>USDP Gov blames Kachin rebels for fighting‎

>

ကချင်ပြည်နယ် တိုက်ပွဲဖြစ်ပွားခြင်းနှင့် ပတ်သက်ပြီး ပထမဆုံးအကြိမ် သတင်းထုတ်ပြန်
ခင်နှင်းလွင် ၊ ရန်ကုန်
ဇွန် ၁၈၊ ၂၀၁၁ ကေအိုင်အေ တပ်ဖွဲ့ဝင်များ


ဇွန်လ ၉ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သည့် ကချင်ပြည်နယ်မှ ကေအိုင်အေ တပ်များနှင့် အစိုးရတပ်များ၏ တိုက်ပွဲဖြစ်ပွားရသည့် အကြောင်းကို ယနေ့ထုတ် အစိုးရသတင်းစာတွင် ပထမအကြိမ်အဖြစ် သတင်း ထုတ်ပြန်လိုက်သည်။

ကေအိုင်အေ တပ်ဖွဲ့များ၏ ခြိမ်းခြောက်၊ စတင် ပစ်ခတ်မှုကြောင့် မလွှဲမရှောင်သာ မိမိ တပ်မတော်သားများနှင့် နိုင်ငံ၏ အရေးကြီးသည့် လျှပ်စစ်စီမံကိန်းကို ကာကွယ် စောင့်ရှောက် လိုသည့် ရည်ရွယ်ချက် တစ်ခုတည်းဖြင့်သာ ပြန်လည် တိုက်ခိုက်ရပါသည်ဟု ဖော်ပြထားသည်။

အစိုးရ၏ ထုတ်ပြန်ချက်တွင် တာပိန် ရေအားလျှပ်စစ်စီမံကိန်းသည် အစိုးရ၏ ရင်းနှီးမြှုပ်နှံမှု အများဆုံး ရေအား လျှပ်စစ် စီမံကိန်း ဖြစ်ပြီး လာရောက် တာဝန်ထမ်းဆောင် နေသော ၀န်ထမ်းများနှင့် တရုတ်ပညာရှင်များကို နှောက်ယှက်သဖြင့် ယခုကဲ့သို့ ထိုးစစ်ဆင်ရသည်ဟု ဖော်ပြထားသည်။

နိုင်ငံရေး သမားအများစုကမူ ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့သည် ပြည်မအစိုးရ၏ နယ်ခြားစောင့်တပ်ဖွဲ့ အဖြစ် အသွင်ပြောင်းရန် ဖိအားပေးမှုကို မလိုက်လျောခဲ့ကြောင်း၊ ထို့ကြောင့် စစ်တပ်က စတင်ထိုးစစ်ဆင် တိုက်ခိုက်ခြင်းဖြစ်ကြောင်း ကောက်ချက်ချ နားလည်ထားကြသည်။

ယခင် အာဏာသိမ်း စစ်အစိုးရ လက်ထက်တွင် လက်နက်ကိုင် ငြိမ်းချမ်းရေး အဖွဲ့များနှင့် နိုင်ငံရေးအရ ဆွေးနွေးရန် သူတို့တွင် လုပ်ပိုင်ခွင့် မရှိသဖြင့် အခြေခံဥပဒေဖြင့် တက်လာသည့် အရပ်သား အစိုးရ လက်ထက်တွင်သာ စကားပြောဆိုရန် ရှောင်လွှဲခဲ့ဖူးပြီး ယခု အရပ်သားအစိုးရ တက်လာပြီး ၂ လ ကျော်တွင် ထိုးစစ်ဆင်တိုက်ခိုက်မှုများ စတင်ခဲ့ခြင်း ဖြစ်သည်။

ပြည်နယ် အစိုးရသည်လည်း တပ်မတော်၏ ထိုးစစ်ဆင်နေခြင်းအပေါ် မည်သို့မျှ ဝေဖန်ပြောဆိုရဲခြင်း မရှိသေးသည်ကို တွေ့ရသည်။

အထက်ပါ သတင်းစာ ထုတ်ပြန်ချက်များနှင့် ပတ်သက်ပြီး “အစက သူတို့ တာပိန် ရေအားလျှပ်စစ် ဆောက်မယ် ဆိုတုန်းက သဘော တူထားတာက ရွှေတွေ လုံးဝ မတူးပါဘူး ဆိုတဲ့ ကတိနဲ့ လုပ်ထားတာ။ နောက် သူတို့က သဲပဲ ယူမှာပါ ဆိုပြီးတော့ ချောင်းက သဲတွေကို ကားနဲ့ တိုက်ပြီး ယူသွားတယ်။ အဲဒီ သဲမှာ ရွှေတွေ အများကြီး ပါသွားတယ်” ဟု ကချင်ဒေသခံတစ်ဦးက ပြောပြသည်။

တာပိန် ရေအားလျှပ်စစ်သာမက တရုတ်နှင့် ပူးပေါင်း လုပ်ကိုင်သော မြစ်ဆုံ စီမံကိန်းကြောင့် အနီးအနားရှိ ကချင်ပြည်သူလူထုက အလုပ်အကိုင်ရှားပါးမှု၊ သဃံဇာတဆုံးရှုံးမှု ဒဏ်များကို ခံစားရသည်မှာ နှစ်ကာလ ကြာမြင့်ပြီ ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုလို ပေါက်ကွဲလာရခြင်းဖြစ်ကြောင်း အဆိုပါ ဒေသခံက ပြောသည်။
“ဒီလို တိုက်ပွဲတွေဖြစ်မယ် ဆိုတာ မျှော်လင့်ပြီးသားလေ။ ဒါပေမဲ့ အခုမှ တကယ် ပေါက်ကွဲထွက်တာ။ ထောက်ခံတယ်။ ဘာလို့လဲ ဆိုတော့ စားပွဲပေါ်မှာပဲ ညှိနှိုင်းရင်း ပြီးသွားရတာ။ လူကြီးတွေက ပြည်သူတွေ နစ်နာမှာ စိုးလို့ ညှိုနှိုင်းတာ တဖြည်းဖြည်း ခေါင်းပေါ် တက်လာတယ်။ ရှုံးလဲ လုပ်နိုင်ကြောင်း ပြမှာပဲ။ နိုင်လဲ အကြောင်း သိတာပေါ့” ဟု မြစ်ကြီးနားမြို့မှ ကချင် လူငယ်တစ်ဦးက ပြောပြသည်။

ကချင်ပြည်နယ်မှ ကေအိုင်အေ စခန်း တခု


ကချင်ပြည်နယ်တွင် အစိုးရနှင့် တရုတ် ပူးပေါင်း စီမံကိန်းကြောင့် လွန်ခဲ့သောနှစ် အနည်းငယ်မှ စတင်ပြီး တရုတ်ကားများ လမ်းမများပေါ်တွင် နေရာ ယူလာပြီး လမ်းစည်းကမ်းများ မလိုက်နာမှုကြောင့် ကချင် လူငယ် ကျောင်းသားများအဖို့ ယာဉ်အန္တရာယ်နှင့် ရင်ဆိုင်လာရကြောင်း အဆိုပါ ကချင်လူငယ်ကပင် ပြောပြသည်။

“အဓိက ကျောင်းသားတွေပဲ ခံရတာ။ အခု စစ်ဖြစ်တော့ ပြေးပြီလေ။ ကျွန်တော်တို့ ဒေသခံတွေက အရင်က တနေ့စားဖို့ပဲ ရွှေကျင်တာ။ သူတို့က သဲတွေကိုပါ အကုန် ကော်ယူသွားတော့ ဘာနဲ့ သွားကျင်မလဲ။ နောက် သူတို့စီမံကိန်းမှာ သွားလုပ်တဲ့ လူတွေကို ငွေအစား မူးယစ်ဆေးဝါးပေးတယ်။ အဲလို အဖက်ဖက်က ဖျက်ဆီးနေတာ ကြာပြီ။ ကျွန်တော်တို့တော့ မထူးဇာတ် ခင်းရတော့မှာပဲ” ဟု အမည်မဖေါ်လိုသည့် ကချင်လူငယ် တစ်ဦးက ပြောပြခဲ့သည်။

၁၉၈၈ ခုနှစ်တွင် အာဏာသိမ်းပြီး ၆ နှစ်ဝန်းကျင်အကြာတွင် ကေအိုင်အေ နှင့် စစ်အစိုးရ တပ်မတော်တို့ ငြိမ်းချမ်းရေး သဘောတူညီ ခဲ့ကြပြီး လက်နက်ကိုင် ငြိမ်းချမ်းရေး အဖွဲ့အဖြစ် ဆယ်စုနှစ် တစ်စုကျော် ရပ်တည် ခဲ့သည့် အဖွဲ့ဖြစ်သည်။

photos: KC ORTIZ

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts