>Letters from Michigan – 64

>

မစ်ရှီဂန်က ပေးတဲ့စာ(၆၄)
အောင်ဝေး
ဧပြီ ၁၉၊ ၂၀၁၁

အမေရိကန်စစ်သည်တော် (၁) သောင်းခွဲ၊ ဂျပန်မြေပေါ် ချက်ချင်း ရောက်ရှိ ကူညီခဲ့ပါတယ်။ ကိုယ်ချင်းစာတရားကို နားလည် တန်ဖိုးထားလို့ပဲ၊ ဂျပန်အစိုးရနဲ့ပြည်သူတွေက နိုင်ငံတကာ အကူအညီပေးမှုတွေကို လိုလိုလားလား လက်ခံခဲ့တာပါ…”

မိတ်ဆွေကြီး ကိုဒေါင်း …
ကျန်းခံ့သာလို့မာပါစ။ ဒီတခါတော့ လောကမှာ လူတိုင်းထားနိုင်ဖို့ခက်တယ် ဆိုတဲ့ ကိုယ်ချင်းစာတရားနဲ့ပဲ စလိုက်ပရစေ။

ကိုဒေါင်းကြီး … ကိုယ်ချင်းစာတရား မထားနိုင်လို့ပဲ၊ နအဖစစ်အစိုးရဟာ ၂၀၀၈ နာဂစ်မုန်တိုင်းတုန်းက အိုးမဲ့အိမ်မဲ့ အခြေအနေမဲ့ဖြစ်သွားတဲ့ပြည်သူလူထု(၁)သန်းကျော်၊ သက်မဲ့ခန္ဓာပေါင်း (၁) သိန်း (၅)သောင်းကျော်ကို မျက်နှာလွှဲခဲပစ် တာဝန်မဲ့ လျစ်လျူရှုခဲ့တာပဲပေါ့ဗျာ။

ကိုဒေါင်းကြီး… ကိုယ်ချင်းစာတရားထားနိုင်ကြလို့သာ ကိုဇာဂနာတို့၊ ကိုဇော်သက်ထွေးတို့ စသဖြင့်၊ စာပေအနုပညာရှင်တွေ အပါအ၀င်၊ တနိုင်ငံလုံးက ပြည်သူလူထုကြီးဟာ၊ နာဂစ်ဒုက္ခသည်တွေကို ကူညီ ရိုင်းပင်းခဲ့ကြတယ်။ ဒေါက်တာနေ၀င်းတို့၊ ကိုအောင်ကျော်ဆန်းတို့လို ပုဂ္ဂိုလ်တွေက သေသူတွေကို ဘ၀ကူးကောင်းအောင် မြေမြှုပ်သင်္ဂြိုဟ်ပေးခဲ့ကြတယ်။

ကိုဒေါင်းရေ… အဲဒီလို နာဂစ်ကူညီသူတွေကို ဖမ်းဆီးပြီး ထောင်ထဲ ထည့်လိုက်တာကတော့ နအဖ စစ်အစိုးရရဲ့ ကိုယ်ချင်းစာတရား ခေါင်းပါးပုံကို ထပ်ပြီး သက်သေပြလိုက်တာပဲ။

ကိုဒေါင်းကြီး … ကိုယ်ချင်းစာတရားမထားနိုင်လို့ နအဖစစ်အစိုးရက ဦးခွန်ထွန်းဦးတို့လို၊ ကိုမင်းကိုနိုင်တို့လို၊ အရှင်ဂမ္ဘီရတို့လို၊ ကိုထင်ကျော်တို့၊ မစုစုနွေးတို့လို၊ တိုင်းရင်းသား-ကျောင်းသား-သံဃာ ခေါင်းဆောင်တွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို အကျဉ်းထောင်တွေထဲ ထည့်ပြီး၊ နှစ်ရှည်ထောင်ဒဏ်တွေနဲ့ ချုပ်နှောင်ထားတာပဲ မဟုတ်လား။

ကိုဒေါင်းကြီး … ကိုယ်ချင်းစာတရား ထားနိုင်တဲ့အတွက်သာ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ NLD ခေါင်းဆောင်တွေ အဖွဲ့ဝင်တွေဟာ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို တာဝန်ယူ ကူညီ စောင့်ရှောက်နေတာပဲ မဟုတ်လား။ ဒါဟာ ကိုယ်ချင်းစာတရား ထားနိုင်တဲ့ လူထု ခေါင်းဆောင်နဲ့ သူ့ပြည်သူတွေရဲ့ ပုံရိပ်ပေါ့။ ယုတ်စွအဆုံး၊ ပြည်ပ ရောက်နေတဲ့ မြန်မာနိုင်ငံသား မှန်သမျှကလည်း သူသူကိုယ်ကိုယ် ဒုက္ခ ရောက်နေရတဲ့ ကိုယ့်တိုင်းပြည်မှာ နောက်ထပ် ဒုက္ခအသစ်တခုနဲ့ ကြုံတိုင်း ကြုံတိုင်း နေ့မဆိုင်း ည မဆိုင်း၊ ရင်ထဲမှာ ကိုယ်ချင်းစာတရား လှိုင်းလုံးတွေ၊ တလိပ်လိပ် တက်လာစတမ်းပေါ့။ ရန်ပုံငွေ ရှာဖွေပွဲတွေ တကြိုးတပမ်းပေါ့။

စေတနာဆိုတာ ကိုယ်ချင်းစာတရားရဲ့ ချိုမွှေးတဲ့ အသီးအပွင့်ပါ။ ကိုယ်ချင်းစာတရားက သီးပွင့်ပေးလိုက်တဲ့စေတနာဟာ၊ လူထုထံမှ လူထုထံသို့ စီးဆင်း ရောက်ရှိလာတယ်။ စေတနာဟာ လူထုအတွက် လူထုရဲ့တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာတပါး။ ကိုယ်ချင်းစာတရား ထားနိုင်တဲ့အခါ စိတ်ပိုင်းနာမ်ပိုင်း ခံစားမှုဟာ၊ တနည်းအားဖြင့် စိတ်ဝတ္ထုက၊ ရုပ်ဒြပ်အကောင်အထည် ဖြစ်လာတယ်။ တနည်းပြောရရင် ရုပ်ဝတ္ထု၊ ငွေကြေးအင်အားဖြစ်လာတယ်။

ဟုတ်ပြီ ကိုဒေါင်းကြီး… မကျေနိုင်လို့ ထပ်ပြီး ပြောလိုက်ပရစေ။ ကိုယ်ချင်းစာတရား ရှိသူတွေက ၂၀၀၈ နာဂစ်မုန်တိုင်းဘေးတုန်းက ကယ်ဆယ်ရေး ပစ္စည်းတွေ အပြည့်အစုံနဲ့ လေယာဉ်တင် သင်္ဘောကြီးတစင်း ကျနော်တို့နိုင်ငံ ကမ်းလွန် ပင်လယ်ပြင်မှာ အသင့် ရှိနေခဲ့ဖူးတယ်။ ကယ်ဆယ်ရေး ပစ္စည်းတွေ အစုံအလင်နဲ့ နိုင်ငံတကာက လေယာဉ်တွေ၊ တဖက်နိုင်ငံက လေဆိပ်တွေမှာ အသင့် စောင့်နေခဲ့ဖူးတယ်။

ဟုတ်ပြီ ကိုဒေါင်းကြီး … ကိုယ်ချင်းစာတရားကို နားမလည်တဲ့သူတွေကတော့ အဲဒီလို နိုင်ငံတကာရဲ့ သန့်စင်တဲ့ လူသားချင်း စာနာမှု အကူအညီတွေကို လက်မခံ၊ ပယ်ချခဲ့ရုံသာမက နာဂစ် အလောင်းပုံတွေ ကြားမှာ၊ သူတို့အတ္တအတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ လူထုဆန္ဒခံယူပွဲ ဆိုတာကို အမြတ်ထုတ်သွားခဲ့ဖူးတယ်လေ။

ကိုဒေါင်းရေ… ကိုယ်ချင်းစာတရားရှိသူ နဲ့ ကိုယ်ချင်းစာတရားမရှိသူ၊ ကိုယ်ချင်းစာတရားကို နားလည်တဲ့သူနဲ့ ကိုယ်ချင်းစာတရားကို နားမလည်တဲ့သူ၊ ကမ္ဘာကြီးက ခွဲခြားကြည့်ဖို့ကောင်းပါပြီ။ အခု လောလောဆယ် ဂျပန်ပြည် ဆူနာမီ-အနုမြူ ဓာတ်ပေါင်းဖိုအရေးကိုပဲ ကြည့်ပါတော့ ကိုဒေါင်းကြီး…။ ကိုယ်ချင်းစာတရား အပြည့်နဲ့ နိုင်ငံတကာက အကူအညီပေးသူတွေထဲမှာ အမေရိကန်စစ်သည်တော် (၁) သောင်းခွဲ၊ ဂျပန်မြေပေါ် ချက်ချင်း ရောက်ရှိ ကူညီခဲ့ပါတယ်။ ကိုယ်ချင်းစာတရားကို နားလည် တန်ဖိုးထားလို့ပဲ၊ ဂျပန်အစိုးရနဲ့ပြည်သူတွေက နိုင်ငံတကာ အကူအညီပေးမှုတွေကို လိုလိုလားလား လက်ခံခဲ့တာပါ။

ကိုဒေါင်း … ၀ါရှင်တန် ဒီစီ မြို့တော်မှာ၊ ဧပြီလလယ်လောက်ဆိုရင် နှစ်ပတ်လည် ချယ်ရီပန်းပွဲတော် ကျင်းပတယ် လို့ ဆိုတယ်။ အခုနေ ၀ါရှင်တန်မြို့ကိုသွားရင် ချယ်ရီပင်ကြီးတွေပေါ်မှာ ရောင်စုံ ဖဲကြိုးတွေ ချည်နှောင်ထားတာ တွေ့ရလိမ့်မယ်။ မင်းမင်းလတ်ရဲ့ ယုဇနပင်နဲ့ ဖဲကြိုးဝါသီချင်းကို သတိရစရာပေါ့ဗျာ။ အခု ဖဲကြိုးတွေကတော့ ဆူနာမီဘေးဒဏ် ခံရတဲ့ ဂျပန်ပြည်သူတွေအပေါ် ထားတဲ့ ကိုယ်ချင်းစာတရားကို ပြတာပါ တဲ့။

ပြောရင် ယုံချင်မှ ယုံမယ်။ ဒီချယ်ရီပင်အိုကြီးတွေဟာ၊ ဟိုး လွန်ခဲ့တဲ့ နှစ်ပေါင်း(၁၀၀)၁၉၁၂ခုနှစ် တုန်းက၊ ဂျပန်နိုင်ငံက၊ အမေရိကန်နိုင်ငံကို လက်ဆောင် ပေးခဲ့တာပါတဲ့ဗျာ။ ကိုဒေါင်းရေ… ကိုယ်ချင်းစာတရားဟာ ချယ်ရီပန်းလို လှပါတယ်။ ပြီးတော့ ကဗျာလိုလည်း လှတယ်လေ။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆရာဦးဝင်းတင်တို့ အပါအ၀င် မြန်မာကဗျာရေးသူတွေရဲ့ ဆူနာမီ ကူညီရေး ကဗျာတွေ ဂျပန် ပြည်သူတွေဆီကို အမြန်ဆုံးပေးပို့သွားမယ်လို့၊ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပြောပြခဲ့ပြီပဲ မဟုတ်လား…။

အားလုံး ဘေးဘယာ၊ ဝေးကွာကြပါစေ…။
အောင်ဝေး
မတ် ၃၀-၂၀၁၁။

မူရင်း – လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts