>Maung Swan Yi – Poem

>

ပန်းပန်လျက်သာ မဗေဒါ
မောင်စွမ်းရည်
မေ ၂၆၊ ၂၀၁၁


နှင်းဆီပန်း
စံပယ်ပန်း
ပိတောက်ပန်း
မေတ္တာပန်းတွေကို
လမ်းသွားရင်းလဲပန် … အိပ်နေရင်းလဲပန်
ဟောပြောရင်းလဲပန် … ဖြေကြားရင်းလဲပန်
ထောင်အ၀င်လဲပန် … ထောင်အထွက်လဲပန်
‘‘၀င်ပြန်လဲအခါခါ
ထွက်လာရ အပွဲပွဲ
ခုဗေဒါ တောင်ဝင်ထွက်
ပန်းပန်လျက်ပဲ’’ တဲ့ ..။

လူထုထဲက လူတွေက
သူတို့နှမ … သူတို့ညီမကို
သူတို့သမီး … သူတို့မြေးကို
ဘွဲ့ခြီးနွေးထွေး … အမည်ပေးကြ
‘‘ဗေဒါမ’’ တဲ့ …။
ပြည်သူ့မေတ္တာ … ရွှေကြာပန်းကို
ရေနံ့သာဖြန်းတော့ … ရွှင်လန်းကြည်လင်
စုကို မြင်မယ်။
စုကိုမြင်ရင် … ပန်းကိုမြင်လို့
ပန်းလိုခင်မယ်…။
စုကိုမုန်းရင်တော့
ပန်းကိုမုန်းမှာပေါ့ …။
‘‘ယမ်း’’ကြိုက်သူကလဲ၊ ‘‘ပန်း’’ မကြိုက်တတ်ဘူး …။
‘‘ယမ်းနံ့’’ ရှုသူဟာ … ‘‘ပန်းနံ့’’ မကြူနိုင်ဘူး …။
‘‘ယမ်းနံ့’’ နဲ့မွှေးသူက … ‘‘ပန်းရနံ့’’ မမွှေးနိုင်ဘူး …။
ယမ်းပန်းစိုက်သူလဲ … ပန်းမျိုးမစိုက်နိုင်ဘူး …
ဒီလိုနဲ့ …. ‘‘ပန်းကြိုက်သူ’’ နဲ့
‘‘ပန်းကြောက်သူ’’ ရယ်လို့
လူနှစ်မျိုးကွဲပါလေရောတဲ့ ….။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts