>
“နယူးယောက်”ကနေ
“အယ်လ်အေ”ကို
သူ မသေခင်
စာပေနှီးနှော၊ အတူဟောဖို့ ရောက်ခဲ့တယ်။
နောက်ဆုံးတွေ့ရ၊ မေ့မရခဲ့
နေ့နေ့ညည၊ တလကိုးသတင်း
မှောင်မှောင်လင်းလင်း၊ သွားရင်းလာရင်း
ရယ်ရယ်မောမော၊ ပြောရင်းဆိုရင်း
စားစားသောက်သောက်
တယောက်မျက်နှာ၊ တယောက်ကြည့်ရင်းနဲ့
မင်းနဲ့ငါနဲ့
စာကြောင်း ပေကြောင်း၊ ရှေးဟောင်းနှောင်းဖြစ်
အချစ် အမုန်း၊ အရှုံးအမြတ်
ကျုံးစပ် ချောင်းကမ်း၊ လွမ်းမိလွမ်းရာ
လွမ်းကမ္ဘာကို၊ လွမ်းကဗျာဖွဲ့
ငါနဲ့မင်းနဲ့
တယောက်လည်ပင်း၊ တယောက်ဖက်။
မင်းနဲ့ငါနဲ့ ကမ္ဘာလှည့်မယ်
ကမ္ဘာကိုပတ်၊ ကဗျာစပ်မယ်။
ကိုရီးယား ဂျပန်၊ အပြန်မဲဆောက်
တထောက်နားမယ်။
မဲဆောက်ကမှ၊ “ခွန်မင်း”ကျအောင်
သွားကြစို့၊ ရဲနှစ်ဖော်တို့
ဘကျော်ဇောကို ဖူးရဖို့ တဲ့။
“ဟေ့ – သက်ရှိထင်ရှား၊
ဗိုလ်ချုပ်များမှာ၊ ငါအချစ်ဆုံး
ကြည်ညိုဆုံးက၊ ‘မှိုင်း’ညာလက်ရုံး
သုံးကျိပ်ရဲဘော်၊ ဗိုလ်ကျော်ဇောကွ၊
‘ဆန်း’ရဲ့ ရဲဘော်၊ ဗိုလ်ကျော်ဇောကို
‘ဇော’ မသေခင်၊ ငါ ဖူးချင်တယ်
နင်နဲ့ငါတို့ သွားရအောင်” တဲ့။
‘မှိုင်း’ကြောင်း၊ ‘ဆန်း’ကြောင်း
‘ဇော’တို့အကြောင်းကို၊ အာမညောင်းနိုင်
ချောင်းတဟွတ်ဟွတ်၊ မျက်ရည်စွတ်ရင်း
ဦးညွတ်ဆန္ဒ၊ တဖွဖွ –၊
ဆေးလိပ်ခိုးမှာ-
တွေ့မြင်နိုး၊ ဇာနည်မျိုးတို့
ရှိခိုးရ
‘မိုး’ ရဲ့ဆန္ဒ၊ ‘စွမ်း’ ဆန္ဒ
‘စွမ်း’ ရဲ့ ဆန္ဒ၊ ‘မိုး’ ဆန္ဒ။
ယုံကြည်ချက်တူ၊ ဆန္ဒတူမို့
တူအောင်ညှိဖို့ မလိုကြ။
သူ့ဆီကပြန်
ဂျပန်ကိုရီးယား၊ “ခွန်မင်း”သွားဖို့
သွားရန်ပြင်တုန်း၊ ဖုန်းတွေဆက်ကြ
တိုင်ရပင်ရ၊ ပျော်ခဲ့ကြ-
စိတ်ကူးယဉ်လို့၊ ရွှင်ခဲ့ရ။
“ဂျမ်း” ရေ၊ “စွမ်း” ရေ၊ တဟေဟေနဲ့
ခေါ်ချေထူးချေ၊ လေကိုဖမ်းလို့ ဒန်းစီးကြ။
တညနေမှာ –
“အဖေ ဆုံးပြီ” တဲ့
ဖုန်းဆက်ပြောကြား၊ သမီးသားတို့
အားငယ်မှိန်ညှိုး၊ အသံတိုးခဲ့
‘တင်မိုး’ နတ်ရွာ၊ လားခဲ့ပါပြီ
ငါမပါတဲ့ ခရီးရှည်။
တားခွင့်မရ၊ ဆိုင်းမရ
နှုတ်မှမဆက်၊ သွားရက်ပြီ။
“သူငယ်ချင်း–
မင်းရဲ့ကိုယ်စား၊ ဗိုလ်ချုပ်ထံပါး
အရောက်သွားပြီး၊ ၀ပ်တွားကန်တော့လိုက်ပါမယ်။
ကျော်ဇောဇာနည်၊ ဗိုလ်သက်ရှည်ကို၊
အလေးနီပြု၊ကဗျာမှုဖြင့်
သူ့တွက် ငါ့တွက်၊ လေးနက်ရည်မျှော်
ငါပူဇော်ပြီ၊
သက်တော်ရာကျော်၊ ရှည်စေသော်—”
မောင်စွမ်းရည်
၅ ဧပြီ ၂၀၁၁
