>Translated by May Ka on "Twilight over Burma by Inge Sargent " #6

>

မြူတိမ်ဝေဝေ …  တောင်ခိုးဝေးဝေး – ၆
မေခ
ဧပြီ  ၁၄၊ ၂၀၁၁
မိုးမခ၏ အထူးကဏ္ဍ၊ ဘာသာပြန် အခန်းဆက် တင်ဆက်မှု
(Twilight over Burma by Inge Sargent ကို ဆီလျော်အောင် ဘာသာပြန်တာဖြစ်တယ်)
အခန်း၎
            စ၀် သည်နမ့်ပန်း ပြည်နယ် အတွက် တာဝန်ယူဖို့ အချိန်မဖြုန်းနိုင်တော့ပေ။သူ ဗဟိုဦးစီးဌာနအုပ်ချုပ်ရေးတာဝန်ကိုယူလိုက်သော အခါ အခိျု့တာဝန်တွေက စိတ်ချမ်းသာစရာရှိသလို အခိျု့ကိစ္စတွေသည် စိုးရိမ်စရာတွေဖြစ်နေလေသည်။ သူ၏ကိုယ်ပိုင် အရှေ့စံအိမ်တော်ရုံးခန်းတွင် ရှေ့အဆက်ဆက်က ခွန်မိန်းတွေ လုပ်ခဲ့သော လုပ်ထုံးလုပ်နည်းအတိုင်း ပြည်နယ်ကိစ္စအ၀၀ကို ဆက်လက်လုပ်ကိုင်သွားလျှင် အဆင်ပြေချောမွေ့ သက်တောင့်သက်သာရှိလေသည်။ သို့သော် သူကထို ကိစ္စတွေကြားမှာပဲ အလုပ်လုပ်ချင်နေသည်။  
သူသည် ဒုတိယကမ္ဘာစစ်အတွင်းနှင့် အချိန်အတော်ကြာအောင် သူ့လူထုနှင့် ကင်းကွာနေခဲ့သောကြောင့် ရှေးထုံးစံအရသူ့ကိုမဲပေးတာထက် သူ့အကိုကြီးဖြစ်သော စ၀်အုံဆိုင်ကို ပေးတာကပို သင့်တော်မည်ဟု တွေးပူ စိုးရိမ်နေခဲ့လေသည်။
နောက်တော့ ၁၉၃၈တွင် စ၀်အုံဆိုင် ကွယ်လွန်သွားခဲ့ပြီး သူ့တွင်သားသမီးမထွန်းကားခဲ့ချေ။ သူ့တူနှစ်ယောက်က ခွန်မိန်းအရိုက်အရာကိုဆက်ခံဖို့ ရှိသော်လည်း သူတို့က ငယ်ရွယ်သော ကလေးအရွယ်သာရှိနေခဲ့ကြလေသည်။ နမ့်ပန်းပြည်နယ် အုပ်ချုပ်ရေးအာဏာကို ဂျပန်များအုပ်ချုပ်သည့် ကာလများမှလွဲလို့ ၁၉၄၇ထိ ဗြိတိသျှအစိုးရ၏အောက်တွင် သစ္စာခံခဲ့ကြရသည်။
ယခုအိမ်ပြန်ရောက်လာပြီဖြစ်ရာ စ၀်ခွန်ဖသည် သူ့ကိုဆုံးဖြတ်ထားခဲ့သည့်အတိုင်းသူ့လူထုက ခွန်မိန်းအဖြစ် ဆက်ခံစေလေသည်။ သူသည်ကိစ္စကို လေးလေးနက်နက် သဘောထားလုပ်ဆောင်ရမည်ဖြစ်သည်။ စစ်ပွဲ၏အပျက်အစီးတွေကြောင့် သူတို့၏စီးပွားရေး အခြေအနေသည် အရေးကြီးဆုံးအခြေအနေမှာရှိနေခဲ့သည်ဟု သူ့စိတ်တွင်ထင်သည်။ တောင်ကြားတွေမှာ တောအုပ်လိုဖြစ်နေသော လိမ္မော်ပင်တွေကို ပြန်စိုက်ရမည်။ စပါးစိုက်ဖို့ လယ်ရေသွင်းမြောင်းများပြန်လည်ပြုပြင်ရမည်။ လမ်းတွေက ဆိုးဝါးပျက်စီးနေသည်။ လယ်တဲတွေကပြိုကျ ပျက်စီးနေသည်။
ပိုမို၍ပင်သူသည် ပြည်နယ်အုပ်ချုပ်သူဖြစ်နေရာ ကျေးရွာနှင့် ခရိုင် အဆင့်ဆင့်တွင် ဒီမိုကရေစီနည်းလမ်းအရ အခွင့်အရေးများကို ပြုစုပျိုးထောင်ပေးရန် သူ့တွင် ပိုလို့ပင်တာဝန်ရှိနေသည်။ ကျေးရွာသားများနှင့် မြို့နေလူထုက စုပေါင်းစည်းဝေးတိုင်ပင်ပြီးမှ  ဆုံးဖြတ်ချက်ချခြင်းသည်  သူတို့ကို လေးစားမှုနှင့် အလေးထား စဉ်းစားကြောင်းပြသရာရောက်လေသည်။ သူတို့၏ လတ်တလောလိုအပ်ချက်နှင့် အကြံဥာဏ်များကို သူ့ထံ သတင်းပေးပို့ပေးခြင်းဖြင့် စ၀်က သူ့တာဝန်အဖြစ် ဆက်လက်လုပ်ဆောင်လေသည်။
စ၀်၏ ပထမဆုံးသော အုပ်ချုပ်ရေးနှင့်ပတ်သက်သော ကိစ္စတခုအတွက် သူသည် ပြည်နယ်တိုင်းရှိ အလုပ်သမားများအပေါ်အထူးသတိထားပြီး ဆုံးဖြတ်ခဲ့လေသည်။ သူတိုင်းတပါးမှာနေစဉ်ကတည်းက  အထူး သတိထားမိခဲ့သည်အလုပ်နှစ်ခုမှာ လာဘ်စားခြင်းနှင့် အာဏာကိုအလွဲသုံးစားပြုမှုခြင်း တို့ဖြစ်သည်။ လာဘ်စားသော အလေ့အကျင့်ဆိုသော စကားကို ပြည်နယ်တွင်းရှိ ပြည်သူများကြားပြန့်နှံ့သွား မည့်ကိစ္စကိုတော့သူသည်းမခံနိုင်ချေ။

ကန်ထရိုက်များနှင့် စီးပွားရေးသမားများသည် သူတို့၏လာဘ်များကို လက်မခံသောအခါရေရှည်တွင် သူတို့၏ အကျိုးစီးပွား အထူးအခွင့်အရေးများ အတွက် စိုးရိမ်ကြောက်လန့်လာကြသည်။ သူတို့က အရှေ့စံအိမ်တော်တွင် လျင်မြန်စွာပြောင်းလဲနေပြီဖြစ်ကြောင်း သဘောပေါက်လာကြသည်။ ယခုအခါ လူတိုင်းသည် တရားဥပဒေနှင့် အမိန့်အာဏာကို လေးစားလိုက်နာကြရမည် ဖြစ်လေသည်။
မိန်းတိုင်းနယ်တိုင်းတွင် ရာစုနှစ်နှင့်ချီပြီး ပြုလုပ်လာခဲ့သော နှစ်စဉ် လောင်းကစားပွဲ များကို ပွဲများတွင် ထည့်သွင်းလာခဲ့ရာ ထိုကိစ္စအတွက် စ၀်ကအထူးစိုးရိမ်မိလေသည်။ လူထု၏ စီးပွားရေးကို အထူး ထိခိုက်နစ်နာစေသောကြောင့် ရိုးရာထိုလောင်းကစားပွဲများကို အဆုံးသတ်စေချင်မိလေသည်။
သို့သော် သူက သူ့လူထု၏ အားနည်းချက်ကိုလည်းသိလေသည်။ သူတို့လိုအပ်တာက သူတို့၏ အစဉ်အဆက် ဆင်းသက်လာသော ခွန်မိန်းများကို ကန်တော့ကြရသောပွဲနှင့် ဆက်စပ်နေသောကြောင့်ဖြစ်လေသည်။ ထို့ကြောင့် စ၀်သည် စိတ်မပါစွာဖြင့်ပင် နမ့်ပန်းနယ်၌ တနှစ်လျှင် ပွဲ၂ကြိမ်သာကျင်းပခွင့်ပြုခဲ့သော်လည်း သိန္နီနယ်တွင် ပွဲပေါင်းများစွာပြုလုပ်ခဲ့လေသည်။
ထိုပွဲများက ပြုလုပ်သော လောင်းကစားဝိုင်းများမှ အကောက်ငွေများကို ခွန်မိန်းများက ရကြလေသည်။ စ၀်ကတော့ ထိုငွေများကို ဆင်းရဲလှသော သူ့ရွာလူထု နှင့် တောင်ပေါ်သားတွေဆီထံမှ မယူလိုချေ။ သူကထိုငွေများကို ဆင်းရဲသူများကိုကူညီရန် အလှူငွေအဖြစ်မတည် ထူထောင်ပေးလေသည်။ သို့သော် သူ၏ပြုလုပ်ချက်ကို သူ့ရှေ့အဆက်ဆက် ခွန်မိန်းများ အပေါင်းအဖော်များက သဘောမကျကြပဲ သည်အပြုအမူသည် အမေရိကန်၏ လွှမ်းမိုးမူကိုခံနေရသည်ကိုပြတာပဲ ဟုဆိုကြလေသည်။
          သို့သော် စ၀်၏ တန်ဖိုးထားသော စံများသည် သည့်မတိုင်ခင် နှစ်ပေါင်းများစွာကပင် ရှိနေခဲ့ပြီးဖြစ်လေသည်။
သူသည် သူ့အရင်က အကိုခွန်မိန်းတွေလို နမ့်ပန်းခွန်မိန်းအဖြစ် အမွေဆက်ခံရသော်လည်း  ဓလေ့ထုံးစံများကိုတော့ လိုက်နာမည့်သူမဟုတ်ချေ။ သူ့အမေရင်းနှင့် မွေးစားအမေတို့ ဆုံးသွားပြီးနောက်ပိုင်းတွင် သူ့အတွက် နမ့်ပန်းစံအိမ်တော်တွင်နေရာမရှိတော့ပဲ တောင်ကြီး မန္တလေးအိန္ဒိယနိုင်ငံ ဒါဂျီလင်မြို့တို့တွင်သွားကျောင်းတက်နေရလေသည်။ 
စာအုပ်တွေက သူ့အရင်းနှီးဆုံးမိတ်ဆွေတွေဖြစ်လာပြီး သမိုင်းဘာသာရပ်သည် သူအကြိုက်ဆုံးဘာသာရပ်ဖြစ်လေသည်။ သူသည်စာအစုံဖတ်သည်။ အမေရိကန် တော်လှန်ရေးသမိုင်းမှ အမေရိကန်ပြည်ထောင်စုဖြစ်ပေါ်လာပုံကို သူနှစ်ပေါင်းများစွာကပင် လေ့လာဖတ်ပြီးခဲ့ပြီးဖြစ်လေသည်။ ထို့ကြောင့်သူသည် အုပ်ချုပ်သူအကြောင်း ကောင်းစွာနားလည်ထားခဲ့သည်။
အုပ်ချုပ်သူဆိုသည်မှာ ပြည်သူထံမှလာရမှာဖြစ်ပြီး ပြည်သူတွေအတွက် အုပ်ချုပ်သူက အလုပ်အကျွေးပြုရမှာဖြစ်သည်။ အာဏာသည် ပြည်သူထံမှလာရမှာဖြစ်ပြီး ပြည်သူတွေအတွက်သာ အုပ်ချုပ်သူက ၀န်ထမ်းရမှာဖြစ်လေသည်။ ပြည်သူက ရွေးကောက်တင်မြှောက်သောသူကသာ အုပ်ချုပ်သူအဖြစ်ဆက်ခံရမည်ကို သူနားလည်ထားခဲ့လေသည်။ စ၀်အတွက် လူမှုရေးကိစ္စအ၀၀မှာ သူ့တွင် တာဝန်ရှိနေသည်ဟုလည်း ခံယူထားပြီး သူသည် ငယ်စဉ်က မတရားမှုများကို သူဝန်းကျင်တွင်ကိုယ်တိုင်ကိုယ်ကျ မျက်မြင်သက်သေအဖြစ် ကြုံထားခဲ့ဖူးလေသည်။
သူငယ်စဉ်ကသူ့အဖေသည် မယားများစွာကို တယောက်ပြီးတယောက် ဖဲချပ်ပစ်သလို မကြိုက်လျှင် ပစ်ထုတ်လိုက်ပြီး နောက်တယောက်ကောက်ယူခဲ့သည်ကို မြင်တွေ့ထားခဲ့လေသည်။ သူ့အကိုသည် ပြည်နယ်၏အထူးခံစားရသောအခွင့်အရေးများကို အသုံးချပြီး အာဏာပါဝါကို အလွဲသုံးစားပြုလျက် ဂျပန်နှင့်ပေါင်းပြီး စီးပွားရေးများစွာလုပ်ခဲ့ဖူးလေသည်။ ထို့ကြောင့်သူသည် လူထုအတွက် အကူအညီပေးမည်ဖြစ်ပြီး လူထုကိုခေါင်းပုံဖြတ်မည့်အလုပ်မျိုးကိုလုပ်မည်မဟုတ်ချေ။ သူ့အတွက် လောင်းကစားဝိုင်းများမှရသော အခွန်ငွေသည် လုံးလုံး မတရားခေါင်းပုံဖြတ်ခြင်းဟု ယူဆသဖြင့် ထိုငွေကို လက်မခံလိုချေ။
စ၀်ပြန်ရောက်လာပြီးတနေ့တွင် ၀န်ကြီးချုပ် ဦးသန်း သည် သာမန်ပရိဘောဂများဖြင့်သာထားရှိသော ရုံးခန်းတွင် ဧည့်သည်ကို ခရီးဦးကြိုပြု လေသည်။  ဧည့်သည်ထိုသူသည် ခွန်မိန်း၏ အထူးကိုယ်စားလှယ်ဖြစ်ပြီး ဗဟိုမိန်းတိုင်းနယ် ဦးစီးအုပ်ချုပ်ရေးအဖွဲ့ ၏ဒေသဆိုင်ရာ ကိုယ်စားလှယ်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် မိန်းတိုင်းနယ်ကြားတွင် ဆက်သွယ်ရေးတာဝန်ကို ဆောင်ရွက်လေသည်။
“ကျေးဇူးပြုပြီးထိုင်ပါခင်ဗျာ ကျွန်တော့်ရုံးအတွက် ဘာများ ယူဆောင်လာခဲ့ပါသလဲ”
 စ၀်က ရင်းရင်းနှီးနှီးပင်မေးလိုက်သည်။
ထိုသူက စိတ်လှုပ်ရှားနေပြီး ထိုင်ခုံအစွန်းတွင်ထိုင်လိုက်သည်။
‘ ခွန်မိန်း    ဟွန်ထီး အထူးကော်မရှင်နာက ကျွန်တော့်ကို ခွန်မိန်းဆီ ကို အထူး တောင်းဆိုချက် တောင်းခိုင်းလိုက်ပါတယ် ‘
သူ့အသံလှိုင်းကမြင့်တက်လာသည်။
စ၀်က သူ့ထိုင်ခုံကို ပြောင်ရှင်းနေသော စားပွဲကြီးမှ နောက်ဘက်ရွေ့တွန်းလိုက်ပြီး သူ့အင်္ကျီံလက်ကိုခေါက်လိုက်သည်။ ပြီးမှ သူပြောသည် 
     ကောင်းပြီ ပြောပါ သူတို့က ဘာကို တောင်းဆိုနေတာလဲ အားလုံးပြောပြပါ’ 
          ‘ ခွန်မိန်း   
ထိုလူ တွန့်ဆုတ်နေသည်။
“ သောင်းကျန်းသူတွေက နမ့်ပန်းနယ်မှာ ကျင်းပတဲ့ပွဲတွေမှာ  လောင်းကစားဝိုင်းတွေလုပ်ချင်တယ် သူတို့ ရန်ပုံငွေသိပ်လိုနေလို့တဲ့ ။ကျွန်တော်တို့ ကော်မရှင်နာ အဖွဲ့ကို ခွန်မိန်းဆီ လာပြောခိုင်းတာပါ ခွန်မိန်းက ပူးပေါင်းလုပ်ဆောင်ပေးဖို့ပါ”
စ၀်သည် ထိုင်ခုံပေါ်တွင် ခါးကိုဆန့်ထုတ်လိုက်သည်။ သူကြားလိုက်တာ ဟုတ်မှ ဟုတ်ပါရဲ့လား သူ အံ့မိလေသည်။
‘ ကျွန်တော့်ကို နောက်ထပ်တခါပြန်ပြောပြပါဦး ကျွန်တော် သိပ်နားမလည်လို့ပါ ‘
ကော်မရှင်နာသည် ပိုမို စိတ်လှုပ်ရှား ဂဏာမငြိမ်ဖြစ်လာပြီး သူ့ လက်ဆွဲအိတ်ကို ကောက်ကိုင်နေမိတော့သည်။
‘ ဟုတ်ကဲ့ သောင်းကျန်းသူတွေက ငွေသိပ်လိုနေပါတယ် ။နမ့်ပန်းနယ်က ပွဲတွေကလည်း အကြီးအကျယ်ဆိုတော့ သောင်းကျန်းသူ ဗိုလ်မှူးက ကျွန်တော်တို့ကို ချည်းကပ်ပြီး ခွန်မိန်းကို ခွင့်တောင်းခိုင်းတာပါ ‘
စ၀်က သူ့ညာလက်ကို ပုံစံပြောင်းလိုက်သည် ။သူကြားရတာ ဒီလောက်ဆို လုံလောက်ပါပြီ ။ စ၀်က ထိုင်ခုံမှ ထရပ်လိုက်ပြီး စားပွဲကိုပတ်ကာ ဤသတင်းသယ်ဆောင်လာသော ထိုလူအနီးသွားရပ်လိုက်သည်။
စ၀်က လေးလေးနက်နက်လေသံဖြင့်
  ကော်မရှင်နာ သွားပြီးပြောပြလိုက်ပါ။ ကျွန်တော့်လူထုကို ဘယ်တော့မှ လောင်းကစားလုပ်ခိုင်းပြီး သောင်းကျန်းသူတွေရန်ပုံငွေအတွက် မလုပ်ခိုင်းဘူး၊ ခွင့်မပြုနိုင်ဘူး။  ဘယ်သူ့အတွက်ဖြစ်ဖြစ် ။ သူ ကျွန်တော် ဒီကိစ္စအပေါ် ဘယ်လိုသဘောထားတယ်ဆိုတာ ကောင်းကောင်း သိပါတယ် ‘
ထိုလူက ပြည်နယ် ၀န်ကြီးချုပ်ကို ကြည့်လိုက်သည်။
သူ့အတွက် ကြားက ၀င်ပြောပေးနိုင်မလား ဟု သူမျှော်လင့်နေပုံရလေသည်။
ဦးသန်းက ‘  ကျွန်တော်တို့ ခွန်မိန်းရဲ့ ဆုံးဖြတ်ချက်ကို ခင်ဗျားကြားတယ်မဟုတ်လား ဒါကို ကော်မရှင်နာကိုပြန်ပြောပြလိုက်ပါ ။ တကယ်လို့ ခင်ဗျားက စာနဲ့ပေနဲ့လိုချင်တယ်ဆိုရင် ကျနော့် ရုံးခန်းကိုလာခဲ့ပါ ‘
ထိုလူသည် ခွန်မိန်းကို အကြိမ်ပေါင်းများစွာ အရိုအသေပေးပြီး အခန်းထဲမှ သုတ်သုတ်ထွက်၍ ဦးသန်းနောက်မှ လိုက်ချသွားလေသည်။
          စ၀် စိတ်မချမ်းမသာဖြစ်နေလေသည်။ သူသည် လေးလံစွာဖြင့် ပြတင်းပေါက်ဆီ လျှောက်သွားလိုက်ပြီး တောင်တန်းတွေကြားဘ၀တလျှောက်လုံး တအိအိစီးဆင်းနေသော စိမ်းမြလဲ့လဲ့ စန္ဒကူးမြစ်ကို ငေးကြည့်နေလိုက်သည်။
ကော်မရှင်နာ ဘယ်လိုလုပ်မလဲ။
 သူသည် ပြည်နယ်နားချင်းက ခွန်မိန်းတဦးဖြစ်ပြီး စ၀်၏ အမ၀မ်းကွဲနှင့် လက်ထပ်ထားသူလည်းဖြစ်နေသည်။  သူ့ကို ဖိအားပေးပြီး စ၀်ထံချည်းကပ်ခိုင်းရာ မအောင်မြင်လျှင် သူ့ကို သောင်းကျန်းသူတွေက မည်သို့တုန့်ပြန်မည်ကို လည်း စ၀်ကသိနေလေသည်။ ပြဿနာ၏အဓိကမှာ သောင်းကျန်းသူတွေသည် အမြဲပင် တိုင်းယိုင်လူထုကို လောင်းကစားဝိုင်းများပြုလုပ်ခိုင်းလေ့ရှိခြင်းပင်ဖြစ်သည်။ မြန်မာပြည်မှာတော့မူ မြင်းပွဲမှ လွဲလို့ လောင်းကစားဝိုင်းများကို ပိုလို့ပင် တားမြစ်တားခဲ့သည်။ စ၀်က ဖြစ်လာမည့် ဒုက္ခကို ကြိုမြင်နေသော်လည်း သောင်းကျန်းသူတွေ၏ တောင်းဆိုမှုကမှားနေသည် ။ပြီးတော့ စ၀်သည် ဘယ်တော့မှ သူတို့နှင့် တလှေထည်း မစီးလိုပေ။
ထိုအချိန်တွင် ဦးသန်းသည်တံခါးခေါက်ပြီး အခန်းတွင်းသို့ နောက်တကြိမ်ထပ်ဝင်လာသည်။ စ၀်က ပြတင်းပေါက်နားမှာ ရပ်လျက်ရှိနေသေးသည်။ တိုင်းယိုင်တွေထဲတွင် ထူးထူးကဲကဲအရပ်ရှည်နေသော သူသည် စိတ်ထဲက စကားတွေမပြောသေးပဲ စ၀်ပြန်လှည့်လာသည်အထိစောင့်နေလိုက်သည်။
‘ ခွန်မိန်း .. ကျွန်တော် ခွန်မိန်းရဲ့ လောင်းကစားဝိုင်းတွေအပေါ်ထားတဲ့ မူကိုလေးစားပါတယ် ဒါပေမဲ့ …’
‘ ဘာမှ ထပ်ပြီး ဒါပေမဲ့မနေပါနဲ့ … ‘
စ၀်က ဖြတ်ပြောလိုက်ပြီး ခေါင်းကို သွင်သွင်ခါရမ်းရင်းက စားပွဲပေါ်ထိုင်ချလိုက်သည်။
ထိုအချိန်တွင်စ၀်သည် ၀န်ကြီးကို စကားမပြောချင်ပေ။ သို့သော်ဝန်ကြီးက စ၀်၏ အရိပ်အကဲကို နားမလည်ချေ။
‘ ကျွန်တော် ခွန်မိန်းကို သတိပေးကိုပေးရမှာပါ ။ သောင်းကျန်းသူခေါင်းဆောင်က သူတို့ တောင်းဆိုချက်ကိုပယ်ချရင် လက်ခံမှာမဟုတ်ဖူး ‘ 
ဦးသန်းပြောလိုက်သည်။
‘ ဒါလည်းဖြစ်နိုင်ပါတယ် ။ဒါပေမဲ့ အဲဒါကသူတို့ ပြဿနာပဲ  ကျွန်တော် ကိစ္စမဟုတ်ဖူး ‘
စ၀်က ပြန်ပြောသည်။
‘ ကျွန်တော်က ခွန်မိန်းကို ဆန့်ကျင်ပြီးပြောရတော့မှာပဲ   ဒါ ကျွန်တော်တို့ရဲ့ ..’
‘ ကျွန်တော်တို့မှာ ကိုယ်ပိုင်တပ်တွေရှိပါတယ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရှိပါတယ် ဒါ မင်းမဲ့တိုင်းပြည်မဟုတ်ပါဘူး ။ ဒါကိုမမေ့စမ်းပါနဲ့ ။ ကျွန်တော်ကတော့ သူတို့ကို တိုက်ရင်းနဲ့ပဲ သေချင်တယ် ‘  စ၀်က ဒေါမာန်ဖြင့်ပြောလိုက်သည်။
သူသည် စားပွဲပေါ်က ဖိုင်တွဲကို လှမ်းယူဖွင့်လိုက်ခြင်းဖြင့် သူတို့ စကားပြီးဆုံးသွားပြီဖြစ်ကြောင်း ပြလေသည်။
ဦးသန်းအခန်းတွင်းမှ ထွက်သွားသောအခါ 
‘ ဒါ အမေရိကန်မဟုတ်ဖူး ‘
ဟု သူ တိုးတိုး ရေရွတ်သွားသံကိုကြားလိုက်ရလေသည်။
နေ့လယ်ပိုင်းတွင်သူ့မှာ အခြားလက်ခံတွေ့ဆုံစရာ အစီအစဉ် မရှိတော့ချေ။ စ၀်က သူ့ ဒရိုင်ဘာကိုခေါ်လိုက်သည်။ မြစ်၏ တဘက်ကမ်းတွင် လူအယောက် ၅၀ အား လမ်းဟောင်းကိုလမ်းပြောင်းတူးခိုင်းထားသည့်နေရာသို့ သူသွားသည်။ ထိုတောအုပ်လေးသည် စစ်အတွင်းက အတော် ပျက်စီးခဲ့လေသည်။  ကြီးမားကျယ်ဝန်းသော လိမ္မော်ပင်များ သံပုရာပင်များသည် နမ့်ပန်းတောင်ကြားတွေမှာ ပေါ်ပေါက်လာတော့မည်။
ထိုနေရာတွင် မိန်းမ ယောကျာ်းတွေသည် သူ့စိတ်ကြိုက်စိုက်ပျိုးရေးလုပ်ငန်းအတွက် အားကြိုးမာန်တက် လုပ်နေကြသည်။ စ၀်သည်သူ့ရုံးခန်းတွင်းမှာ စိတ်ညစ်ခဲ့ရတာတွေကို သည်နေရာမှာ ပြန်လည်                                                           အေးချမ်း တည်ငြိမ်သွားအောင် လုပ်နေလေသည်။ သူသည် အလုပ်သမားတယောက်ဆီက တောခုတ်ဓါးကိုယူလိုက်ပြီး မြေသြဇာထည့်ထားသော ထူသိပ်သိပ် မည်းနက်နက်မြေကြီးတွေကို အားဖြင့် လိုက်ခုတ်ပစ်နေတော့သည်။ ထိုအချိန်တွင် အလုပ်သမားများသည် ခွန်မိန်းက ၀ါးခမောက်ကိုဆောင်းထားပြီး သူတို့ ကြားတွင် ထူးဆန်း အံ့သြဖွယ် ၀င်လုပ်နေသည်ကို ရပ်ကြည့်နေမိကြလေသည်။ ထို့နောက်မတော့ သူတို့လည်း  အားသစ်မာန်သစ်များဖြင့် ဓါးများကို လွှဲခုတ်နေကြလေတော့သည်။
စ၀်သည် အခြားစီမံကိန်းဖြစ်သော  နာနတ်သီး ၊ကော်ဖီ ၊မြေပဲ ၊ဂျင်း၊ပဲပိစပ် တို့ကို တိုးချဲ့စိုက်ဖို့ရှိလေသည်။ သို့သော် သူမှာထားသော လယ်ထွန်စက်နှင့် မြေထိုးစက်တို့ကိုတော့ စောင့်ရပေဦးမည်။
        (ဆက်လက်ဖော်ပြပါမည်)