>
ကွယ်လွန်ခြင်း ၃ နှစ်ပြည့် အမှတ်တရအခမ်းအနား ကျင်းပ
မိုးယံမခ
ဧပြီ ၁၁၊ ၂၀၁၁
၁၉၆၂ ခုနှစ်ကတည်းက ရန်ကုန်တက္ကသိုလ် ကျောင်းသားလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သူ၊ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ခဲ့သူ၊ ဗမာပြည်ရဲ့ အမျိုးသားဒီမိုကရေစီတော်လှန်ရေးမှာ တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့သူ တဦးဖြစ်တဲ့ ကျောင်းသားခေါင်းဆောင်ဟောင်း ဒေါ်ခင်မာအေး ကွယ်လွန်ခြင်း ၃ နှစ်ပြည့် အမှတ်တရ အခမ်းအနားကို ကျန်ရစ်သူမိသားစုများက ရန်ကုန်မြို့၊ သင်္ကန်းကျွန်း၊ ဆ/ခ ရပ်ကွက်၊ ကျိုက္ကဆံရွာလယ်လမ်း၊ အမှတ် ၈၄၅ နေအိမ်မှာ ၂၀၁၁ ခုနှစ် ဧပြီလ ၁၁ ရက် တနလာင်္နေ့မှာ ကျင်းပကြမယ်လို့ သိရှိရပါတယ်။
ရန်ကုန်တက္ကသိုလ်ကျောင်းသူဘ၀မှာ ဒေါ်ခင်မာအေးဟာ ကျောင်းသားလှုပ်ရှားမှုများစွာမှာ ပါဝင်ခဲ့ပါတယ်။ ၁၉ ၆၁ – ၆၂ ဘွဲ့ရသည်အထိ ရန်ကုန်တက္ကသိုလ် ကျောင်းသား ညီညွတ်ရေးတပ်ဦးရဲ့ ကောင်စီဝင်တဦးလည်း ဖြစ်ပါတယ်။ သီရိဆောင်နဲ့ မာလာဆောင် သဟာယနဲ့ စာဖတ်အသင်း အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့ပါတယ်။ သူဟာ ပအို့ဝ်အမျိုးသမီးတယောက်ဖြစ်ပြီး ပအိုဝ့်ကျောင်းသူ ကျောင်းသားအသင်း တွဲဖက်အတွင်းရေးမှူး၊ တောင်ငူခရိုင် ကျောင်းသူ၊ သား အသင်း အမှုဆောင်၊ ရန်ကုန်တက္ကသိုလ်သဟာယနဲ့ စာဖတ်သင်းများအဖွဲ့ချူပ် အမှုဆောင်အဖွဲ့ဝင်၊ ၁၉ ၆၁ – ၆၂ ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်းရဲ့ အယ်ဒီတာအဖွဲ့ဝင်တဦးအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။
ကေတုပွင့်လင်း၊ မငြိမ်းအေး၊ ကြည်သာခင် စတဲ့ ကလောင်အမည်များနဲ့ ကဗျာ၊ ဆောင်းပါးများ ရေးသားခဲ့ပါတယ်။
၁၉၆၇ မှ ၇၁ အထိ စစ်အုပ်စုရဲ့ ရေကြည်အိုင် စစ်အကျဉ်းစခန်းမှာ အခြားကျောင်းသူ ခေါင်းဆောင် ၂ ဦးနဲ့ အတူ ၄ နှစ် နီးပါး ထိန်းသိမ်းခံခဲ့ရပါတယ်။ ၁၉၉၃ ခုနှစ်မှာ အမျိုးသားညီလာခံနဲ့ ပတ်သက်တဲ့ ဗကသများအဖွဲ့ချူပ်ရဲ့ သဘောထားထုတ်ပြန် ကြေညာချက် ဖြန့်ဝေမှုနဲ့ ပုဒ်မ ၅ ဖြင့် ထောင် ၃ နှစ် ကျခံခဲ့ရပါတယ်။
၁၉၆၂ နှစ်လည်မှာ ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ဦးလှရွှေနဲ့ လက်ထပ်ခဲ့ပြီး ခင်ပွန်းဖြစ်သူရဲ့ နိုင်ငံရေးပါရမီဖြည့်ဖက်အဖြစ် မိသားစုဘ၀ကို ရုန်းကန် ရပ်တည်ခဲ့ရင်း စစ်အာဏာရှင်စနစ်ဆိုးရဲ့ အမျိုးမျိုးသော ဒုက္ခပေးမှုတွေအောက်မှာ ကြံ့ကြံ့ခံကာ အသက် ၆၈ နှစ် ၊ဧပြီင်္လ ၁၁ ရက်၊ ၂၀၀၈ မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။
ဒေါ်ခင်မာအေးရဲ့ နှစ်လည်ကို မျိုးဆက်သစ် မျိုးဆက်ဟောင်း အမျိုးသားရေးတိုက်ပွဲဝင်သူ ကျောင်းသားဟောင်း လူကြီး လူငယ်တွေက အမှတ်တရ အလေးအနက်ပြု တက်ရောက်ကြပါတယ်။