Memories Nyein Chan Aye

Nyein Chan Aye – U Toe passing of 6 months

ဦးတိုး (၆) လ ပြည့် အလွမ်း

ငြိမ်းချမ်းအေး၊ မေ ၁၆၊ ၂၀၁၃

(ဓာတ်ပုံ – ခင်မောင်တိုး တေးစုများစွာရဲ့ မျက်နှာဖုံးပန်းချီ လက်ရာရှင် ပန်းချီမျိုးမြင့်)

ဦးတိုး ဆုံးတာ မနေ့တနေ့ကလိုပဲ စိတ်ထဲ ခံစား လွမ်းနေရပေမယ့် တကယ်တော့ ဒီနေ့ (၆) လ ပြည့် (၁၅၊ နိုဝင်ဘာ၊ ၂၀၁၂ – ၁၅၊ မေ၊ ၂၀၁၃) သွားပြီ..။  သူလို ပုဂ္ဂိုလ်မျိုးက တသက်လုံး လွမ်းနေရမယ့် ပုဂ္ဂိုလ်မျိုးပါ။  သူ့မိသားစု၊ သူ့မိတ်ဆွေ သူငယ်ချင်း၊ သူ့ ဂီတ ပရိသတ် တင်မကဘဲ ဗမာပြည် အတိုင်းအတာ နဲ့ ကို သူ့လို ရိုးရာ နဲ့ အနောက်တိုင်း ဂီတ ကို ပေါင်းစပ်ပြီး ကိုယ်ပိုင်သံစဉ်၊ ကိုယ်ပိုင်ဟန်နဲ့ ဗမာ့ခေတ်ပေါ်ဂီတ ကို အကျိုးပြု၊ သမိုင်းဖန်တီးခဲ့သူမျိုးက ခေတ်တိုင်းမှာ အမြဲ အမှတ်တရ ရှိနေရမှာပါ။

သူဆုံးတဲ့ တလပြည့် ကုသိုလ်ပြု အမျှဝေပွဲမှာ သူ့သူငယ်ချင်းအရင်း ဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) က အခုလို ကဗျာလေးရေး လွမ်းခဲ့တယ်။

အမျှ.. အမျှ.. အမျှ

ဝေဒနာတွေဖွဲ့

တစ.. တစ.. မြေ့ကျွမ်း..

ခြေရာတွေနဲ့..

ခဏ.. ခဏ.. မမေ့စတမ်း..

သြော်.. မဖြေသာလေတဲ့..

ရင်ထဲက.. တလ. တလ.. ပြည့်.. အလွမ်း..

မောင်စိန်ဝင်း (ပုတီးကုန်း)

ဓာတ်ပုံ – ခင်မောင်တိုး မိသားစု

အခု တော့ “ရင်ထဲက.. ခြောက်လ.. ခြောက်လ.. ပြည့်.. အလွမ်း” ဖြစ်ရပြီပေါ့..။  နောင်မှာလည်း  တနှစ်.. တနှစ်.. ပြည့်တွေ.. ငါးနှစ်.. ငါးနှစ်.. ပြည့်တွေ.. ဆယ်နှစ်.. ဆယ်နှစ်.. ပြည့်တွေ.. လွမ်းနေရဦးမှာပါပဲ။  ဦးတိုး မမီလိုက်၊ မမြင်လိုက်ရရှာတဲ့ ဦးတိုးရဲ့ မျိုးဆက်သစ် မြေးမလေး အရွယ်ရောက် လူလားမြောက်တဲ့ အချိန်၊ နောက်မျိုးဆက်သစ် ပေါင်းများစွာလည်း ဆက် လွမ်းနေ၊ အမှတ်တရ လုပ်နေရမယ်လို့ ထင်ပါတယ်။

ကျနော် နဲ့ ကျနော့် မိတ်ဆွေ ဂီတချစ်သူတွေဆိုတာတော့ ပြောမနေနဲ့ပေါ့..။  နေ့စဉ်ရက်ဆက်လို့ မဆိုနိုင်တောင် ရက်ခြားတော့ ဦးတိုးနဲ့ ပတ်သက်တာတွေ လူမှုကွန်ရက်စာမျက်နှာတွေမှာ ပြောဖြစ်ကြ၊ ရေးဖြစ်ကြ၊ အမှတ်တရ ဓာတ်ပုံ၊ သီချင်း ရုပ်သံ နဲ့ စာသားလေးတွေ တင်ဖြစ်ကြပါတယ်။ 

ဓာတ်ပုံမျှဝေသူ – Doney MP (မူရင်း သပြေမဂ္ဂဇင်း)

ကျနော်တို့မှာလည်း တနှစ်ထက် တနှစ်အသက်တွေကြီးလာသလို အလွမ်းတွေလည်း ပိုများလာပါတယ်။  စွဲလမ်းခဲ့ရတဲ့ ကဗျာ နဲ့ စာပေ ပညာရှင်၊ ဂီတပညာရှင်၊ အနုပညာရှင် တွေ ကို လွမ်းရသလို သူတို့ရဲ့ အနုပညာပစ္စည်းတွေကိုလည်း လွမ်းရပါတယ်။  အနုပညာပစ္စည်းတွေကို စတင် စားသုံးခဲ့တဲ့ အချိန် နှောင်းခဲ့တဲ့အတိတ် ကာလ ငယ်ဘဝကိုလည်း လွမ်းရပါတယ်။  ဒီလို ကြည်နူးစရာတဝက်၊ အလွမ်းတဝက် နဲ့ အောက်မေ့ ခံစား လွမ်းနာကျရင်းနဲ့ပဲ ရှေ့အနာဂတ် ဘဝခရီးကို ဆက်လက် ချီတက်ရမယ် ထင်ပါတယ်။

ဦးတိုး ရဲ့ တည်ကြည် တဲ့ မျက်နှာ၊ သူ့ရဲ့ ဘယ်သံဝါဝါကြီး ဆိုဟန် နဲ့ သူ့ရဲ့ဟန် နေကာ မျက်မှန် အမည်း နဲ့ ဆံပင်ရှည် ကိုလည်း ဒီလိုပဲ ကိုယ်လည်းလိုက် ဘဝကူးတဲ့ နောက်ဆုံးအချိန် အထိ ရင်ဘတ်နှလုံးသား နဲ့ မြင်နေ၊ ကြားနေ၊ လွမ်းဆွတ် တသနေရပါဦးမယ်။  “သဇင်ည” နဲ့အတူ ဆောင်းမှာလည်း လွမ်းရပါမယ်။  “မုတ်သုန်လေဦး” နဲ့အတူ မိုးမှာလည်း လွမ်းနေရပါမယ်။  “နွေရက်များအခါခါ” ကုန်တဲ့အထိလည်း လွမ်းရပါဦးမယ်။  “အရွယ်လွန်ရွေ့လျား” သွားတဲ့အထိ “လွမ်း” သီချင်းနဲ့အတူ လွမ်းနေပါမယ်။

ခင်မောင်တိုး ဝိုင်းရဲ့ဆည်းဆာ (၁၉၈၁) တေးစု သွင်းစဉ်၊ ဓာတ်ပုံမျှဝေသူ – ခင်ဆွေဝင်း (ပန်းချီ)

ခင်မောင်တိုး တကိုယ်တော် စင်တင်တေးဂီတပွဲ (၁၉၉၃) လက်မှတ် ၊ ဓာတ်ပုံမျှဝေသူ – ခင်ဆွေဝင်း (ပန်းချီ)

ခင်မောင်တိုး နှင့် တေးပြုစာဆို ရောင်းရင်းများ၊ ဓာတ်ပုံမျှဝေသူ – ခင်ဆွေဝင်း (ပန်းချီ)

ဆိုခဲ့သလို လွမ်းရင်းနဲ့.. “ဝေခိုင်နွယ်ရစ်တက်လို့ အစဉ်ဖူးပွင့်နေတုန်း..” ဆိုတဲ့ ဦးတိုးတို့ သူငယ်ချင်းတစု ရေးသီခဲ့တဲ့ သီချင်း စာသားလေးအတိုင်း ဦးတိုး နဲ့ အန်တီဝေဝေခိုင်တို့ရဲ့ ဘဝလမ်းခရီးအစ ကနေ ချစ်ခြင်း မေတ္တာ၊ ခိုင်မြဲခြင်း သစ္စာ တို့နဲ့ လျှောက်လှမ်းတည်ဆောက်လာခဲ့တဲ့ မိသားစု ဘဝလေးဟာ အခုမှာတော့ အဓိက မဏ္ဍိုင် လက်တွဲဖော်ကြီး၊ မိသားစု အားကိုးရာကြီး မဲ့ခဲ့တာ အဓိက ကွယ်လပ်ကြီး လစ်ဟ လပ်ခဲ့တာ (၆) လတောင် ရှိခဲ့ပါပြီ။  ကျနော်တို့ နှလုံးသားတွေလည်း ကွက်လပ်ဖြစ် ဟာတာတာ ဖြစ်နေခဲ့ရတာပါပဲ။  ဇနီး၊ သားသမီး နဲ့ မိသားစု ဆိုတာတော့ အထိခိုက်ဆုံး၊ အအောက်မေ့ဆုံး၊ သတိရဆုံး နဲ့ အလွမ်းဆုံးဆိုတာ နားလည်ခံစားမိပါတယ်။

ဒါပေမယ့် ဦးတိုးအလွမ်းဆိုတာ နှလုံးသားရှိ၊ ခံစားတတ်တဲ့ လူကြီး၊ လူငယ် ဗမာနိုင်ငံသားတိုင်း အနည်း၊ အများ ပမာဏ၊ အတိုင်းအတာ ကွာနိုင်ပေမယ့် တိုးတိုးတမျိုး၊ ကျယ်ကျယ်တမျိုး၊ အသံထွက်လို့ တဖုံ၊ ရင်ထဲက ကြိတ်လို့ တမည် နဲ့ မျှဝေ လွမ်းဆွေးရတာမျိုးပါ။  ဒီလို မျှဝေ လွမ်းဆွတ်တသမှုဟာ စိတ်ခံစားမှု အလွမ်းဝေဒနာကိုတော့ မလျော့ပါးစေဘူးပေါ့။  အလွမ်းသေးကနေ အလွမ်းကြီး ဖြစ်အောင်လို့ လုပ်ချင်တာလား အပြစ်တင်ရင်လည်း ခံရမှာပါပဲ။  အလွမ်းတွေ လျှံတက်လာတော့လည်း စကားလုံး တချို့ အန်ချ.. ဦးတိုးနဲ့ ဂီတရဲဘော်၊ ရဲဘက်တွေ အတူပူးပေါင်း ရေးခဲ့တဲ့ သီချင်းလေးတပုဒ်ကို မိုးမခ ပရိသတ် အတွက် မျှဝေရင်း.. အလွမ်းဝတ်မှုန်ကူး၊ အလွမ်းဓာတ်ပွားလိုက်ပါရစေ။

ဘဝလမ်းအစခရီး ၊  သံစဉ်/စာသားကိုရဲလွင် + ကိုမောင်မောင် + ခင်မောင်တိုး ၊ တေးဆို – သျှိုင်းအောင် (၁၉၈၆-ဖေဖေါ်ဝါရီ) ၊ ရာပြည့် (၁၉၈၆-ဒီဇင်ဘာ)

သီလ၊ သိက္ခာ၊ သမာဓိမြဲ၊ တရားနဲ့ နေထိုင် ကျင့်ကြံခဲ့တဲ့ ဦးတိုး တယောက် ကောင်းရာ၊ မွန်ရာ ရောက်နေပြီဆိုတာ သေချာတဲ့ အတွက် အထူးဆုမတောင်းတော့ပါ။  မြင့်မြတ်တဲ့ ဘုံဘဝ ကနေသာ ကျနော်တို့ရဲ့ အလွမ်းတွေကို တခါတခါ ငုံ့ကြည့်ပေးပါ။

အလွမ်းများနဲ့…

ငြိမ်းချမ်းအေး

၁၅၊ မေ၊ ၂၀၁၃

ဆက်စပ် မိုးမခ ဆောင်းပါး ဖတ်ရန် – “ဝိုင်းရဲ့ဆည်းဆာ၏ နိဂုံး”: http://moemaka.com/archives/29173


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts