>USCB issues suggested financial sanction list of Regime’s cronies

>

စစ်အစိုးရအား အားပေးအားမြှောက်လုပ်သူများ စာရင်းသစ်ပြုစုပြီး အမေရိကန်အစိုးရကပိတ်ဆို့ဖို့ တိုက်တွန်း
မိုးမခ အထောက်တော် ၊ ရန်ကုန်
ဇွန် ၂၈၊ ၂၀၁၁
မြန်မာနိုင်ငံ ယခင် စစ်အစိုးရလက်ထက်နှင့် ယခု ကြံ့ဖွံ့အဖြစ် အသွင်ပြောင်းထားသည့်အစိုးရအား စီးပွားရေး အကျိုးတူလုပ်ဆောင်သူ လုပ်ငန်းရှင်များနှင့် မီဒီယာနယ်ပယ်မှ ထောက်ခံအားပေးသူများဟု သတ်မှတ်သူ ၄၂ ဦး၏ စာရင်းအား USCB U.S Campaign for Burma အဖွဲ့မှ ပြုစုပြီး အမေရိကန် ပြည်ထောင်စု အစိုးရ၏ ဘဏ္ဍာရေးဝန်ကြီး ဖြစ်သူထံပေးပို့၍ စီးပွားရေးအရ ပိတ်ဆို့အရေးယူမှု ပြုမည့်သူစာရင်းတွင် ထပ်မံဖြည့်သွင်းရန် တိုက်တွန်းခဲ့ကြောင်း USCB မှ ကြေညာချက်ထုတ်ပြန်ခဲ့သည်။
USCB မှ ဇွန်လ ၂၇ ရက်နေ့နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည့် သတင်းထုတ်ပြန်ချက်တွင် နအဖ စစ်အစိုးရအား ဖျက်သိမ်းပြီး အစိုးရသစ်တက်ပြီး နောက် ရက်ပေါင်း ၁၀၀ ကျော်ရှိလာသည့် မြန်မာအစိုးရသည် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရပ်တန့်ခြင်း မရှိသေးသကဲ့သို့၊ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ကိုလည်း မလွှတ်ပေးသေးသည့် အဖြစ်၊ ဒေါ်အောင်ဆန်းစုကြည် တိုင်းရင်းသားခေါင်းဆောင်များနှင့် တွဲပြီး ပြန်လည်ရင်ကြားစေ့ရေး ဆွေးနွေးမှုများလည်း မလုပ်သေးသည့် အဖြစ်ကြောင့် မြန်မာအစိုးရနှင့် ပူးပေါင်း စီးပွားရေး လုပ်ကိုင်သူများအား ပိတ်ဆို့အရေးယူပေးရန် USCB  မှ ဘဏ္ဍာရေး ၀န်ကြီး တင်မိုသီ ဂိုက်တနာထံပေးပို့ခဲ့ကြောင်း  အမှုဆောင် ဒါရိုက်တာ ဖြစ်သူ ကိုအောင်ဒင်ကပြောသည်။
ထူးခြားသည့် အချက်မှာ အဆိုပါ ၄၂ ဦးစာရင်းတွင် စီးပွားရေး လုပ်ငန်းရှင်များသာမကပဲ မီဒီယာ နယ်ပယ်မှ အစိုးရအား အားပေးထောက်ခံသူများ ဟု သတ်မှတ်ထားသော ဒေါက်တာနေ၀င်းမောင်၊ မြတ်ခိုင် ၊ ဒေါက်တာ တင်ထွန်းဦး၊ ဦးဇော်မင်းအေး၊ ကိုကို (စက်မှု တက္ကသိုလ်)၊ ဒေါ်နန်းကလျာဝင်း တို့ပါဝင်နေပြီး အနုပညာ နယ်ပယ်မှ သရုပ်ဆောင်  အကယ်ဒမီ လွင်မိုးနှင့် ဒါရိုက်တာ ဇင်ယော်မောင်မောင်တို့ ပါဝင်လျက်ရှိသည်ကို တွေ့ရသည်။
ရန်ုကုန်မြို့မှ သတင်းဂျာနယ် အယ်ဒီတာတဦးက ယခုစာရင်းတွင်ပါဝင်သူ အားလုံးမှာ တနည်းနည်းဖြင့် ယခင် စစ်အစိုးရ ယခု အရပ်ဝတ် တစ်ဖြစ်လဲ အစိုးရအား အားပေးထောက်ခံကြသူများ ဖြစ်သည့်အပြင် အထူးသဖြင့် ကိုယ်ကျိုးစီးပွား အလို့ငှာ ထောက်ခံအားပေးနေသူများ ဖြစ်သည့်အတွက် စာရင်းတွင် ပါသင့်သည်ဟု သူ့အနေဖြင့် ထင်မြင်ကြောင်း ပြောသည်။
စစ်အစိုးရ လက်ထက်တွင်သာမက ယခု အရပ်ဝတ်လဲထားသည့် အစိုးရလက်ထက်တွင်ပါ မီဒီယာပိုင်ရှင်နှင့် အယ်ဒီတာ အချို့မှာ စီးပွားရေး အခွင့်အလမ်းတွက် သော်လည်းကောင်း ပြန်ကြားရေး ၀န်ကြီးဌာနနှင့် ဆက်ဆံရေးကောင်းမွန်ခြင်းဖြင့် ဂျာနယ်ထုတ်ဝေ ဖြန့်ချိရာတွင် အဆင်ပြေစေရန် ရည်ရွယ်ပြီး အစိုးရအား ထောက်ခံရေးသားခြင်း၊ ရွေးကောက်ပွဲအား တက်တက်ကြွကြွ ထောက်ခံရေးသားခြင်းတို့ ပြုလုပ်ခဲ့ကြသည်ကို တွေ့ရသည်။
အနုပညာရှင်များအနက် အကယ်ဒမီ လွင်မိုးနှင့် နန္ဒာလှိုင်တို့မှာ ၂၀၁၀ ရွေးကောက်ပွဲကာလက ဦးခင်ရွှေမဲဆွယ်ပွဲတွင် ပါဝင်ကူညီပေးခဲ့ကြသည်ကို လည်း သတင်းဖေါ်ပြချက်များ အရသိရှိရသည်။
လွန်ခဲ့သည် ၁ နှစ်က မြန်မာပြည်မှ လာရောက်လည်ပတ်သည့် ဖျော်ဖြေရေးခရီးစဉ်တွင် ပါဝင်သည့် စစ်အစိုးရအလိုတော်ရိ အနုပညာရှင်များကို အမေရိကန်ရောက် မြန်မာများ၏ အပြင်းအထန်ကန့်ကွက်မှုကြောင့် အမေရိကန်အစိုးရအနေနှင့် ဗီဇာရုတ်သိမ်းပိတ်ဆို့ပြီး ပြည်တော်ပြန်ခိုင်းခဲ့ရဘူးသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts