>Ye Yint Thet Zwe – Rains of Hopes

>

မိုးတွေမဟုတ်ဘူး … မျှော်လင့်ချက်တွေ
ရဲရင့်သက်ဇွဲ
မေ ၅၊ ၂၀၁၁

အမေ့ သားကြီး အင်းစိန်ထောင်မှာရှိတုန်းက
ဒီလိုသတင်းကြားရတိုင်း မျှော်လင့်ချက် အလံထူ
အင်းစိန်ထောင်ဗူးဝမှာ မြေးလေးတွေနဲ့ အတူ
ထမင်းမေ့ ဟင်းမေ့ 
မျှော်ရှာသူလေ…..။
အခုလဲ … ဒီသတင်း
အမေ့ ရင်တွင်း မျှော်လင့်ချင်းများစွာ
တဆယ့်လေးနှစ်တာကို ဖြတ်သန်းခဲ့ပီး
ကျန် တဆယ်နှစ်နှစ်တာကိုလည်း
မျှော်လင့်ချင်းများစွာနဲ့  ဖြတ်သန်းရဦးမှာပါပဲ …..။
မိုးတွေ သည်းသည်းမည်းမည်း ရွာနေတဲ့ကြားက
မော်လမြိုင်ထောင် မသွားနိုင်တဲ့အမေ
အထူ အတွဲ ရှိမှ ထနိုင် ထိုင်နိုင် သွားနိုင်တဲ့အမေ
အကျဉ်းသားလွတ်မြောက်ရေးသတင်း အကြားမှာ
အမေတယောက် သူ့ သားကြီးစိတ်နဲ့  ယောက်ယက်ခတ်နေပုံများ
အထူအတွဲမလို
အိမ်ပေါ် အိမ်အောက် ဆင်းလိုက် တက်လိုက် တက်လိုက် ဆင်းလိုက်
သားပြန်အလာကို မျှော်ရှာပုံများ …….။
သည်းသည်းမည်းမည်း ရွာနေတဲ့မိုး
မဟုတ်ဘူး …မဟုတ်ဘူး  အဲဒါမိုးတွေ မဟုတ်ဘူး…..
သည်းသည်းမည်းမည်း ရွာနေတာ
အမေ့ ရဲ့  မျှော်လင့်ချက်တွေ ……..။
(အမေသို့ )