>
ရှန်တိနေကေတန် (၉၀)
ကျော်သူ
ဧပြီ ၁၂၊ ၂၀၁၁
မြန်မာနိုင်ငံ၏ ထင်ရှားကျော်ကြားပြီးလူအများ၏ ချစ်ခင်လေးစားခြင်းခံရသော စာပေပညာရှင် စာရေးဆရာကြီးပါရဂူ (ခ) ဦးလှကြိုင် အသက် (၉၀) နှစ်သည် ၉.၄.၂၀၁၁ (စနေနေ့) နံနက် ၁၀း၀၀ နာရီတွင် အာရှတော်ဝင်ဆေးခန်း၌ ကွယ်လွန်အနိစ္စရောက်ရှိခဲ့ပြီး ၁၁.၄.၂၀၁၁ (တနင်္လာနေ့) ညနေ (၅း၀၀) နာရီအချိန်တွင် ရေဝေးသုဿန်၌ နာရေးကူညီမှုအသင်း(ရန်ကုန်) အစီအစဉ်ဖြင့် မီးသင်္ဂြိုဟ်ခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။
ဆရာပါသည် အမျိုးသားစာပေ တသက်တာ စာပေဆုရှင်၊ ပါရဂူ ရှန်တိနိကေတန် စာကြည့်တိုက် တည်ထောင်ခဲ့သူ၊ မြန်မာစာပေသာမက (ဟင်ဒီ၊ ပါဋ္ဌိ၊ သက္ကတ၊ အင်္ဂလိပ်စာပေများကိုလည်း ကျွမ်းကျင် တတ်မြောက်သူဖြစ်ပြီး ယင်းစာပေများမှ မြန်မာစာဖတ်သူ ပြည်သူ/သားများအတွက် အတွေးအခေါ် စာကောင်းပေမွန်များစွာကိုလည်း ပြန်ဆိုရေးသားပေးခဲ့သူ၊ အိန္ဒိယ – မြန်မာချစ်ကြည်ရေးကို စာပေဖြင့် ပေါင်းကူးပေးခဲ့သူ … စသည့် စသည့် ဂုဏ်ပုဒ်တွေ အများကြီးထဲမှ ထိပ်ဆုံးက ရှိနေသင့်တာကတော့ “ပရဟိတ စာရေးဆရာကြီး” ဟူ၍ ဖြစ်ပါသည်။
စာရေးဆရာဘဝဖြင့် နှစ်ပေါင်း ၆၀ ကျော် ကျင်လည်ခဲ့စဉ် တသက်တာလုံး ဆရာပါရဂူ ရေးသားဟောပြောခဲ့သမျှမှာ အများအကျိုးဆောင်ခြင်းရဲ့ မြင့်မြတ်မှုကို အမြဲတစေ အမွှန်းတင်ခဲ့ပါသည်။ လူငယ်များကို အတ္တလျှော့ပြီး ပရကဲကြဖို့ အခွင့်ကြုံတိုင်း နှိုးဆော်ပါသည်။ ပရဟိတ လုပ်ဆောင်သူများကိုလည်း ဆရာပါရဂူက လေးလေးစားစား တန်ဖိုးထားခဲ့ပါသည်။
“မသေခင်တွေ့ရမည့် နတ်ချမ်းသာ”
ကောင်းမှုပြုလုပ်သူအတွက် ဆုပေးရန်နတ်ပြည်ကိုလည်းကောင်း၊ မကောင်းမှုပြုသူအတွက် ဒဏ်ပေးရန် ငရဲပြည်ကိုလည်းကောင်း မည်သည့်နေရာ၌မဆို ဖန်တီးဖို့ မခဲယဉ်းပေ။ ကောင်းမှုနှင့် မကောင်းမှုအတွက် ဤကမ္ဘာလောက၌ပင် တုံ့ပြန်မှုဖြစ်ပေါ်မလာဘဲ မနေပေ။ ဒိဗ္ဗသုခ နတ်ချမ်းသာ ဖန်တီးဖို့အတွက် တခုတည်းသောနည်းလမ်းမှာ သက်ရှိသတ္တဝါအားလုံးအပေါ်၌ ဂရုဏာထားခြင်း ဖြစ်သည်။ တခြားလူများ၏ တိုးတက်မှု၊ ငြိမ်းချမ်းမှု၊ ရွှင်လန်းချမ်းမြေ့မှုအတွက် အစွမ်းရှိသမျှ ကြိုးစား အားထုတ်ခြင်းသည် တိုင်းပြည်နှင့် လူ့အဖွဲ့အစည်း၏ အကျိုးအတွက် သည်ပိုးဆောင်ရွက်ရာလည်း ရောက်သည်။ တခြား သူများကို အကူအညီပေးခြင်းအားဖြင့် မိမိကိုယ်ကိုလည်း ကူညီရာရောက်သည်။ မိမိကိုယ်ကို အကူအညီပေးခြင်းအားဖြင့် တခြားသူများကို ကူညီရာလည်းရောက်သည်။
(ပါရဂူ)
ဆရာပါ၏ ဈာပနအခမ်းအနားတွင် စာပေ၊ ကာတွန်း၊ ပန်းချီ စသည့် နယ်ပယ်အသီးသီးမှ အနုပညာသမားများနှင့် ဆရာပါရဂူ၏ စာပေအနုပညာကို လေးစားချစ်မြတ်နိုးကြသော ပြည်သူလူထုအပေါင်းတို့မှ လာရောက်၍ နောက်ဆုံးခရီးကို လိုက်လံပို့ဆောင်ကြသည်။