>Retirement of Than Shwe and Maung Aye could not be confirmed yet after USDP Government takeover

>

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စစ်တပ်ရာထူးမှ အနားယူမယူ အတည်မပြုနိုင်သေး
ခင်နှင်းလွင်၊ ရန်ကုန်
ဧပြီ ၈ ၊ ၂၀၁၁
မကြာမီရက်ပိုင်းက ဖျက်သိမ်းခဲ့သည့် နအဖ အစိုးရ၏ နံပါတ်တစ် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုတိယခေါင်းဆောင် ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့နှစ်ဦးမှာ တပ်မတော်မှ အနားယူမယူ ဆိုသည့်အချက်ကို မည်သူမျှ အတည်မပြုနိုင်သေးဟု ပြည်တွင်း သတင်းမီဒီယာနယ်ပယ်တွင် ပြောဆိုလျက်ရှိသည်။
မတ်လ ၃၀ ရက်နေ့ နအဖ အစိုးရ အဖွဲ့ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်မှတ်ဖြင့် ဖျက်သိမ်းခဲ့ပြီးနောက် ကာကွယ်ရေး ဦးစီးချုပ်ရာထူးကို ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အား ခန့်အပ်ခဲ့သော်လည်း နအဖ နံပါတ် ၁နှင့် ၂ ခေါင်းဆောင်တို့မှာ တပ်ရာထူးမှ တရားဝင် အနားယူခြင်းရှိမရှိ မကြေညာသေးပေ။
၃၀ ရက်နေ့ ကြံ့ဖွံ့အစိုးရသစ် အာဏာလွှဲပြောင်းယူပြီးနောက် ဖွဲ့စည်းခဲ့သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတွင်လည်း ထိပ်ဆုံးခေါင်းဆောင် ၂ ဦး၏ အမည်ပါရှိခြင်းမရှိပေ။ အဆိုပါလုံခြုံရေး ကောင်စီကို သမ္မတ၊ ဒုသမ္မတ၊ လွှတ်တော်ဥက္ကဌ ၂ ဦးနှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်နှင့် ဒုကာကွယ်ရေး ဦးစီးချုပ်၊ အခြားပြည်ထောင်စု ၀န်ကြီး ၄ ဦးတို့ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ယခုကဲ့သို့ ကြံ့ဖွံ့အစိုးရသစ် တာဝန်လွှဲခြင်းမပြုမီက ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ ၂ ဦးမှာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတွင် ပါဝင်ပြီး အစိုးရအာဏာကို ကြိုးကိုင်လိမ့်မည်ဆိုသည့် တွေးဆချက်များ၊ နိုင်ငံဥသျှောင်အဖွဲ့ဖွဲ့စည်းပြီး အပေါ်ဆုံးမှ အာဏာကို ထိန်းချုပ်ကိုင်တွယ်သွားမည် ဆိုသည့် ယူဆချက်များ ပေါ်ထွက်ခဲ့သည်။
သို့သော် ကြံ့ဖွံ့အစိုးရသစ် အာဏာလွှဲယူပြီး တစ်ပတ်ကြာသည့် ယခုအချိန်ထိ အဆိုပါ ခေါင်းဆောင် ၂ ဦးကို တရားဝင် အခမ်းအနား၊ ပွဲများ၊ တွေ့ဆုံခြင်းများ တခုတလေမှ မတွေ့ရသေးပေ။
ရုံးများ၊ ၀န်ကြီးဌာနများတွင်မူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဓါတ်ပုံကို ယခုအချိန်ထိ ချိတ်ဆွဲထားဆဲ ဖြစ်သည်။ အစိုးရပိုင် သတင်းစာများ၏ မျက်နှာဖုံးစာမျက်နှာ အပေါ်ဆုံးတွင် ယခင်တောက်လျှောက်ဖေါ်ပြခဲ့သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မိန့်ခွန်း ကောက်နှုတ်ချက်များကို အာဏာလွှဲပြောင်းခြင်း မပြုမီ ရက်ပိုင်းအလိုမှစပြီး ယခုအချိန်ထိ  ဖေါ်ပြခြင်းမပြုတော့ပဲ ရပ်ဆိုင်းထားသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts