဖြစ်တယ်။ အဲသည်မှာ စစ်အာဏာရှင်စနစ်ကို ဖြုတ်ချဖို့ ဆိုတဲ့ အာရုံတခုတည်းနဲ့ ဆောင်ရွက်နေသူတဦးကတော့ ဦးဝင်းတင်ဖြစ်တယ်။ အဲသည်တုန်းက အာဏာဖီဆန်ရေး လှုပ်ရှားမှု ဘာလို့ ဖြစ်လာရတာလဲ ဆိုတော့ စစ်အစိုးရဟာ ကျောင်းသားတွေ ပါတီတွေရဲ့ လှုပ်ရှားမှုတွေ အားလုံးကို နည်းမျိုးစုံနဲ့ ကန့်သတ်ချုပ်ချယ် ဖိနှိပ်နေလို့ ဖြစ်တယ်။
၁၉၈၈ ဒီဇင်ဘာမှာ ဒေါ်ခင်ကြည် ကွယ်လွန်တော့ စစ်အုပ်ချူပ်ရေးကို ဖီဆန်ပြီးတော့ လူထုက လမ်းပေါ်တက်ပြီး စီတန်းလမ်းလျောက်တယ်။ စည်းကမ်းစနစ်ကျစွာနဲ့ ဈာပနကို ပို့ဆောင်တယ်။ ၁၉၈၉ မတ်လ ၁၃ ရက် ဖုန်းမော်နှစ်ပတ်လည်မှာ ပါတီနဲ့ကျောင်းသားတွေ စုစည်းပြီးတော့ စက်မှုတက္ကသိုလ် ပရ၀ုဏ်ထဲမှာ အကြီးကျယ်ဆုံးသော လူထုစည်းဝေးပွဲ ကျင်းပပြီးတော့ ဒီမိုကရေစီရေးကို တောင်းဆိုတယ်။ ၁၉၈၉ ဧပြီ သင်္ကြန်မှာလည်း အင်န်အယ်ဒီက စစ်အစိုးရကို ဝေဖန်ထောက်ပြတဲ့ သံချပ်တွေ ထိုးပြီး သင်္ကြန်ပွဲတော် ဆင်နွဲတယ်။ မေ၊ ဇွန်လတွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရန်ကုန်နဲ့ နယ်လှည့် စည်းရုံးရေး ခရီးစဉ်တွေကို စစ်အစိုးရ အကြမ်းဖက်ပြီး ခြိမ်းခြောက်တာ တားမြစ်တာတွေ အကြိမ်ကြိမ် ကျူးလွန်ခဲ့တယ်။ အဲသည်က အရှိန်အဟုန်ကြီးလှတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေအားလုံးမှာ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်နဲ့ တကွ ကျောင်းသားတွေ၊ ပါတီဝင်တွေ အမြောက်အများ ဖမ်းဆီး ထောင်ချ နှိပ်စက် သတ်ဖြတ်ခြင်းကို ခံရတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အသက်ရန်ရှာမှုတွေ အကြိမ်ကြိမ်ရှိတာကို ရင်ဆိုင် ဖြတ်ကျော်ခဲ့ရတယ်။
အဲသည်မှာ တိုက်ပွဲရဲ့ လိုအပ်ချက်အရ အာဏာဖီဆန်ရေးဆိုတဲ့ မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ ဆိုတဲ့ လှုပ်ရှားမှု ဖြစ်ပေါ်လာတာပဲ။ အာဏာဖီဆန်တဲ့အနေနဲ့ စစ်အစိုးရရဲ့ လက်နက်ကိုင်အကြမ်းဖက်မှုကို ငါတို့ ဒီမိုကရေစီဘက်တော်သားတွေက မျက်နှာချင်းဆိုင် တည့်တည့်ကြည့်ပြီး အဖမ်းခံ၊ အရိုက်ခံ၊ ထောင်ချခံပြီးတော့ ဆန့်ကျင် တိုက်ခိုက် ရင်ဆိုင်သွားမယ်ဆိုတဲ့ စိတ်ဓာတ်တခုတည်းနဲ့ ထိပ်တိုက်တွေ့ကြတာ ဖြစ်ပါတယ်။ ကျနော်တို့တွေဖက်က အကြမ်းဖက်ခြင်းနဲ့ မတုန့်ပြန်ဘူး ဆိုတာကို မြဲမြဲကိုင်စွဲကြတာ ဖြစ်ပါတယ်။
အဲသည်အတွက် အင်န်အယ်ဒီဌာနချုပ်ဖြစ်တဲ့ ဒေါ်စုရဲ့ တက္ကသိုလ်ရိပ်သာလမ်းက နေအိမ်မှာ ကျောင်းသားအဖွဲ့အစည်းတွေ မျိုးစုံ အကြိမ်ကြိမ် တွေ့ဆုံပြီးတော့ အကြေအလည် ဆွေးနွေးတိုင်ပင်မှုတွေ လုပ်ခဲ့ကြတယ်။ အဲသည်တုန်းက အင်န်အယ်ဒီလူငယ်တွေ၊ သုံးရောင်ခြယ်အဖွဲ့တွေ၊ တတ်သိပညာရှင်အဖွဲ့တွေနဲ့ ကျောင်းသားသမဂ္ဂတွေ၊ တပ်ဦးတွေ အချင်ချင်းတွေ့ဆုံကြတဲ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း အကြိမ်ကြိမ် တွေ့ဆုံပြီး ရှင်းလင်းမှုတွေ၊ နားလည်မှုတွေ ရယူခဲ့ကြတယ်။
ဒါကြောင့် ဇူလိုင် ၁၉ မှာ အာဇာနည်နေ့ အခမ်းအနားကို အာဏာဖီဆန်ရေးလှုပ်ရှားမှုကြီးတခုအဖြစ် ချီတက်အလေးပြုကြမယ်လို့ အားလုံး အတူတကွ ဆုံးဖြတ်ကြတာဖြစ်တယ်။ ကျောင်းသားအဖွဲ့အစည်းတွေထဲမှာ ဗကသ၊ အကသ၊ ရကသ၊ တပ်ဦးတွေ၊ မကသတွေ၊ ကျောင်းသားလူငယ် သမဂ္ဂပေါင်းစုံတွေ၊ တပ်ပေါင်းစုတွေအပြင် အင်န်အယ်ဒီပါတီပြင်ပက လူငယ်ပါတီတွေ အားလုံးလက်တွဲပြီး စစ်အစိုးရကို အာဏာဖီဆန်မယ်။ ဖမ်းဆီး သတ်ဖြတ် နှိမ်နင်းတာကို တချက်ကလေးမျှ ငါတို့ နောက်ဆုတ်မပေးဘဲနဲ့ အရိုက်ခံ၊ အဖမ်းခံ၊ အသတ်ခံပြီး ကြံကြံခံ ရင်ဆိုင်ကြမယ်လို့ သွေးစည်းခဲ့ကြတဲ့ လှုပ်ရှားမှုဖြစ်ပါတယ်။ ဒါကြောင်လဲပဲ စစ်အစိုးရဟာ လက်ဦးမှုယူပြီးတော့ ဒေါ်စုနဲ့ အင်န်အယ်းဒီပါတီကို ဇူလိုင်လ ၁၈ ရက်နေ့ကတည်းက ဖမ်းဆီး ကန့်သတ်တာတွေ လုပ်ခဲ့တာဖြစ်တယ်။ တပ်ဦးကို ချိုးခဲ့တာ ဖြစ်တယ်။ ဆရာဦးဝင်းတင်ကို အန်အယ်ဒီပါတီလူငယ်ခေါင်းဆောင် ကိုစိုးသိန်းအမှုနဲ့ နွယ်ပြီးတော့ ဖမ်းဆီးခဲ့တယ်။ အခြားပါတီခေါင်းဆောင် အမြောက်အများကို ဖမ်းဆီး ချုပ်နှောင်မှုတွေ လုပ်ခဲ့တယ်။
ကျန်ရစ်ခဲ့တဲ့ အခြားလူငယ်ပါတီတွေ၊ ကျောင်းသားလူငယ် သမဂ္ဂတွေ၊ တပ်ဦးတွေ၊ အင်အားစုတွေဟာ ဦးဆောင်မှုပေးနေတဲ့ ခေါင်းဆောင်တွေ လစ်လပ်သွားချိန်မှာ ၁၉၈၉ ဇူလိုင် ၁၉ ရက် အာဏာဖီဆန်ရေးလှုပ်ရှားမှုကို သူုတို့ချည်းသက်သက်နဲ့ စစ်အစိုးရကို ရင်ဆိုင်ခဲ့ကြတယ်။ ခေါင်းဆောင်တွေ ဖယ်ရှားခံရချိန်မှာ ကျန်ရစ်တဲ့ အင်အားတွေက ၁၉ ဇူလိုင်မှာ အာဇာနည်နေ့အခမ်းအနားသို့ ချီတက်ပြီးတော့ အာဏာဖီဆန်ရေးသဘောထားတွေကို ဖော်ဆောင်ဖို့ ကြိုးစားခဲ့ကြတာ ဖြစ်ပါတယ်။
အဲသည်မှာ ပြောချင်တာ တခုကတော့ အာဇာနည်နေ့ဟာ အာဏာရှင်ဆန့်ကျင်ရေးနေ့ ဖြစ်တယ်။ အာဏာဖီဆန်ရေး လှုပ်ရှားမှုလည်း ဖြစ်တယ်။ အဲသည်က စပြီး နှစ်တိုင်း နှစ်တိုင်း ကျနော်တို့ ဒီမိုကရေစီရေးတိုက်ပွဲဝင်သူတွေဟာ ဒီလှုပ်ရှားမှုကို မမေ့မလျော့ ဖော်ဆောင်တယ်။ စစ်အစိုးရကလည်း ဒါကို မမေ့မလျော့ အငြိုးတကြီးနဲ့ နင်းခြေ ပယ်ဖျက်ဖို့ ကြိုးစားတယ်။ ဒါကြောင့် စစ်အစိုးရလက်ထက်မှာ အာဇာနည်နေ့ဆိုတာ အစိုးရအခမ်းအနားကြီးတခုအဖြစ်ကနေ ပျောက်ကွယ်သွားအောင် ဖုံးဖိပစ်ပယ်ခြင်းကို ခံထားရတာ ဖြစ်တယ်။ သူတို့တတွေကိုယ်တိုင်က မဖြစ်မနေ ဆင်နွဲရသည့်တိုင်အောင် ပြည်သူတွေ ၀င်မပါနိုင်အောင် ကန့်သတ်မှုတွေ လုပ်ခဲ့တာ ဖြစ်တယ်။
အဲသည်တုန်းက အဲသည်အရေးအခင်းရဲ့ ခေါင်းဆောင်မှုတွေ၊ သဘောတရားတွေ၊ လှုပ်ရှားမှုတွေ တချို့သူတွေက ဘယ်လိုပဲ ပြောပြော၊ ဝေဖန် ဝေဖန်၊ ပြစ်တင် ကြပါစေ အဲသည်တုန်းက ဒီမိုကရေစီရေးတိုက်ပွဲဝင်သူတွေ အားလုံး ရင်ထဲ အသည်းထဲက သဘောပေါက် နားလည် သိရှိ ကြုံတွေ့လိုက်ရတာက အာဏာဖီဆန်ရေးတိုက်ပွဲရဲ့ အနှစ်သာရနဲ့ ထိရောက်မှုပဲ။ အကြောက်တရားက လွတ်မြောက်ခြင်း ဖြစ်တယ်။ ကျနော်တို့တတွေက စစ်အာဏာရှင်တွေကို ဒူးထောက် အောက်ကြို့ခြင်း မပြုဘဲ မတရားတဲ့ အမိန့်အာဏာတွေကို ဖီဆန်ကန့်ကွက် ငြင်းပယ်ရဲမယ်သာဆိုရင် မည်သို့ပင် ဖမ်းဆီး သတ်ဖြတ် နှိမ်နှင်း တားဆီင်္းခြင်း ခံရသည်ဖြစ်စေ၊ ဒါကို ကြံ့ကြံ့ခံ ရင်ဆိုင်ရင်းနဲ့ စစ်အာဏာရှင်တွေကို အနိုင်ယူ အောင်မြင်မှာ ဖြစ်ပါတယ်။
အထင်ရှားဆုံး ဥပမာကတော့ အကျဉ်းထောင်ထဲမှာ ကြံ့ကြံ့ခံ ရင်ဆိုင်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ဖြစ်တယ်။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ လမ်းပေါ်မှာ မေတ္တာသုတ်ရွတ်ဆိုပြီး သပိတ်မှောက်တဲ့ သံဃာတော်တွေ ဖြစ်တယ်။ ၂၀၀၈ စစ်အစိုးရရဲ့ အခြေခံဥပဒေကို ရဲရဲဝံ့ဝံ့နဲ့ ကန့်ကွက်မဲပေးခဲ့ကြတဲ့ (မဲမပေးဘဲ နေရဲခဲ့ကြတဲ့) ပြည်သူတွေ ဖြစ်တယ်။ ၂၀၁၀ စစ်အစိုးရရွေးကောက်ပွဲမှာ ဆန့်ကျင်သပိတ်မှောက်ခဲ့ကြတဲ့ ပါတီတွေ၊ သမဂ္ဂတွေ၊ ပြည်သူလူထုတွေ ဖြစ်တယ်။ စစ်အာဏာရှင်တွေဟာ သူတို့ရဲ့ မတရားတဲ့ အမိန့်အာဏာတွေကို ရဲရင့် ပြောင်မြောက်စွာ ဆန့်ကျင် နင်းခြေရဲသူတွေ၊ ထိပ်တိုက်ရင်ဆိုင်ရဲသူတွေကို သူတို့ကိုယ်တိုင်က ကြောက်ရွံ့ တုန်လှုပ်မှု အရှိဆုံးပဲ။ ဒါကြောင့် သူတို့ အာဏာတွေ ဥပဒေတွေကို အောက်ကြို့ ဒူးတုတ်ပြီး လိုက်နာသူတွေထက် အာဏာဖီဆန်သူတွေကို အခုအချိန်အထိ နည်းမျိုးစုံနဲ့ ကန့်သတ် ပိတ်ဆို့ပြီး လူထုနဲ့ ပူးပေါင်းမှု မရအောင် အစွမ်းကုန်ကြိုးစားနေတာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်နဲ့ ဒီမိုကရေစီရေး တိုက်ပွဲဝင်သူတွေ၊ အာဏာရှင်စနစ် ကျဆုံးအောင် ရင်ဆိုင်နေသူတွေကို နောက်တခါ အင်တာဗျူးမှာ မေးချင်တာက တခုပါပဲ။ မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ ဆိုတဲ့ ကြွေးကြော်သံနဲ့ ကျနော်တို့တတွေ ချီတက်လာခဲ့ကြပြီ၊ ဆက်လက်ချီတက်နေကြဆဲပဲ မဟုတ်လား ဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။ မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ မဖီဆန်ကြဘဲနဲ့ မျက်နှာချိုသွေးပြီး လေပြေထိုးနေလို့ကတော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ပြည့်ဝအာမခံတဲ့ လူ့ဘောင်သစ်ကို ရောက်မယ့်လမ်းနဲ့ နီးကြဦးမယ် မထင်ဘူး။
(အာဇာနည်နေ့ရောက်တိုင်း သည်ဆောင်းပါးတွေကို အကြိမ်ကြိမ်ရေးမိတယ်။ ၂၀၁၀ တုန်းက ရေးခဲ့တဲ့ ဆောင်းပါး သည်မှာ ဖတ်ပါ။
ပြီးတော့ ၂၀၀၈ ခုနှစ် ၈လေးလုံး အနှစ် ၂၀ တုန်းက ဆောင်းပါးတပုဒ်လည်း ဒီမှာ ရေးထားတယ်။ ပြန်ဖတ်ကြည့်ပါဦး။
