>
နိုင်ငံကူးလက်မှတ်ရုံး ဆရာစံလမ်းသို့ ပြောင်းပြီ
မိုးမခ အထောက်တော်၊ ရန်ကုန်
ဇူလိုင် ၁၊ ၂၀၁၁
နိုင်ငံကူး လက်မှတ်ထုတ်ပေးရေးအဖွဲ့ရုံးအား ပန်းဆိုးတန်းလမ်းမှ ဆရာစံလမ်းနှင့် ဂွတ္တလစ်ဈေးထောင့်ရှိ ပြည်ထဲရေး ၀န်ကြီးဌာနရုံးဟောင်းသို့ ယနေ့မှ စတင်ပြီး ပြောင်းရွှေ့သွားသည်ကို တွေ့ရသည်။
ဆရာစံလမ်းနှင့် ရန်ကင်း စက်မှု ၁ လမ်းဆုံရာထောင့်စွန်းရှိ ယခင် ပြည်ထဲရေး ၀န်ကြီးရုံးသို့ ယနေ့စတင်ရွှေ့ပြောင်းသွားရာ ရုံးအတွင်း ၀င်ရောက်သူများအနေဖြင့် မိမိမှတ်ပုံတင် မိတ္တူ တစ်စောင်ကို ပေးအပ်ရပြီး ပန်းဆိုးတန်းရုံးထက် လုံခြုံရေး ပိုမိုတင်းကြပ်ထားသည်ဟုလည်း ယနေ့ သွားရောက်ခဲ့သူ တဦးကဆိုသည်။
မြန်မာနိုင်ငံတွင် နိုင်ငံကူးလက်မှတ် ထုတ်ပေးခြင်းကို ရန်ကုန်မြို့ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး အဖွဲ့ရုံးတရုံးထဲတွင်သာ လုပ်ဆောင်နိုင်သည့် အချက်နှင့် ပြည်ပသို့ အလုပ်လုပ်ကိုင်ရန် ထွက်ခွာသူလူငယ်များ နေ့စဉ်ရာနှင့်ချီရှိနေသည့် အချက်ကြောင့်လည်း အဆိုပါရုံးတွင် စည်ကားနေရခြင်း ဖြစ်သည်ဟု နိုင်ငံကူးလက်မှတ် သွားရောက် လုပ်ဆောင်သူများက ပြောသည်။
နိုင်ငံကူးလက်မှတ် ထုတ်ပေးသည့် ရုံးအဖြစ် အနှစ် ၂၀ နီးပါး အသုံးပြုခဲ့သည့် ပန်းဆိုးတန်းလမ်း အဆောက်အဦသည် နေ့စဉ် နိုင်ငံကူးလက်မှတ်လျှောက်ထားသူ များပြားလှသဖြင့် နေရာလုံလောက်မှု မရှိသလို နိုင်ငံကူးလက်မှတ် လုပ်သူများအနေဖြင့် မြေညီထပ်မှ ၅ထပ်အထိ ခြေထောက်ဖြင့် တက်ဆင်းနေကြရသည့် အဖြစ်ကိုလည်း ကြုံတွေ့နေကြရသည်ဟု နိုင်ငံကူးလက်မှတ် လုပ်ဆောင်သူ တဦးကပြောသည်။
လျှောက်ထားသူ အများဆုံး အချိန်များတွင် တရက်လျက် ၆၀၀ မှ ၇၀၀ ဦးအထိရှိပြီး နည်းပါးသည့် နေ့များတွင်ပင် ၃၊ ၄ ရာအနည်းဆုံးရှိသည်ဟု မလေးရှားနိုင်ငံသို့ လုပ်သားပို့ဆောင်လျက်ရှိသူ ဦးသိန်းဇော်ကပြောသည်။ လူများပြားရသည့် အခြားအချက်တချက်မှာ နိုင်ငံကူးလက်မှတ် သက်တမ်းကို ၃ နှစ်သာသတ်မှတ်ထားပြီး သက်တမ်းကုန်ဆုံးလျင် အသစ်လျှောက်ထားသူ ကဲ့သို့ပင် အစအဆုံး ပြန်လည်လျှောက်ထားရသည့် အချက်ဖြစ်သည်ဟုလည်း သူက ထောက်ပြသည်။
နိုင်ငံကူး လက်မှတ်လုပ်ဆောင်ရာတွင် လူကိုယ်တိုင် လုပ်ဆောင်ပြီး ယခင် ပြည်ပတွင် အလုပ်လုပ်ကိုင်ပြီး ၀င်ငွေခွန် ကြေလည်အောင် မပေးဆောင်ခဲ့သည့် ကိစ္စ၊ နိုင်ငံကူးလက်မှတ် ပျောက်ဆုံးဖူးသည့် ကိစ္စ၊ မှတ်ပုံတင် သန်းခေါင်စာရင်း ပြောင်းလဲပြီး လျှောက်ထားသည့် ကိစ္စရပ်များ အတွက်သော်လည်းကောင်း ပုံမှန် ၅ ပတ်ကြာကာလ ထက် ပိုမိုမြန်ဆန်စွာလိုအပ်သူများအဖို့ သက်ဆိုင်ရာ အမှုစစ် သတင်းတပ်ဖွဲ့ဝင်များအား ကျပ်ငွေ သောင်းဂဏန်းမှ သိန်းဂဏန်း အနည်းငယ်ထိ လာဘ်ငွေ ပေးဆောင်ကြရပြီး အဆိုပါရုံးတွင် တာဝန်ထမ်းဆောင်သူ ရဲသတင်းတပ်ဖွဲ့ဝန်ထမ်းတစ်ဦးလျင် အနည်းဆုံး တစ်ရက် ကျပ်၁ သိန်းနှင့် အထက်ရရှိကြသည်ဟုလည်း နိုင်ငံကူးလက်မှတ် ပွဲစားများက ပြောဆိုကြသည်။