>Suu urged US House to go with UN HRC resolution on Burma

>

ဇွန် ၂၂ အမေရိကန်လွှတ်တော်ကော်မီတီသို့ မြန်မာ့အရေး ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း

မိုးမခ၊ ဇွန် ၂၃၊ ၂၀၁၁
ယမန်နေ့က အမေရိကန်ပြည်၊ ၀ါရှင်တန်ဒီစီ၊ အမေရိကန်လွှတ်တော်၏ နိုင်ငံခြားရေးရာကော်မီတီ၊ အာရှနဲ့ ပစိဖိတ်ကော်မီတီခွဲသို့ တင်သွင်းတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်သံအမှာစကားမှာ ဒေါ်စုက မြန်မာပြည်တွင်းရှိ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်မှုတွေ အာမခံချက်ရှိရန်၊ အနာဂတ်မှာ ပိုမိုဆောင်ရွက်နိုင်ရန်အတွက် ကုလ၏ လူ့အခွင့်အရေးကော်မရှင်ရဲ့ ဆုံးဖြတ်ချက်များအတိုင်း အကောင်အထည်ဖော်နိုင်ဖို့ ၀ိုင်းဝန်းကြရန် တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။
ကုလရဲ့ လူ့အခွင့်အရေးကော်မရှင်က ဆုံးဖြတ်ချက်များမှာ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး၊ ပြည်သူအားလုံး လွတ်လပ်စွာ စည်းရုံးလှုပ်ရှား ပြောဆိုခွင့်များ ရှိရေးနဲ့ ကော်မရှင်ရဲ့ မြန်မာပြည်ရေးရာ တာဝန်ယူထားသူ ပါမောက္ခကွင်တာနားကိုယ်တိုင်လည်း မြန်မာပြည်တွင်း လွတ်လပ်စွာ သွားလာဆောင်ရွက်ခွင့်ရှိရေးတွေကို လိုက်နာဆောင်ရွက်ကြဖို့လိုတယ်လို့ ဒေါ်စုက ထပ်မံအတည်ပြု ပြောကြားလိုက်တာ ဖြစ်ပါတယ်။ ကွင်တာနားပြောသလို မြန်မာပြည်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးဖော်ထုတ်ရေးကော်မရှင်ဖွဲစည်း လှုပ်ရှားသင့်တယ်ဆိုတာကိုလည်း ဒေါ်စုက ထောက်ခံ တိုက်တွန်းလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ အစိုးရအဖွဲ့က ကုလရဲ့ ဆုံးဖြတ်ချက်နဲ့ မြန်မာပြည်သူလူထုတွေရဲ့ ဆန္ဒတွေနဲ့အတူ ဆက်လက်ရပ်တည် ပေးကြဖို့ကိုလည်း ဒေါ်စုက နှိုးဆော်လိုက်တာကို တွေ့ရပါတယ်။
အဲသည် ကြားနာမှုမှာ ယူအက်စ်ကင်ပိန်းဖော်ဘားမားအဖွဲ့က ဒါရိုက်တာ ကိုအောင်ဒင်ကလည်း သူရဲ့သဘောထားကို တင်သွင်းခဲ့ရာမှာ ပြည်ပနိုင်ငံတွေက စစ်အစိုးရရဲ့ အချိန်ဆွဲမှု၊ လှည့်ဖြားမှု၊ အကြပ်ကိုင်မှုတွေနောက်ကို တကောက်ကောက်လိုက်ပြီး အချိန်တွေ အင်အားတွေ ဖြုန်းနေကြမယ့်အစား တကယ်အလုပ်ကို ထိရောက်အောင် အချိန်ဇယားထားပြီး စစ်အစိုးရကို အရေးယူမှု ဖိအားပေးမှုတွေ ဆောင်ရွက်သင့်တယ်လို့ တိုက်တွန်းပြောသွားပါတယ်။
အဲသည်ပြောဆိုချက် တင်သွင်းချက် အသေးစိတ်ကို US Campaign for Burma ၀က်ဆိုက်မှာ သွားကြည့်နိုင်ပါတယ်။