>Regime to retreat from 3 monastery

>

ရွှေဝါရောင်ဘုန်းတော်ကြီးကျောင်းများမှ ကြံ့ဖွံ့အစိုးရသိမ်းပိုက်ထားမှု ရုတ်သိမ်းမည်
မိုးမခအထောက်တော် ၀၀၃၊ ဇူလိုင် ၁၆၊ ၂၀၁၁
၂၀၀၇ စက်တင်ဘာ ရွေှ့ဝါရောင်အရေးတော်ပုံတွင်းက စစ်အစိုးရက အကြမ်းဖက်ပြီး သံဃာတော်များကို နှိမ်နင်းခဲ့သည့်အပြင် ဘုန်းတော်ကြီးကျောင်းများကိုပါ ချိတ်ပိတ်သိမ်းပိုက်ခဲ့ရာ ရန်ကုန်မြို့ရှိ  ဘုန်းကြီးကျောင်း ၃ ကျောင်းဖြစ်သော သာသနသိပ္ဗံ၊ သာသနဂုဏ်ရည် နှင့် မဂ္ဂင်ကျောင်းတိုက်တို့ အပါအ၀င်ဖြစ်သည်။ ယခုအခါ အဆိုပါကျောင်းတိုက်တို့ကို ချိတ်ပိတ်သိမ်းပိုက်ထားမှုမှ ရုတ်သိမ်းမည်ဟု သာသနာရေးဝန်ကြီးဌာနက စီစဉ်နေသည်ဟု သတင်းများက ဆိုသည်။
ယခင်အပတ်က သာသနာ့ဂုဏ်ရည်ကျောင်းတိုက်ဆရာတော် ဦးဇ၀န (ယောဆရာတော်) မှာ ၂၀၀၇ ရွေှ့ဝါရောင်အရေးတော်ပုံကတည်းက ကျောင်းတိုက်မှ မောင်းထုတ်ကန့်သတ်ခြင်း ခံရပြီး ကင်ဆာရောဂါကို ထိရောက်စွာ ကုသနိုင်ခြင်းမရှိဘဲ ဆင်းရဲဒုက္ခများကို ကြံ့ကြံ့ခံရင်း ပျံလွန်တော်မူခဲ့သည်။
ရွှေဝါရောင်အရေးတော်ပုံကာလအတွင်းက ထိုကျောင်းတိုက် ၃ ခုအပြင် ရန်ကုန်မြို့ ဆင်ခြေဖုံးရှိ ကျောင်းတိုက်များကိုပါ စစ်အစိုးရက အကြမ်းဖက် စီးနင်းတိုက်ခိုက်ပြီး သံဃာတော်များကို ဖမ်းဆီး နှိပ်စက် နှိမ်နင်းခဲ့သည်။ သံဃာတော် အများအပြားမှာ ယခုအချိန်အထိ အကျဉ်းထောင်များထဲတွင် အဓမ္မလူဝတ်လဲ ခံထားရပြီး ထောင်ဒဏ်များ ချမှတ်ခံထားရသည်။
ရွှေဝါရောင်အပြီးမှ စစ်အစိုးရက အခြေခံဥပဒေ အတည်ပြုခြင်း၊ ရွေးကောက်ပွဲ ကျင်းပခြင်းတို့ဖြင့် နိုင်ငံရေးအပြောင်းအလဲတခုကို ဟန်ပြဖန်တီးပြီး ဆက်လက်အုပ်ချူပ်နေဆဲဖြစ်သည်။