>Mar Mar Aye – 375

>“ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ်” အမှတ် (၃၇၅)

သင်္ကြန်အကြိုသီချင်းများ
မာမာအေး
ဧပြီ ၁၂၊ ၂၀၁၁

photo: Mopop
သီချင်း ဂီတသံများ ပါဝင်သော အသံလွှင့်ဆောင်းပါးကို bbc.co.uk/burmese/ တွင် နားဆင်နိုင်သည်။

သောတရှင်များ ကျန်းမာတော်မူကြပါစရှင်…
မာအေးချစ်တဲ့သောတရှင်တွေ ဂီတဝါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ … ဘာလိုလိုနဲ့ ရော်ရွက်ဝါလျှောင်းသက် တပေါင်းလကတောင် ထွက်ခဲ့ပါပေါ့လား……။ ဒီမှာတော့ အနွေးထည်တဖါးဖါးနဲ့ နေရောင်အောက်မှာ သွားနေရတုန်း။ နေရောင်ရှိတာကတခြား၊ အေးတာကြီးကတခြား “နေခြည်ဖြာမှ နွေးသော်ကြောင့်” ဆိုတဲ့ လက်ဝဲသုန္ဒရအမတ်ကြီးရဲ့ လွမ်းရတုအချနဲ့တော့ မကိုက်ချေဘူး၊ တပေါင်းလရဲ့ကျက်သရေ တွန်ကျူးနေကျ ဥသြဆွေလည်း မြိုင်ခြေတလျှောက် အေးမှာကြောက်လို့ မရောက်မလာသည်လား—၊ အသံမှမကြားရတော့ လွမ်းတယ်ပေါ့ရှင်။

လွမ်းဆို … “ဥသြ” ဆိုတဲ့ ငှက်ကလေးက သာမညငှက်မှ မဟုတ်တာလေ၊ ရှေးစာတွေမှာ ဖတ်ဖူးတာကို စုပြီး ကြည့်ရင် “အကြင်ငှက်သည် ငါနှင့်တူသောအသံ- အဘယ်ထံမှာ ရှိရသနည်း ဆိုသကဲ့သို့ မိမိ၏တွန်သံဖြင့် သတ္တ၀ါတို့၏ စိတ်နှလုံးကို ယူတတ်၏၊ ထို့ကြောင့် ကောလိလ ဥသြငှက် မည်၏။ ဥသြတို့၏အဆင်းကား အသံတည်း။ ဥသဘ၊ ဓေ၀တ၊ ဆဇ္ဇ၊ ဂန္ဓာရ၊ မဇ္ဈိမ၊ ပဉ္စမ၊ နိသာဒ ဟူသော စောင်းသံ(၇)ပါးအနက် ဥသြငှက်ကား ပဉ္စမအသံတည်း” ဆိုတာတွေ သာယာတဲ့ဟန်ကို ဥဒါန်း ပြုတော့လဲ “ဥဩတစ်ခွန်း ပျားတစ်ဇွန်း” တဲ့၊ ပျားရည်လို ချိုတယ်ပေါ့၊ ပြီးတော့ ဥဩဟာဆေးဆရာ- ဆေးလည်း ကုတတ် သတဲ့ရှင့်၊ ကရဝိတ်ငှက်မျိုးကို “ကောကိလကုလာ” လို့ မဟာဝင်ဋ္ဋီကာမှာ ဖွင့်ဆိုထားလေတာမို့ ဥဩနဲ့အမျိုးတူတယ် လို့ မှတ်သင့်တဲ့အကြောင်း၊ ကဗျာမှူးဦးသော်ဇင်ရဲ့ စာဥယျာဉ်မှာ ညွှန်းထားပါသေးတယ်၊ ဒီတော့ မာအေး လွမ်းထိုက်တယ် မဟုတ်လား။

photo: Xinhua

“ဆီးနှင်းကြွေစဲ၊ တောင်လေ၀ဲက၊ ပေါက်လဲ-ပျဉ်းပန်း၊ အနန်းအင်ကြင်း၊ ကြွေရှင်းရွက်ဟောင်း၊ လှန်ညောင်းဖူးရစ်၊ နုသစ်ငုံဖူး၊ ဥဩကျူးက၊ ပျံ့ပျူးလွမ်းပြန်” ဆိုတဲ့ ရှေးကဝိရဲ့ပျို့လင်္ကာ ကဗျာအပိုင်းအစထဲကလိုပေါ့၊ ဒီအချိန်မျိုးမှာ သစ်ရိပ်ပြန်ချိန်လို့ ဆိုတဲ့ပြီးတော့— အကိုင်း စိုက်တာနဲ့တင် အသက်ရှင်နိုင်တယ် ဆိုတဲ့ ပန်းမာလ်သီးပင်တွေ ရှာခဲ့စိုက်ခဲ့ ပျိုးထောင်ခဲ့တာတွေလည်း အမြစ်မှ စွဲပါလေစ၊ ဘယ်အခြေများ ရောက်သွားပြီလဲ … စိတ်ကူးထဲမှာ တောင်ရောက်တောရောက် ပြီးတော့လဲ ချည်တိုင်သီချင်းတောဆီ ပေါက်တာပါဘဲ။

[စုံမြိုင်ယံရွက်သစ်ဦးတွေက မြူးကွန့်လူးလွန့် ဖူးညွန့်ကစိမ်း မြရည်လိမ်းပြန်” ] x ၂ စိမ်းဖန့်ဝါရွှေ ၀နာဘွေ သာစေရန်၊ ဥဩ ဥဩ ဥဩ ဟန်ပိုပို၊ သံချိုဆင့်လောင်း ၊ တင့်တောင်းတင့်လှပေဟန်၊ ထွေရာစိတ်ကူး ထူးစွာပဖန် ထွေရာစိတ်ကူး ထူးစွာပဖန် သဘာဝမှန် xxxx
*(နွေဦးတေးသံမှ … မေလှမြိုင်)

အခု သောတရှင်များ နားဆင်ခဲ့ရတဲ့ သီချင်းပိုဒ်ကလေးဟာ အဆိုတော်ကြီး မေလှမြိုင်တို့ခေတ်က အလွန် ရေပန်းစား ကျော်ကြားခဲ့တဲ့ “နွေဦးတေးသံ” ခေါ်တဲ့ သီချင်းထဲက ဖြစ်ပါတယ်ရှင်၊ မာအေး ပြန်ဆိုဖြစ်ခဲ့တဲ့ သီချင်းတွေထဲမှာ မပါခဲ့ပါဘူး၊ ဟိုးအရင်တခါ မေလှမြိုင်အကြောင်း ပြောတုန်းက ဒီသီချင်းဟာ သူ့ဆိုဟန်ကြီးနဲ့မှ လိုက်ဖက်တာမို့လို့ ဆရာစားထားခဲ့တယ်လို့ မာအေး ပြောခဲ့ဖူးပါတယ်၊ မှန်လားမမှန်လား နည်းနည်း မြီးစမ်းကြည့်စမ်းပါနော။

[နှင်းငွေကျံ လေပြန်လောင်း]x၂ ဟေမာန်ဆောင်းလ ပြောင်းကြွခဲ့ပါပြီ အမှန်၊ ခါတပေါင်း ညှာညောင်း ကြွေ နွေရတုကိုဖန် xxxx
*(နွေဦးတေးသံမှ)

ကဲ … ကြားပြီနော်၊ အမေမြိုင့် ဆိုပေါက်ကြီးနဲ့ဆိုမှ ကိုက်တာ ရှင့်။ ဒါကြောင့် မဆိုပါဘူး၊ နားဘဲထောင်ပါတယ်။ မေလှမြိုင် ဆိုတာလဲ ကြားဆရာထဲ ထားရမယ့်သူပါ၊ အမေ့မြိုင်သီချင်း လေးငါးပုဒ်ကို ပြန်ဆိုထားပြီးပါပြီ၊ အဲဒါတွေစုပြီး ဆရာ ရန်နိုင်ဆွေ့လက်ရာ သီးသန့် တစ်ခွေထုတ်ဖို့ ဆရာနဲ့ တိုင်ပင်ကြပြီးသားပါ၊ အသစ်ရေးတဲ့ “တံငါမလေးနှင်းဆီ” တပုဒ်ပဲ ဆရာဆိုပြ သွားခဲ့ပါသေးတယ်၊ နောက်တပုဒ်က “ဒိသာပါမောက္ခ” တဲ့၊ စာဘဲ ရေးပြီးသေးတယ်၊ အသံ မထည့်ရသေးဘူး တဲ့၊ နည်းနည်းတော့ ရှည်မယ့်ပုံပါဘဲ၊ အသံတွေ မသိရခင် ဆရာက ဖိတ်စင်သွားတာနဲ့ မလုပ်ဖြစ်တဲ့ ကြွေး တင်နေတာပေါ့ရှင်၊ ကိုယ်တိုင်လည်း အပြင် ရောက်နေတာကိုး ရှင်တို့ရဲ့။

ဆရာက မြန်မာသံစစ်စစ်တွေဘဲ အရေးများတော့ ကာလခလေးတွေကြားမှာ ပနံစားဘို့ မလွယ်တဲ့ခေတ်ပါဘဲ၊ ဘယ်တော့မှ ခေတ်မတိမ်တဲ့ သီချင်းလေးတပုဒ်တော့ ဆရာရန်နိုင်ဆွေ ရေးခဲ့တာ ရှိပါတယ်၊ လတန်ခူးမှာ အတာကျူးတော့မယ်လေ၊ သင်္ကြန်တော်ခေါ်မယ့် မေတ္တာရေနဲ့ သစ္စာတွေပေးမယ့် ဘ၀ဖော် ငယ်ကျွမ်းဆွေကို လွမ်းတဲ့ တမ်းတဲ့ သီချင်းလေး သတိရလိုက်ပါတော့နော်၊ သင်္ကြန်ကို ကြိုကြတာပေါ့။

ပန်းပိတောက်ရွှေဝါ၊ အဖူးအပွင့်တွေနဲ့ ထူးတင့်ပါဘိ တန်ခူးချိန်ခါဝယ်၊ ရာသီမိဿရယ်၊ စိတြကြယ် ထွန်းလင်းတော့တယ်၊ စန်းငွေလရယ်၊ လျှမ်းဝေပတယ်၊ ပင်ကန့်ကော်ဝင်းဖန့်၊ သင်းပျံ့လို့ ကြိုင်လှိုင်နေကြတယ် xxxx လေရူးငယ်ဆော်သွေး၊ အော် ဆွေးဖွယ်ဖန်တယ်၊ ဖေါ်ဝေးခဲ့ပြန်တယ်၊ ခုအချိန်ရောက်ရင် နောင်အစဉ်တုန်း ပြုံးရွှင်ကာရယ်၊ တာသင်္ကြန်ရေပွဲ နွှဲခဲ့ကြမောင်မယ်၊ အချိန်တွေကုန်ငြောင်း၊ အောင်းမေ့လို့ မျှော်နေသူမယ်၊
လတန်ခူး ကျူးခဲ့ပါပေါ့ကွယ်၊ ကဆုန်ဆန်းမြန်းခဲ့ပါတော့တယ်၊ မောင် မရောက်လာတယ်၊ ဘယ်ဆီလမ်း မှန်းလို့ မျှော်ရမယ်၊ ရော်ကာရမ်း လွမ်းစ မပြေတော့တယ်၊ ငယ်ကျွမ်းဆွေရယ် xxxx
(ငယ်ကျွမ်းဆွေ)

[မူရင်း – ဘီဘီစီ အသံလွှင့်ဌာန – www.bbc.co.uk/burmese]