>
အမှန်တကယ် ပြောင်းလဲမည့် အချက်အပေါ် သံသယရှိနေ
မိုးမခ အထောက်တော်၊ ရန်ကုန်
ဧပြီ ၇၊ ၂၀၁၁

ယမန်နေ့က သမ္မတသစ် ဦးသိန်းစိန်က အစိုးရအဖွဲ့ဝင်များအား တွေ့ဆုံပြီး မိန့်ခွန်းပြောကြားသည့် အချက်အလက်များ အပေါ် မူအားဖြင့် ကြိုဆိုသူများရှိသော်လည်း အမှန်တကယ် လက်တွေ့ အကောင်အထည် ဖေါ်နိုင်မည် မဖေါ်နိုင်မည်ဆိုသည်ကို စောင့်ကြည့်ဖို့ လိုအပ်သည်ဟု ပြည်တွင်း နိုင်ငံရေး အကဲခတ်သူများက ပြောသည်။
ဦးသိန်းစိန်က ယခုတကြိမ်ပြောဆိုသည့် မိန့်ခွန်းတွင် နိုင်ငံ စီးပွားရေး တိုးတက်ဖွံ့ဖြိုးစေဖို့ လက်တွေ့ကျကျလုပ်ကိုင်ဖို့၊ လာဘ်စားမှုများ ပပျောက်စေရန်၊ မလိုအပ်ပဲ အဆင့်ဆင့် စိစစ်ပြီး ကုန်စည်စီးဆင်းမှု၊ ရောင်းဝယ်မှုတွင် စရိတ်စက မတက်စေရန် ပြောဆိုခြင်း၊ စနစ် ပြောင်းသွားပြီဟုလည်း ရည်ညွှန်းပြောဆိုပြီး နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများကို တတ်နိုင်သရွေ့ ပုဂ္ဂလိက လုပ်ကိုင်ခွင့်ပေးမည့် အချက်နှင့် ပုဂ္ဂလိကပိုင် လုပ်ငန်းရှင်များ ပိုမို ပေါ်ထွန်းလာစေရန်လည်း အားပေးမည်ဟု ပါဝင်ခဲ့သည်။
အဆိုပါ အခမ်းအနားကို နေပြည်တော်ရှိ နိုင်ငံတော် သမ္မတရုံးတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ၁၅ မိနစ်ကြာ ပြောဆိုခဲ့သည်ဟု နိုင်ငံပိုင်သတင်းစာများတွင် ဖေါ်ပြထားသည်။
သမ္မတ မိန့်ခွန်းတွင် “စနစ်တစ်ခု၊ ခေတ်တစ်ခုကို ပြောင်းလဲခဲ့ပြီဖြစ်ကြောင်း ပြောင်းလဲသည့် ခေတ်စနစ်နှင့်အညီ အတွေးအခေါ်များ၊ လုပ်နည်းလုပ်ဟန်များလည်း လိုက်ပြောင်းရမည်”ဟု ပါရှိသည်။
လက်ရှိ မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးနှင့် စီးပွားရေး စနစ်ကို ပြုပြင်ပြောင်းလဲသွားစေရန် လုပ်ဆောင်မည့် သဘောမျိုး ပြောဆိုခဲ့သည်ဟု နိုင်ငံရေးလေ့လာသူ တချို့က သုံးသပ်ကြသည်။
သို့သော်လည်း လာဘ်စားမှု၊ ခြစားမှုကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်လျက်ရှိပြီး လုပ်ထုံးလုပ်နည်း အဆင့်ဆင့်ဖြင့် အလုပ်မဖြစ်သည့် လက်ရှိ မြန်မာနိုင်ငံအစိုးရအဖွဲ့အား ပြောဆိုသည့် အတိုင်း ဖြစ်လာဖို့ အလားအလာအပေါ် သံသယရှိကြခြင်းလည်း ဖြစ်သည်။ ယခုအစိုးရအဖွဲ့သစ်တွင် ယခင်အစိုးရ လူဟောင်း အများအပြားပါဝင်သည့် ပြင် ၀န်ကြီးဋ္ဌာနအချို့တွင် ယခင်ဝန်ကြီးဟောင်းများ၊ ဒုဝန်ကြီးဟောင်းများသာ ပြန်လည် တာဝန်ယူကြသဖြင့် သမ္မတက ပြောဆိုရည်ညွှန်းသည့် ပြုပြင်ပြောင်းလဲမှုများ ဖြစ်လာမည့် အလားအလာ နည်းသည်ဟု နိုင်ငံရေး အကဲခတ်သူ တဦးက သုံးသပ်ပြောဆိုသည်။
သုံးသပ်သူ တဦးက “ပြောင်းလဲမယ်ဆိုတာကို မှတ်ကျောက်တင်ကြည့်ဖို့ လွယ်တယ်၊ ရပ်ကွက်အဆင့် ကိုယ့်နဲ့ ထိတွေ့နေရတဲ့ မြို့နယ်အဆင့် အုပ်ချုပ်ရေး ဆိုင်ရာတွေမှာ အရင်လို ပဲဆက်ပြီး ကျင့်ကြံနေလား၊ လာဘ်ပေးနေရတုန်းလား၊ ထောက်ခံချက် တစ်ခု ရဖို့ စားပွဲ အဆင့်ဆင့် ဖြတ်နေရသေးလားဆိုတာ မကြာခင် လေ့လာကြည့်ရမှာပါ” ဟုပြောသည်။
ယမန်နေ့က ပြောကြားသည့် အချက်များထဲတွင် အစိုးရအဖွဲ့ ဝင် ၀န်ကြီး ဒုဝန်ကြီးနှင့် ပြည်နယ် ၀န်ကြီးချုပ်များ အပါအ၀င် လုပ်ပိုင်ခွင့် အပ်နှင်းခံထားရသူများအား မိမိတို့တာဝန်ကို ရဲရဲဝံ့ဝံ့ လုပ်ကိုင်ရန် နှင့် မည်သူ့တိုက်တွန်းချက်ကိုမျှ မစောင့်နေရန် ပြောဆိုပြီး မိမိတို့ လုပ်ဆောင်မှုများ၏ အဆိုးအကောင်းကိုပါ တာဝန်ခံရမည် ဆိုသည့် အချက်ကိုလည်း အလေးထား ပြောဆိုခဲ့သည်ကိုတွေ့ရသည်။
န၀တ၊ နအဖ စစ်အစိုးရ လက်ထက်တလျှောက်လုံး အစိုးရအဖွဲ့ဝင် အတွင်းရေးမှူးများ၊ ၀န်ကြီးနှင့် ဒုဝန်ကြီးများ အားလုံးလိုလိုမှာ တသွေးတသံ တမိန့်ဖြင့် အုပ်ချုပ်သူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လမ်းညွှန်ချက်၊ ညွှန်ကြားချက် အတိုင်းသာလုပ်ကိုင် လေ့ရှိပြီး ယခုမိန့်ခွန်းတွင် မည်သူ့ တိုက်တွန်းချက်ကိုမျှ မစောင့်ဖို့ ပြောခြင်းသည် ထိုအချက်ကို ရည်ရွယ်ပုံရသည်ဟု ရန်ကုန်မှ သတင်းစာဆရာ တဦးက ဝေဘန်ပြောဆိုသည်။
လွန်ခဲ့သည့် ၂၃ နှစ်လုံးလုံး မှားယွင်းသည့် စီမံခန့်ခွဲမှုများ၊ အလုပ်မဖြစ်သည့် မူဝါဒများဖြင့် ဆောင်ရွက်ခဲ့ရာမှ မြန်မာနိုင်ငံသည် အာဆီယံ ၁၀ နိုင်ငံတွင် ဖွံ့ဖြိုးမှု အနည်းဆုံး အနေအထားသို့ ရောက်ရှိနေရသည်ဟုလည်း အဆိုပါ သတင်းစာဆရာက ပြောသည်။
သမ္မတသစ် ဦးသိန်းစိန်က ယခုတကြိမ် တွေ့ဆုံ မိန့်ခွန်းပြောရာတွင် ပြည်ထောင်စု အဆင့်ဝန်ကြီးများ၊ ဒုဝန်ကြီးများနှင့် အခြားအစိုးရအဖွဲ့ဝင်များသာမက ပြည်နယ်နှင့် တိုင်းများမှ ၀န်ကြီးချုပ်များအထိ ပါဝင်ပြီး အစိုးရအဖွဲ့သစ်၏ မူဝါဒ၊ လက်တွေ့လုပ်ဆောင်ရမည့် လမ်းညွှန်ချက်များအား ပြောဆိုခြင်းလည်း ဖြစ်သည်။