>
တပုဒ်ပြီးတပုဒ် ပြဿနာတွေကို စက်နဲ့လုပ်နေကြသလို
ရေးနေကြတယ် ရေးနေကြတုန်းပဲ
တအုပ်ပြီးတအုပ် ပုံနှိပ်ထုတ်ဝေစရာမလိုအပ်တဲ့
အင်တာနက်ပေါ်မှာ…..
တချို့က ဂူးဂဲလ်မှာ ပြူးပြဲပြီး ရှာကြတယ်
တချို့က မျက်နှာစာအုပ်ပေါ်မှာ ကပ်ခွာလုပ်ကြတယ်
တချို့က အဲဒါ ငါလုပ်တာကွလို့  ညာကြတယ်
တချို့က တချို့က…တချို့က တချို့က….
”ဘ”ကို ”ဝ”နဲ့ လုံးထားတဲ့ တဘဝလုံးမှာ
ဘာမှဖြစ်မလာခဲ့လို့လည်း ဝမ်းမနည်းပါဘူး ”တဲ့” …
ဆရာဟာ ကဗျာဖြစ်သွားလိုက်
ကဗျာဟာ ဆရာဖြစ်သွားလိုက်
ကပျာကယာ ကဗျာဆရာဖြစ်သွားလိုက်နဲ့ လိုက်လို့မမီနိုင်တော့လောက်အော
”ဝမ်းသာမဆုံးအောင် ပက်လက်ပြုံးနေရပါသတဲ့”
အကြံကုန်သွားတဲ့အခါ ကဗျာဟာလည်း ဆားချက်လောက်စရာပါပဲ…
ရောသမမွှေထားတဲ့ စာသားတွေကလည်း
တောင်လေတိုက်လို့ အမှိုက်တွေ လွင့်ဝဲလာသလိုမျိုးပါ
အထူအပါး နားမလည်တော့ 
လူအများနားလည်ဖို့လည်း မလွယ်လောက်အောင်ပါပဲ……
ဒါပေမယ့်….အင်တာနက်ခေတ်ကြီးမှ
နည်းနည်း များများ ပါးပါး ထူထူ 
”လ”ကို နှစ်ချောင်းငင်တတ်ပြီး  ”က”ကို ”ဗျာ”တတ်ရင်
အားလုံးဟာ လူရာဝင်သလို အားလုံးဟာ ကဗျာရာဝင်တယ်..
အဲလ်ဘတ်ကမူးကို သိဖို့လည်းမလိုဘူ
ဘားတော့ဗရက်လည်း သိစရာမလိုဘူး
ဘားတက်ပြီး အရက်သောက်တတ်တာ အကျင့်လိုဖြစ်နေပါပြီတဲ့..
ဒီမိုးကရေစီးတာတော့ အသေအချာကို သေချာနေပါပြီ
ရေစီး သန်မသန် ရေသန် စီးမစီးသိဖို့အတွက်
လောလောဆယ်မှာ 
ကျနော်တို့  ပင်လယ်ဝဘက်ဆီကို ခရီးထွက်ကြည့်ကြတာပေါ့……။  
 
 
