>
ငါတို့ဟာ
ဘဝရဲ့ အဓိပ္ပာယ်မရှိမှုတွေ ကြားထဲမှာ
လွဲမှားမှုတွေရဲ့ အဓိပ္ပာယ်ကို အဓိပ္ပာယ်ရှိရှိ ရှာခဲ့ရ …
နင်ရော ငါရော …
လွှင့်ချင်ရာကို လွှင့်ရင်း … က …
လွင့်ချင်ရာကို လွင့်ခဲ့ရတဲ့ … ကြိုးပြတ် စွန် နှစ်ကောင် …
ဒဏ်ရာ တထောင်ကို ထမ်းပိုးထားတဲ့ စာမျက်နှာတခုစီသာ …
မရီမောနိုင်သော စိုထိုင်းဆတွေ အကြီးကြီးနဲ့ …
ငါတို့ရင်မှာ သိပ်သည်းနေတော့တယ် …
နာကျင်ခြင်းများ နှင်းလို ခုန်ချလာကြတဲ့အခါ …
ပျော်ရွှင်ခြင်းများစွာ ရင်ခွဲ အသည်းထုတ် နေလှန်းရ …
ကြေကွဲခြင်းများ မိုးလို ပြိုကျလာကြတဲ့အခါ …
စိုပြည်ခြင်းများကို အကြေးလှန် အရေဆုတ် မီးနဲ့ ဖုတ်ရ …
ဟုတ် – ဟုတ် မဟုတ် – ဟုတ် …
ဟုတ်တော့ ဟုတ်နေခဲ့ပါပြီ – ဟု အမည်ရသော ဘဝ …
ငါ့ လက်ထဲမှာ …
နင့်လက်ထဲမှာ …
နင့် ကော်ဖီ သောက်ချိန်က ..
ငါ့ ဘီယာ သောက်ချိန် …
နင် ဝိုင်တခွက် သောက်နေစဉ်မှာ …
ငါက အင်နာဂျီဒရင့်တလုံး သောက်နေ …
နင် မနက်စာ စားတော့ …
ငါက ညနေစာကို ဘီယာများနဲ့ မျှောချ …
ငါ နိုးထ ချိန်မှာ …
နင်က အိပ်ပျော်နေ …
ငါ အလုပ်သွားချိန်မှာ …
နင်က အိမ်ပြန်ပြီ …
ငါ့နေ့က နင့်ညတွေထဲမှာ လှပပြီး
ငါ့ညတွေက နင့်နေ့ရက်ထဲမှာပဲ ပျော်ဝင်နေ …
တို့နှစ်ယောက်အကြားမှာ
ဘယ်အခါများမှ
ညီမျှခြင်းတခုက ပြုတ်ကျလာပါ့ …