>Translated by May Ka on "Twilight over Burma by Inge Sargent " # 8

>

မြူတိမ်ဝေဝေ …  တောင်ခိုးဝေးဝေး – ၈
မေခ
ဧပြီ  ၂၁၊ ၂၀၁၁
မိုးမခ၏ အထူးကဏ္ဍ၊ ဘာသာပြန် အခန်းဆက် တင်ဆက်မှု
(Twilight over Burma by Inge Sargent ကို ဆီလျော်အောင် ဘာသာပြန်တာဖြစ်တယ်)
နေ့စဉ်ပင် သုစန္ဒာအဖို့ အံ့သြစရာတွေ ချည်းတွေ့နေရလေသည်။ ခံစားချက်အသစ်များကို ရင်ထဲသိမ်းဆည်းထားပြီး အံ့သြဖွယ် ညနေခင်းကျတော့မှ ၀ရံတာမှာထွက်ထိုင်ရင်း စ၀်ကိုပြောပြလေသည်။ သူတို့နှစ်ယောက် ယခုတိုင် အင်္ဂလိပ်လိုပင်ပြောကြသည်။ သူတို့စတွေ့ကြကတည်းက အင်္ဂလိပ်လိုပြောသည်။ နောက်ပိုင်းကျတော့မှ တိုးတက်လာပြီး သုစန္ဒာသည်တရားဝင်စကားဖြစ်သော  မြန်မာစကား တိုင်းယိုင်စကားတို့ကိုပါပြောလာနိုင်လေသည်။
စ၀်က သုစန္ဒာကို တိုင်းယိုင်စကား၏ အဓိက အသံ ၅မျိုးကို စိတ်ရှည်လက်ရှည်ဖြင့် လေ့ကျင့် သင်ပေးခဲ့သည့်အတွက် စ၀်ကို သူမ ကျေးဇူးတင်ရသည်။ စကားလုံး၏အဓိပ္ပါယ်ပေါ်မူတည်ပြီး အသံအနိမ့်အမြင့် ကိုရွေးပြောရသည်။ အသက်ကြီးသောသူ နှင့် လေးလေးစားစားပြောရသောသူတို့ကိုပြောသည့်အခါ သူမ အသံ အနိမ့်အမြင့်ကို သတိထားပြောရသည်။
အသံနိမ့်မြင့်ကိုမှားပြောမိလျှင် စော်ကားသလို ဖြစ်နေလေသည်။  မား   ဟူသော စကားလုံးသည် လာပါ ဟုအဓိပ္ပါယ်ရပြီး မာ  ဟူသောစကားလုံးသည် ခွေး ဟု အဓိပ္ပါယ်ရလေရာ အသံ အနိမ့်အမြင့်ပြောင်းလိုက်တာနှင့် ဒုက္ခများနိုင်လေသည်။ 


သူမသည် သူ့အိမ်က လူတွေဆွေမျိုးတွေနှင့် ပြင်းပြင်းထန်ထန်လေ့ကျင့်ပြောဆိုပြီးနောက်မှပင် သူမသည် သူတို့ အပေါ်အသံထွက်မှားပြီး အကြိမ်ပေါင်း မည်မျှများ စော်ကားနေမိပါလိမ့် ဟုတွေးမိရတော့သည်။ သူတို့သည် သူမ၏ စိတ်ပျက်စရာကောင်းသော အမှားများကို အလွန်ကြင်နာစွာလက်ခံပေးပြီး သူမ၏ အလေးထားမှုကို ခံယူကြလေသည်။ 
သူမသည် စ၀်ကို တိရစ္ဆာန်တကောင် လို သို့မဟုတ် နောက်တခုလို အသံထွက်မှားပြီးခေါ်တတ်တာကို စ၀်က ရယ်မော ထုတ်နှုတ်ပြောပြသည်။ သူမသည် စ၀်နှင့် မတွေ့ခင်ကတည်းက ဂျာမဏီတက္ကသိုလ်တွင်  နိုင်ငံခြားဘာသာကို ကျောင်းသူအဖြစ်သင်ကြားခဲ့ဖူးသော်လည်း  ယခု သင်ရသော တိုင်းယိုင်ဘာသာစကားသည် သူမအဖို့ အားလုံးထက် အခက်အခဲအဖြစ်ဆုံး စိန်ခေါ်မှုအရှိဆုံးဖြစ်နေလေသည်။
နမ့်ပန်းမှာရှိကြသောလူတွေကတော့ တပြည်သူ သူတို့၏သခင်မက သူတို့ဘာသာစကားကို အလေးအနက်ထား သင်ယူနေတာကို မြင်တော့ ၀မ်းသာကျေနပ်ကြလေ၏။ ဘယ်လောက်ပဲ ကြီးကြီးကျယ်ကျယ် ဘယ်နှစ်ခါပဲ မှားမှား သူတို့ အတွက် အကြောင်းမဟုတ်။ သူတို့ ဘယ်တော့မှ သူမကို စိတ်ညစ်သွားအောင် သို့မဟုတ် ဒီလိုအကြောင်းတွေကို မပြောကြချေ။
သုစန္ဒာ၏ စိန်ခေါ်ကြိုးစားပြီး သူတို့နှင့် တွေ့ဆုံ ပြောဆိုလေ့ကျင့်နေမှုကို ကြားရသော အခါ စ၀် ပျော်လေသည်။စိတ်ညစ်နေသောအခြေအနေကို ရယ်စရာအဖြစ် လျင်မြန်စွာ ပြောင်းလဲပစ်တတ်သော ဟာသဥာဏ် သူမမှာရှိသည်။
တခါက အရှေ့စံအိမ်တော်တွင်  ရေစုတ်စက်ပျက်သွားလေရာ ရေမလာတော့ပဲ ရှိနေစဉ် သုစန္ဒာက ရေစိမ်ကန်နှင့် ရေအိမ်အနီးက ဇလုံကြီးထဲတွင် ရေထည့်ပြီး ကစားစရာအရုပ်လေးတွေကို ရေပေါ်ပေါလောမျောနေအောင် ထည့်ထားလိုက်သည်။ ရေမလာလို့ စိတ်ဆိုးနေသော စ၀်ကိုပင် ရယ်အောင်လုပ်နိုင်ခဲ့လေသည်။ မီးစက်ကြီး ပျက်သွားတုန်းကတော့ သူမသည် မီးခလုတ်တွေအားလုံးပိတ်လိုက်ပြီး နှစ်သစ်ကူး ကြိုဆိုပွဲလုပ်ဖို့ ပြင်တော့သည်။ ပြီးတော့ သူမရယ်သည် ။ တအားကိုရယ်လေရာ စ၀်ပါလိုက်ရယ်ရသည်။ ရယ်စရာအကြောင်းမဟုတ်သော ကိစ္စကို သူမက ပေါ့သွားအောင်လုပ်ပစ်လိုက်ခြင်းဖြစ်လေသည်။
သည်လိုပေါ့ပါးသော အချိန်လေးတွေ သူမနှင့်အတူရှိနေဖို့ စ၀်လိုအပ် လေသည်။  သူမကို သူ့ဘေးနားတွင်ထားပြီး ဖြစ်နိုင်သောတရားဝင်အလုပ်ကိစ္စများ လုပ်ဖို့ စ၀် စီစဉ်လိုက်သည်။ သူမ၏ပျော်ပျော်ရွှင်ရွှင်နေတတ်သောအမူအကျင့်တွေက တပတ်၂ကြိမ်ကြားနာမှု၊ ကြည့်ရှုဆုံမှု ၊ လူထုကြား သွားလာမှုနှင့် တရားဝင် ခရီးတွေအားလုံးလိုလိုမှာ စ၀်ကို ပျော်ရွှင်စေပါသည်။
လူထုဘ၀နှင့် အဝေးမှာရှိနေသောအချိန်တွင် သူမသည် သူ့အပေါ် လုံးလုံး မှီခိုခြင်း မရှိပဲ အဖော် သူငယ်ချင်း လို နေချင်မိလေသည်။ အကယ်၍သာ စ၀်သည် သုစန္ဒာလို တပြည်သူ နှင့် လက်မထပ်ပဲ တိုင်းယိုင်မတယောက်နှင့်သာ လက်ထပ်ခဲ့လျှင် သူမသည် ဒီအရပ်မှာ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ဖြင့် မိဘဆွေမျိုးများနှင့်လည်း နီးနီးနားနားတွင်နေနိုင်ပေမည်။ သုစန္ဒာမှာတော့  လှည့်ပြီး အကြံပေးဖို့ စကားပြောဖို့ ထောက်ခံပေးဖို့သူမှလွဲလို့ မရှိရှာချေ။
နယ်ခံနှင့် နိုင်ငံခြားသား ဧည့်သည်များက တွေ့ဆုံလိုသော စာများ နေ့စဉ် ပုံမှန်လက်ခံရရှိလေသည်။
ထို့ကြောင့်  သုစန္ဒာ၏ ကျက်သရေရှိသော ဖော်ရွေသောအပြုံးဖြင့် လာသော ဧည့်သည်များကို ကြိုဆို ဧည့်ခံနေတာကို မြင်နေရသော စ၀်က ကျေနပ်နေမိသည်။ သူသာလူပျိုတယောက်ဆိုလျှင် ဧည့်သည်များကို ဧည့်ခံရမှာ ဘယ်လောက်များ ခက်လိုက်လေမလဲ ဟုတွေးမိလေသည်။ သူတို့ ပြန်ရောက်ကြပြီး လအနည်းငယ်အတွင်းတွင် အလွန်အရေးကြီးသော အမေရိကန်နှင့် ဗြိတိသျှ သံအမတ်ကြီးတို့ နှစ်ဦး မြန်မာပြည်သို့ရောက်လာခဲ့ကြပြီးနောက် အရှေ့စံအိမ်တော်တွင် နေ့လယ်စာစား ခဲ့ဖူးလေသည်။
များစွာသော သံတမန်များ၊ မြန်မာ လွှတ်တော်ဝန်ကြီးများ ၊ ဂုဏ်သရေရှိ ရာထူးကြီးသောလူများ လည်း ပါဝင်ခဲ့သည်။စ၀်က တင်းနစ်ပြိုင်ပွဲများကို ပြုလုပ်ပေးမည်ဖြစ်ရာ ၄နှစ်ကြာပစ်ထားခဲ့သော ပျက်စီးနေသည့် တင်းနစ်ကွင်းကို ပြန်လည်ပြုပြင်ရပေဦးမည်။
ပြည်နယ်၏ အဝေးအစွန်တွင်နေထိုင်ကြသော ရွာများမှ ရွာသားများသည်သူတို့ နွားအုပ်ဖြင့် ရောက်လာကြသည်။  ခွန်မိန်းထံလာရောက် ၍ လေးစားမှုကိုပြရန် သူတို့ လိုအပ်ချက်များကို အကူညီရယူရန် သူတို့မှာ အခွင့်အရေးရှိကြသည်။သုစန္ဒာက သူတို့ကို စ၀် အစည်းအဝေးလုပ်နေချိန်နှင့် တိုက်နေလျှင်လည်း သူတို့ အခွင့်အရေးကို လွတ်မသွားရအောင် စီစဉ်ပေးသည်။ တခါတလေတော့မူ ရုပ်ရှင်ရုံအသေးစားအရွယ်ရှိသော ဧည့်ခန်းအတွင်းကြမ်းခင်းကို ကောဇောများဖြင့် နံရံတဘက်မှ နောက်နံရံတဘက်အတိ အပြည့်ခင်းထားလိုက်သည်။
         ရွာသားများသည် သူတို့ ဖိနပ်များကို အပြင်မှာ ချွတ်ထားခဲ့ပြီး စီထားခဲ့သည် ။ပြီးနောက် အခန်းတွင်း ကကော်ဇောပေါ်ထိုင်ပြီး ခွန်မိန်းကို စောင့် ကြရလေသည်။ သူတို့သည် လက်ဖက်ခြောက်ခတ်ရေနွေးကြမ်းကို ဆားထည့်ပြီး သောက်သည်။ ပီတစ် ဗျူရီး ဘီစကွပ်မုန့်ကို တမြုံ့မြုံ့ ၀ါးစားကြသည်။ ချိုမွှေးသော သနပ်ဖက်ဆေးပေါ့လိပ်များကိုဖွာနေကြရာ စ၀်နှင့် သုစန္ဒာတို့ အခန်းထဲဝင်ကြသည်အထိဖြစ်လေသည်။ 
စ၀်တို့လည်း တဆင့်မြင့်သော စင်ဆိုဖာ ထိုင်ခုံပေါ်မထိုင်ပဲ သူတို့ နှင့် အတူ ကြမ်းခင်းပေါ်မှာပင် ဧည့်သည်များနှင့်မျက်နှာခြင်းဆိုင်ထိုင်လိုက်သည်။ စ၀် သူတို့နှင့် စကားပြောနေချိန်တွင် သုစန္ဒာက သူတို့၏ခေါင်းပေါင်းအောက်က ထူးဆန်းသော မျက်နှာများကို လေ့လာနေမိသည်။သူ တို့တယောက်စီ၏မျက်နှာပေါ်တွင် အကြောင်းအရာ တခုစီရှီနေကြပြီး သတ္တိ ၊ရုန်းကန် အသက်ရှင်နေမှု ၊ကြင်နာမှု၊ ဂုဏ်ယူမှု၊ မာန်မာန ကင်းမှု များကိုမြင်တွေ့နေရပြီး အခိုက်အတန့်လေးမှာ ခဏလေးမြင်တွေ့ရသော သူတို့၏ ခွန်မိန်းကို အားတက်သရော စူးစူးငေးနေကြလေသည်။  နှုတ်ခမ်းမွှေးထူထူ နှင့် အင်းကွက်များတကိုယ်လုံးရေးထိုးထားသော များစွာသော တောင်ပေါ်သား တိုင်းယိုင်များသည် ဒုတိယ ကမ္ဘာစစ်တုန်းက အမေရိကန်နှင့် အင်္ဂလိပ် လေယာဉ်မှူးများကို ဂျပန်တွေလက်မှ ကယ်တင်ပြီး အန္တရာယ်ကို ရင်ဆိုင်ကာ ၀ှက်ထားပေးဖူးလေသည်။ တောင်ပေါ်က တိုင်းရင်းသားများနှင့် တိုင်းယိုင်တို့သည် မဟာမိတ်များအပေါ်သစ္စာဆက်လက်ရှိနေသေးသောကြောင့် လေယာဉ်မှူး စတီးဝဲလ်၏ လူများကို ကယ်တင်ပေးခဲ့သည်။ ထိုအချိန်တွင် မြန်မာသည်  တိုင်းပြည်ကို ဂျပန်တို့သိမ်းပိုက်ဖို့ ကူညီပေးခဲ့သည်။
သုစန္ဒာသည် ဆမ်လု ကိုသိသည်။ သူသည် ပိန်ပိန်ရှည်ရှည် ဖြစ်ပြီး ထိုးဆင်းလာသော လေယာဉ်ပေါ်မှ ဒဏ်ရာရနေသော လေယာဉ်မှူးကို သူ့ကျောပေါ်ပိုးပြီး  လေးရက်လုံးလုံး သယ်ဆောင်သွား၍  ဘေးကင်းလုံခြုံရာ တောင်ပေါ် လက်ဖက်စိုက်သူတွေထံ ခေါ်သွားပေးခဲ့လေသည်။
တနေ့မှာတော့ စ၀်၏ အကိုသည် ကြိုတင် အကြောင်းကြားခြင်းမရှိပဲ လုံးဝမမျှော်လင့်ပဲ ရောက်လာသည်။ ခြံအ၀င်ဂိတ်ပေါက်မှာ သူ့ဂျစ်ကားရပ်ပြီး လက်ဝှေ့ပြသောအခါ ဂိတ်စောင့်ကချက်ခြင်းသိပြီး သူ့ကို စ၀်ရှိရာ တင်းနစ်ကုတ်ဆီသို့ လမ်းညွှန်ပြလိုက်သဖြင့်  ကားကဆက်မောင်းသွားလေသည်။ စ၀်က မြောက်ပိုင်းမိန်းတိုင်းနယ်က ချန်ပီယန်နှင့် ယှဉ်ပြိုင်ကစားနေလေသည်။ သို့ဖြစ်သော်ငြားလည်း သူသည် စ၀်ထက်ပိုအရပ်မြင့်ပြီး အသားလည်းပိုမည်းသည်။
သုစန္ဒာကသူ့ကို တခါလာလည်စဉ်က သိနေခဲ့သည်။ သူ့မျက်လုံးတွေက စ၀်နှင့်ဆင်တူသော်လည်း အလွန်ပင် စ၀်နှင့် ခြားနားသည်ဟုသူမထင်၏။ သူ့မျက်လုံးတွေက အေးစက် ပြီး ထိုးဖောက်စူးရှနေသည်။ စ၀်လို ကြင်နာ နွေးထွေးဟန် ကင်းမဲ့နေသည်။
          သူ သုစန္ဒာဆီ လျှောက်သွားလိုက်သည်။သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး ပြောသည်
‘  ကဲ မင်းက ငါ့ညီရဲ့ ဇနီးပေါ့နော် တွေ့ရတာ ၀မ်းသာပါတယ် ‘
သူမက လက်ဆွဲနှုတ်ဆက်လိုက်ပြီး တွေ့ရတာဝမ်းသာတဲ့အကြောင်းပြန်ပြောရင်းက သူ့ကို လွတ်နေသော ထိုင်ခုံမှာ သူမနှင့် အတူထိုင်ဖို့ ဖိတ်ခေါ်လိုက်သည်။ အခိုင်းစေများက ရုတ်ချည်းပင်သူ့အတွက် အအေးများလာချပေးသည်။
‘ ဟေး မင်း ‘
သူသည်သူတို့ထဲက တယောက်ကို လှမ်းအော်ခေါ်လိုက်သည်။
 ‘ ငါ့ဖို့ ရေနွေးကြမ်းယူလာခဲ့စမ်း ငါ သံပုရာရည် မကြိုက်ဖူးဆိုတာ မင်းတို့ မှတ်မထားဘူးလား ‘
သုစန္ဒာက သူ့အခိုင်းစေတွေအား သည်လိုဆက်ဆံတာကို မကြိုက်ချေ။ ပြီးတော့ သူ၏သည်လို ပေါင်းသင်းဆက်ဆံရေးကို စိတ်မသက်မသာခံစားရလေသည်။စ၀်ခွန်ကြာသည် သူတို့ မင်္ဂလာကိစ္စကို ဆန့်ကျင်ခဲ့သူဖြစ်တာကို သူမ သိခဲ့ဖူးလေသည်။
         နောက်ဆုံးတော့ သူဆက်သည်းမခံနိုင်တော့ပဲ ‘ ငါတော့ ဒီပွဲကြည့်ရတာနဲ့ ပင်ပန်းနေပြီ။ ဘယ်လောက်ကြာမှ ဒီပွဲက ပြီးမှာလဲ ‘  သူသည်  စားဖိုမှူးက စားစရာများပြင်နေသော မဏ္ဍပ်ဆီ ထ လျှောက်သွားလိုက်သည်။
သုစန္ဒာ အံ့သြသွားရသည်။ စားပွဲထိုးသည် စ၀်၏အကိုအား ဒူးထောက်ခစားနေတာတွေ့လိုက်ရလို့ဖြစ်သည်။ သည် အလေ့အထကို စ၀်တို့ ရောက်ကတည်းက ဖျက်သိမ်းလိုက်ပြီးဖြစ်လေသည်။အစေခံအားလုံးတို့သည် သူ့ကို ကြောက်ရွံ့နေကြသည်ထင်၏ ။သူတို့အားလုံး ခါးကို တအားကုန်း ပြီးအရိုအသေပေးနေကြပြီး သူရှိနေသောနေရာမှ ဝေးရာသို့ ထွက်ပြေးဖို့ ကြိုးစားနေကြသည်။
စ၀်ရောက်လာပြီး နောက်တခါပြန်လာသော သူ့အကို ကို ၀မ်းသာအားရ ဖက်လဲတလင်း ကြိုလေသည်။သို့သော် စ၀်ခွန်ကြာသည် သူတို့နှစ်ယောက်ကြား ခပ်ဝေးဝေးမှာရပ်နေလိုက်ပြီး ပြန်လည်တုန့်ပြန် ပွေ့ဖက်ခြင်းမပြုပဲ သူ့ညီ၏လက်မောင်းကိုသာ ဆုပ်ကိုင်လိုက်သည်။ ညီအကိုနှစ်ယောက်သည် မြန်မာစကားဖြင့်သာပြောဆိုနေကြရာမှ သုစန္ဒာသိရအောင် စ၀်က အင်္ဂလိပ်လိုပြောင်းပြောလိုက်လေသည်။
‘ ငါ အမေရိကန်ကို လေ့လာရေး ခရီး သွားတော့မယ် ‘
စ၀်ခွန်ကြာ ပြောသည်။သူသည် ဗဟိုမိန်းတိုင်းနယ် အုပ်ချုပ်ရေးဌာနက ၀န်ထမ်းတဦးဖြစ်သည်။ 
‘ ပြီးတော့ ညီလေး မင်းဆီက အကူညီနည်းနည်း လိုနေလို့ ‘
သူသည် ဘာအကူအညီလဲဆိုတာကို တိတိကျကျမပြော။ သူဘာကိုဆိုလိုတာပါလိမ့် သုစန္ဒာစိတ်ပူရလေသည်။
         သူမသည် စ၀်၏အကိုအကြောင်း ကို သူမ၏အထိန်းတော်တွေထံမှ နည်းနည်း တစွန်းတစ  ကြားခဲ့ဖူးသည်။
သူသည် ဂျပန်တွေရှိစဉ်က ဂျပန်တွေနှင့်ပေါင်း၍ စီးပွားရေးလုပ်ခဲ့ဖူးပြီး လူတွေအပေါ် ရက်ရက်စက်စက် ဆက်ဆံခဲ့ဖူးရာ အင်္ဂလိပ်တွေပြန်ဝင်လာသောအခါ သူ့ကို စံအိမ်တော်တွင် ဆက်နေခွင့်မပေးတော့ချေ။ ပြည်နယ်ရှိလူတွေက ဒီအကြောင်းနှင့် အခြားအကြောင်းတွေကြောင့် သူ့ကို လက်ခံဖို့ ငြင်းဆိုခဲ့ကြသည်။
 ၁၉၄၇ တွင် အင်္ဂလိပ်လက်အောက်မှ လွတ်လပ်ရေးရစဉ်က အရွယ်ရောက်လာကြသော ညီကိုနှစ်ယောက်သည်  အောင်မြင်မှုလမ်းပေါ်ရောက်လာခဲ့ကြသည်။ ခွန်မိန်းရွေးကောက်ပွဲတွင် စ၀်က အရွေးချယ်ခံပြီး အောင်မြင်မှုရခဲ့သည်။
         သို့သော်လည်း ယခုသူလာတာက ဖော်ဖော်ရွေရွေဟန်ဖြင့် ပြောဆိုနေသော်လည်း သူတို့ညီအကိုနှစ်ယောက် ကြားတွင် တင်းမာမှုနှင့် မယုံကြည်မှုများ ကိုဖုံးကွယ်ထားကြကြောင်းသူမ သိနေခဲ့သည်။  သူမသည် ပထမဆုံးသော အခွင့်အရေးကို အသုံးချသည့်အနေဖြင့် သူနှင့်သူ့အကိုကြားရှိ ဆက်ဆံရေးကို မေးဖို့ သူမတွေးသည်။ ဒီကိစ္စကိုသူတို့တခါမှ မဆွေးနွေးဖူးခဲ့ကြချေ။ သူ့ထံမှ တိုပြတ်ပြတ်လေသံဖြင့် ဘာမှ မဖြစ်ပါဖူး ဟုဖြေလိုက်သောအခါ သုစန္ဒာသည် ဒီကိစ္စကို  အနည်းဆုံး ဒီအချိန်မှာ ထပ်မမေးတာပဲ အကောင်းဆုံးဖြစ်မည်ဆိုတာ ရှင်းရှင်း သိသွားခဲ့သည်။နောက်တခါ သူ့ခဲအိုကစ၀်ကိုလာရှာလေလျှင် သူ့ကိုအကူအညီပေးဖို့ မေးခွန်းတွေ မမေးတော့ဖူး ဟု သူမဆုံးဖြတ်လိုက်လေသည်။ 
ပြည်နယ်အတွင်းမှ မည်သူတယောက်ကမျှ ဒီနေ့လာပြီး မတိုင်တန်းသော်လည်း နေ့ရက်တွေကို ခက်ခက်ခဲခဲဖြတ်ကျော်နေရလေသည်။ ရွာသားများမှာ သောင်းကျန်းသူတွေက ငြိမ်းခြောက်ခြင်း ၊အနိုင်ကျင့်ပြီး မတရား ခိုင်းစေခြင်း၊ ပေါ်တာဆွဲခြင်း ၊ အမျိုးသမီးများကို အိနြေ္ဒ ပျက်အောင်လုပ်ခြင်း ၊အခိျု့မှာ မုဒိန်းကျင့်ခံရခြင်း၊ မခံနိုင်သောရွာသားတွေက ကာကွယ်သောအခါ ထိုသူကို ဖမ်းဆီး ညှဉ်းဆဲ သတ်ဖြတ်ခြင်း ၊များကိုပြုလုပ်နေကြကြောင်းကို စ၀်ထံသို့ လာရောက်တိုင်ကြားကြလေသည်။ သောင်းကျန်းသူတွေသည် သူတို့ကို ရန်သူသဖွယ်ကျင့်ကြံနေပြီး သူတို့ပြည်နယ်ကိုလည်း အကာအကွယ်မပေးကြချေ။ မြန်မာနိုင်ငံဗဟိုအစိုးရထံ တင်ပြ တိုင်တန်းသော်လည်း မထူးလှချေ။စ၀်နှင့် မိန်းတိုင်းက အခြားခွန်မိန်းများစုပေါင်းပြီး ဗဟိုတိုင်းယိုင်ကောင်စီတွင် တင်ပြကြသော်လည်း ကျေနပ်လောက်သောပြန်ကြားချက်ကို လက်ခံမရရှိချေ။
         ပြည်နယ်အတွင်းက ထုတ်ကုန်များဖြစ်သော သစ် သတ္တု နှင့် အခြား စီးပွားရေး ကိစ္စအ၀အ၀တို့ အတွက်လည်း စ၀် ရတက်မအေးရချေ။
‘  ငါသိတယ် မင်းမှာ  အားလုံးက အချည်းနှီးဖြစ်နေတယ်မဟုတ်လား ‘
စ၀်က သူ့ကိုယ်သူပြောလိုက်သည်။
‘ ငါလည်း စိတ်ဆိုးဒေါသထွက်နေတယ် ။ ငါ တကယ်ကိုမယုံနိုင်ဖူးဖြစ်နေတယ်။ ဘာလို့ ငါတို့ကို ဒီလိုလုပ်ရတာလဲ  ဘာလို့ ဒီအတိုင်းကြည့်နေရတာလဲ မကူညီနိုင်ရတာလဲ ငါတို့ အခွင့်အရေးတွေရှိနေတာပဲ  ငါတို့နစ်နာချက်တွေ ကို ဘယ်လိုပြောပြရမလဲ ‘
တနေ့တွင် သောင်းကျန်းသူတပ်ဖွဲ့က ဗိုလ်မှူးတယောက်ရောက်လာပြီး သူတို့ ခေါင်းဆောင်ကြီးတဦး မကြာမီရက်အနည်းငယ်အတွင်း    မှာ လားရှိုးမှ နောင်ချိုထိသွားမည့်ခရီး  တွင် နမ့်ပန်းကိုဖြတ်သွားရန်ရှိနေသည်ဟု  လာရောက် အကြောင်းကြားလေသည်။စ၀်က သတင်းကိုအသေအချာနားထောင်ပြီး ဗိုလ်မှူးကိုပြောလိုက်သည်။
‘ ကျွန်တော်ကြားရတာ သိပ်ဝမ်းသာပါတယ် ကျွန်တော့်စံအိမ်တော်မှာ ဖိတ်ပြီးနေ့လယ်စာ တည်ခင်းချင်ပါတယ် ‘
‘ ကျွန်တော်တို့ ခွန်းမိန်းရဲ့ ဖိတ်ခေါ်တာကို ငြင်းရပါလိမ့်မယ် ခေါင်းဆောင်ကြီးက နမ့်ပန်းကိုဝင်ဖို့  အချိန်သိပ်များများ မ ရဖူးထင်တယ် ‘  သောင်းကျန်းသူဗိုလ်မှူးက ပြန်ဖြေသည်။
‘ ဒါဆိုရင် လက်ဖက်ရည်တည်ခင်းရင်ရော ‘ စ၀်က ယဉ်ကျေးစွာမေးသည်။
‘ စိတ်မကောင်းပါဘူး ခွန်မိန်း ။ ဒါပေမဲ့ ဒါလည်း မဖြစ်နိုင်ပါဖူး ‘  ဗိုလ်မှူးကပြောပြီး ဘာကြောင့်ဆိုတာတော့ ရှင်းမပြချေ။
‘ ကံမကောင်းလိုက်တာနော် ကျွန်တော်က  ခေါင်းဆောင်ကြီးနဲ့ မတွေ့ရတော့ဖူးပေါ့နော်။ ပြည်နယ်ထဲကနေဖြတ်သွားမဲ့အကြောင်းလာပြောလို့ တကယ် ကျေးဇူးတင်ပါတယ်။ ‘  စ၀်က မပြုံးနိုင်တော့ပဲ ပြောလိုက်ရလေသည်။
‘ ခေါင်းဆောင်ကြီးက သူနမ့်ပန်းကိုဖြတ်သွားတဲ့ အခါ ခွန်မိန်းကိုတွေ့ချင်တာပါ ‘ ဗိုလ်မှူးက ခပ်သွက်သွက်လေးပြောပြန်သည်။
‘ ကောင်းပြီလေ။ ခေါင်းဆောင်ကြီးကပေါ့ ။ ဟုတ်တာပေါ့ ။ ကျွန်တော့် ရုံးခန်းမှာပဲ ခဏတွေ့ကြတာပေါ့ ။ အချိန်က ဒါလောက်ပဲ ရတာဆိုတော့လေ ‘
‘ ဒါလည်း အဆင်ပြေမှာ မဟုတ်ပါဖူး ခွန်မိန်း ။ကျွန်တော်တို့ ဘာကို အကြံပေးရမလဲ ခွန်မိန်း ။  ခေါင်းဆောင်ကြီးလာမဲ့ ဗုဒ္ဓဟူးနေ့မှာ ခွန်မိန်းကလမ်းဘေးကနေစောင့်နေပေးပါ ။ ကျွန်တော်တို့က ဒီနမ့်ပန်းကိုရောက်နိုင်မဲ့အချိန်အနီးစပ်ဆုံးကို အင်္ဂါနေ့ ညနေကျရင် လာ အကြောင်းကြားပါ့မယ် ‘ 
သူ ဘာကြားလိုက်တာလဲဆိုတာကို စ၀် မယုံနိုင်အောင်ဖြစ်သွားရလေသည်။ ပြီးတော့ သူသည် ဗိုလ်မှူးကို လုံးဝကို တအံ့တသြကြည့်နေမိတော့သည်။ ဒီလူသည် မယုံနိုင်လောက်အောင် တကယ်ပင် သံတမန်စည်းကမ်းကို ချိုးဖောက်နေတာပါလား ။ စ၀်သည် တည်တည်ငြိမ်ငြိမ် စဉ်းစားဆင်ခြင်စွာဖြင့် ပြန်ပြောလိုက်သည်။
‘ တကယ်လို့ ကျွန်တော်က သာမာန် အရပ်သားတယောက်ဆိုရင် တော့ ခေါင်းဆောင်ကြီးကို မဆိုင်းမတွေပဲ လမ်းဘေးကနေ ပြေးရပ်စောင့်နေလိုက်မှာပါပဲ ၊ ဒါပေမဲ့ကျွန်တော်က လက်ရှိ ဒီနမ့်ပန်းပြည်နယ်ကို အုပ်ချုပ်လာတဲ့ ခွန်မိန်း တယောက်ဖြစ်ပါတယ် ။ကျွန်တော့်ကို လေးစားတဲ့ လူထုအတွက် ထုံးတန်းအစဉ်အလာ လုပ်ထုံးလုပ်နည်းအတိုင်း ကျွန်တော်က လူထုကိုလေးစားတဲ့ အနေနဲ့ ပြန်ပြရပါလိမ့်မယ်    ဧည့်သည်အနေနဲ့ ဒီပြည်နယ်ရဲ့ အကြီးအကဲကို ၀င်ပြီး ယဉ်ယဉ်ကျေးကျေးဝင် နှုတ်ဆက်ဖို့ အြွေကးတင်နေပါလိမ့်မယ် သူကတကယ်တွေ့ချင်ရင်ပေါ့လေ ‘ 
သောင်းကျန်းသူဗိုလ်မှူးက ဒီစကားကို သူပြန်ပြောပြလိုက်ပါမယ်ဟု ကတိပြုပြီး ပြန်ချသွားလေသည်။ သူလုပ်ကိုလုပ်ပြခဲ့သည်။ ဗုဒ္ဓဟူးနေ့တွင် ခေါင်းဆောင်ကြီး၏ ယာဉ်တန်းသည် နမ့်ပန်းတွင် မရပ်ပဲ ဖြတ်သွားခဲ့လေသည်။
စ၀် ရန်ကုန်၌် လွှတ်တော်တက်နေချိန် တွင် ၀န်ကြီးချုပ်ဦးနုထံ စာနှစ်စောင်ရောက်နေတာ မြင်ခဲ့ရလေသည်။စ၀်သည် သောင်းကျန်းသူခေါင်းဆောင်ကို ဆန့်ကျင်ပြလိုက်သည် ဟူသော စာဖြစ်သည်။ ဦးနုကတော့ စ၀်၏ ဆုံးဖြတ်ချက်ကို ထောက်ခံသည်။ သို့သော် သောင်းကျန်းသူတွေကတော့ စ၀်အပေါ် ရန်သူ ဟု သဘောထားလိုက်လေတော့သည်။
(ဆက်လက်ဖော်ပြပါမည်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts