>Gaw Shall – Mother Poem

>

ချစ်သော …. အမေ
ဂေါ်ရှယ်
မေ ၇၊ ၂၀၁၁

စမ်းရည်ပမာ အမေ့မေတ္တာတဲ့
တွေးတာနဲ့တင် အေးမြတယ် … အမေ

ဒုတိယကမ္ဘာစစ်အတွင်းနဲ့  အသွင်ကူးပြောင်းရေးကာလမှာ
ကြီးပြင်းလာခဲ့ရတဲ့ အမေ့ရဲ့ငယ်စဉ်ဘဝ
ပန်းခင်းလမ်းတော့ မဖြစ်နိုင်လောက်ပါဘူး … အမေ

လင်ဆိုးမယား တဖားဖားဆိုတဲ့စကားနဲ့  ဆန့်ကျင်စွာ
လှလှပပအနားသတ် သေသပ်လာခဲ့တဲ့ … အမေ

မညီတဲ့ထမ်းဘိုး ခက်ခဲစွာထမ်းရင်း သားသမီးတွေကို
ဘုရားသိဘို့ တရားလမ်းထဲ အရောက်ပို့ပေးခဲ့ တဲ့ … အမေ

ဘဝစတဲ့ အရွယ်ကောင်း ၄၀ ကျော်မှာ မုဆိုးမဘဝနဲ့ 
သားသမီး ၄ ယောက်ကို ရင်ဘတ်ထဲ တင်းကြပ်စွာဖက်ပြီး
ပြင်းထန်တဲ့ လောကဓံနဲ့ ကြီးမားတဲ့ ဒုက္ခလှိုင်းလုံးတွေကြားမှာ
မြှုပ်တချီ ပေါ်တလှည့် အားတင်းလို့ကူးခတ်ခဲ့တဲ့  … အမေ

မြေနိမ့်ရာ လှံစိုက်တတ်တဲ့ လူ့သဘောနဲ့ဝန်းကျင်တောမှာ
တည်ငြိမ်စွာ အပြစ်မမြင် အပြုံးမပျက်ခဲ့တဲ့ … အမေ

အမေ့ဆီက ဆုံးမသွန်သင်မှုက နှိမ့်ချခြင်း … သည်းခံခြင်းနဲ့ ချစ်ခြင်း …
အမေ့ဆီမှာ ဘယ်တော့မှ မကြားမတွေ့ခဲ့ဘူးတာ
ညည်းတွားသံနဲ့ မျက်ရည်တွေပါ … အမေ

“ဘုရားချစ်တဲ့ မုဆိုးမ ဒေါ်ကာ’’ အမေ့ကိုနှိုင်းခဲ့ကြသလို
“သီလနဲ့ ပြည့်စုံတဲ့ မုဆိုးမလို့ ” အမေ့ကိုတင်စားခဲ့ကြတာ
သမီးဂုဏ်ယူလိုက်တာ … အမေ

အမေ ဘယ်လောက်ရုန်းကန် အားတင်းရပ်ခဲ့ရသလဲ …
အမေ ဘယ်လောက်တောင် ခါးသည်းမှုတွေ ကြိတ်မှိတ်ဝါးမြိုခဲ့သလဲ …
အမေဘယ်လောက် အတွင်းကြေခဲ့မလဲ …
အမေ့ရဲ့ဆန္ဒတွေ ဘယ်လောက်များ ချိုးနှိမ်ဖျက်ဆီးခဲ့သလဲ … ဆိုတာ
ခုချိန်မှာ သမီးရင်ဘတ်နဲ့ခံစားစာနာတတ်ခဲ့ပြီ … အမေ

အမေပေးတဲ့ အမေ့ရဲ့သွေး အမေ့ရဲ့နှလုံးသားနဲ့ အမေ့ရဲ့ဘဝသင်ခန်းစာတွေအတွက်
ကျေးဇူးတင်တယ်ဆိုတဲ့စကားနဲ့  မလုံလောက်မှန်းသိပေမယ့်
“ကျေးဇူးအများကြီးပါဘဲ” … အမေ

အမေ ကျန်းမာပျော်ရွင်ပါစေလို့
အဝေးကနေသမီး ဂုဏ်ပြုဆုတောင်းပေးလိုက်ပါတယ် … အမေ

“အဝေးရောက် သားသမီးများကိုယ်စား အဝေးရှိမိခင်များအား ဦးညွတ်ဂုဏ်ပြုလျှက်”
……………………………………

သရုပ်ဖော် – အောင်ထက်