>
စင်္ကာပူက မြန်မာများ “စု ၆၆နှစ် မွေးနေ့” ဘုန်းကြီးကျောင်းမြေ လှူမည်
မိုးမခ၊ ဇွန် ၁၀၊ ၂၀၁၁
လာမည်ဇွန်လ ၁၉ ရက်နေ့၊ စင်္ကာပူရောက်မြန်မာတို့ စုဝေးပြီး တိုပါယိုး မြန်မာဘုန်းတော်ကြီးကျောင်းတွင် မနက် ၁၀ နာရီမှ ၁၂ ခွဲအထိ မွေးနေ့ဆွမ်းကျွေး အလှူကျင်းပခြင်း၊ မွန်းလွဲပိုင်းတွင် တရားနာ၊ မေတ္တာပို့ခြင်း၊ နေ့လည် ၂ နာရီမှ ၄ နာရီအတွင်း သွေးလှူဘဏ်သို့ သွားရောက် သွေးလှူဒါန်းခြင်းတို့ ဆောင်ရွက်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၆၆ နှစ်ပြည့် မွေးနေ့ ဂုဏ်ပြုကြမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။
ထို့အပြင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမှူးထားပြီး ဘုန်းတော်ကြီးကျောင်းတွင် လိုအပ်လျက်ရှိသော မြေအလှူကိုလည်း အများစုပေါင်းအလှူအဖြစ် ကောင်းမှုပြုကြမည်ဖြစ်ရာ လက်ရှိတွင် မြေကွက် ၈ နေရာစာကို ၀ိုင်းဝန်းလှူဒါန်းကြရန် စာရင်းကောက်ယူ ရရှိထားပြီးပြီ ဟု သိရှိရသည်။
“စင်္ကာပူ ဒေါ်လာ မြေကွက်တခန်းစာ ၁၀၈ ဒေါ်လာ ကျပါတယ်။ ကျနော်က ၃ ခန်းစာ တာဝန်ယူတယ်။ နောက်အလှူရှင်တွေက တခန်းစီ ၀ိုင်းလှူကြတယ်။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အလှူပဲပေါ့။ ကျနော်တို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့ အလှူဒါနအဖြစ် မွန်မြတ်တဲ့ သာသနမြေကို လှူခွင့်ရတာကို ကျနော်တို့ ၀မ်းသာတယ်။ အားလုံးကိုလည်း မိမိတို့ ဘုန်းကြီးကျောင်းတွေ၊ စေတီတွေမှာ ဒေါ်အောင်ဆန်းစုကြည်ကောင်းမှု အလှူတွေ လှူကြတာတွေကို တိုက်တွန်းပါတယ်။ သာဓုခေါ်ပါတယ်။”
ဟု မိုးမခမိတ်ဆွေ စေတနာရှင်အမျိုးသမီးတဦးက ပြောသည်။
မိုးမခစာနယ်ဇင်းအဖွဲ့ကလည်း စင်္ကာပူက မိတ်ဆွေများ၏ နှိုးဆော်မှုကို အားကျပြီး ဆန်ဖရန်ဘေးဧရိယာတွင် စတင်ဖွင့်လှစ်မည့် ဘုန်းတော်ကြီးကျောင်းသစ်တခုဖြစ်သော အရှင်ဉာဏိကာဘိဝံသ၏ “မုဒိတာရွှေကျောင်း” တွင် ဒေါ်အောင်ဆန်းစုကြည်ကို အမှူးထားပြီး မြေတခန်းစာလှူရန် စီစဉ်မည်ဖြစ်သည်။
(Suu 66 အမှတ်တရ ဂုဏ်ပြု ပို့စကဒ် – ဂျစ်တူးမုံရွာ)
