>
အပြစ်က အမေရိကားမဟုတ်ဘူး
မိုးမခစာဖတ်သူတဦး (ဆန်ဖရန်ဘေးဧရိယာ)
မေ ၁၁၊ ၂၀၁၁
ဒီလက်မျိုးကဗျာကို ဖတ်ပြီး မိုးမခက ဆရာတွေဆီ စာရေးလိုက်တယ်။ သူက မဲဆောက်က အဖြစ်အပျက်တွေကို ထင်ဟတ်ပြီး ရေးတာ၊ မဲဆောက်ကြီးခင်မျာ ရစရာမရှိတော့ဘူး ဖြစ်နေတယ်။ ဟိုတခါ အောင်သာငယ်ကလည်း သူ့ကဗျာထဲမှာ အမေရိကန်မြို့တမြိုကို ဝေဖန်လိုက်တော့ စာဖတ်သူတဦးက ပြန်ရေးတဲ့ ကွန်မင့်ကို ဖတ်လိုက်ရတယ်။ သူတို့မြို့ကို မထိပါနဲ့ တဲ့။ ဒါကြောင့် အမြန်ရေးလိုက်တယ်။
အမေရိကန် စီဘီအက်စ် ဖိုက်ဗ်မှာ The Good Wife ရှေ့နေလိုက်တဲ့ နောက်ခံ ဇာတ်လမ်းကား စီးရီးပြနေတယ်။ အဲသည်မှာ အမေရိကန် ရှေ့နေလောက၊ ဥပဒေလောကနဲ့ စီးပွားရေး နိုင်ငံရေးလောကအကြောင်းကို ပြတယ်။
အဲသည်မှာ နိုင်ငံရေးသမားရဲ့ ရွေးကောက်ပွဲစည်းရုံးရေးသမား အီလိုင်ကို သူ့သမီးက ကြည့်ပြီးတော့ တိုင်းပြည်ကြီးရဲ့ အရှုပ်အထွေးတွေကို စိတ်ပျက်လက်ပျက်နဲ့ မှတ်ချက်ချတယ်။
“American Sucks …” ( အဖေတို့ အမေရိကားက ပျက်နေပြီ …) တဲ့
အီလိုင်က ချက်ခြင်း သူ့သမီး သူပုန်မ (အက်တီဗစ်စ်၊ တက်ကြွလှုပ်ရှားသူတွေကို မြေပေါ်သူပုန်တွေလို့ ကျနော် အမည်သစ်ပေးချင်ပါတယ်။ မိုးမခစဉ်းစားပါ) ကို ပြန်ပြီးတော့ ပြောတယ်။ မျိုးဆက်ဟောင်း နိုင်ငံရေးသမားတဦးက မျိုးဆက်သစ် သူပုန်နိုင်ငံရေးသမကို ချက်ခြင်း ပြန်ပြောတာနော်။ မှတ်သားစရာ …
“America does not suck. People suck.” ( သမီးရေ အမေရိကားက မပျက်ဘူး။ လူတွေက ပျက်တာ …) တဲ့။
ဒါပဲ။
ဒါဟာ အမေရိကန်မှာတော့ နံမယ်ကြီး စာကိုးစကားကိုးပဲ။
ကိုဒီလက်မျိုးကို ပြောလိုက်ပါ။ Maesod does not suck. People suck …
မဲဆောက်က မပျက်ဘူး။ လူတွေက ပျက်နေတာ …