>Storm hit Delta, more lives lost than Earth Quake hit Shan State

>

ဖျာပုံရေလုပ်သား ရေဘေး
ရှမ်းပြည်လွယ်မွေငလျင်ထက် ပိုပြီး အပျက်စီး အဆုံးရှုံးများ
ခင်နှင်းလွင်၊ ရန်ကုန်
ဧပြီ ၂၊ ၂၀၁၁
မတ်လလယ်က ဧရာဝတီတိုင်းတွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့်  ဖျာပုံမြို့နယ်အတွင်းမှ ရေလုပ်သားများနှင့် ရေလုပ်ငန်းများ ပျက်စီးဆုံးရှုံးမှုမှာ ရှမ်းပြည်နယ် အရှေ့ပိုင်း လွယ်မွေငလျင်ထက် ပိုမိုပြင်းများပြား သည်ဟုသိရသည်။
`ပထမအစပိုင်းကတော့ သတင်းတက်တဲ့လူ(ဋ္ဌာနဆိုင်ရာ လုပ်ရိုးလုပ်စဉ် အရ အထက်တင်ပြသူ) တွေက အသေးစိတ်မသိပဲ တင်လိုက်တာပဲ။ နောက်တော့ ထင်ထားတာထက် အများကြီးပိုတဲ့ အပျောက်ဆုံးစာရင်းတွေ တက်လာတော့ တာဝန်ရှိတဲ့လူတွေက အတော်လန့်သွားတယ်။ အဲဒါနဲ့ အခုဆိုစာရင်းဖျောက်ဖို့တောင် လုပ်နေတယ်။ အထက်ကလူကြီးတွေကလဲ တိုင်းပြည် အပြောင်းအလဲကြောင့် အာရုံမရတဲ့အချိန် ရေလုပ်သားတွေက အတော်နစ်နာတယ်´လို့ ရန်ကုန်မြို့မှ ငါးမွေးမြူရေးလုပ်ငန်းရှင် တစ်ဦးက ပြောပြသည်။
ဖျာပုံမြို့တွင် ရေဘေးကယ်ဆယ်ရေးစခန်းအဖြစ် သီရိအဏ္ဍ၀ါ ခန်းမတွင်  ဖွင့်လှစ်ထားသောကြောင့် ရေဘေးတွင် ပါဝင်ပျောက်ဆုံးနေသော မိသားစုဝင်များအား လာရောက်ရှာဖွေသူများ ရှိသည်ဟု သတင်းဖေါ်ပြချက်များအရ သိရသည်။
`အရင်ကတော့သူတို့ကို ခန်းမထဲပေးဝင်တယ်။ နောက်ပိုင်းမှာ ပန်းခြံထဲကို နှင်ထုတ်ပြီး ရပ်ကွက်အလိုက် ထမင်းဝေရတယ်။ ဝေရင်လဲကောင်းကောင်း မဝေဘူး။ ထောင်သားတွေလို ပုံစံထိုင်ခိုင်ပြီး ကောင်းကောင်းထိုင် ဝေမယ်ဆိုတာတွေ လုပ်တယ်။ ဒါပေမဲ့ ကိုယ့်မိသားစုဝင်တွေဆိုတော့ သည်းခံလာစောင့်ရတာပေါ့´လို့ မျက်မြင် တွေ့ခဲ့သူတစ်ဦးက ပြောပြသည်။
မတ်လ၁၄ရက်နေ့ညမှ စတင်တိုက်ခတ်သော လေပြင်းကြောင့် ပင်လယ်ဝတွင် ငါး ပုစွန်များ ကို ကျားပိုက်(ကျားပါးစပ်ကဲ့သို့ အ၀ကျယ်သည့်ပိုက်) ဖြင့် ထောင်ကာ ဖမ်းဆီးနေသော ကျားဖောင်သမားများနှင့် စက်တပ်လှေများ ပျက်စီးဆုံးရှုံးရခြင်းသည် သဘာဝဘေးအန္တရာယ် ရုတ်တရက် ဖောက်ပြန်မှုနှင့် ကျားဖောင်သမားများ ကျားပိုက်ထောင်ချိန်နှင့် တိုက်ဆိုင်မှုတို့ကြောင့် ဖြစ်သည်ဟု သိရသည်။
`ဒီအချိန်က ကျားဖောင်တွေ လွှတ်ချိန်ဆိုတော့ ကျားဖောင်သမားတွေက အဲဒီဖောင်ပေါ်မှာပဲ အိမ်ဆောက်ပြီး ပုစွန်ဖမ်းကြတယ်။ ဒါကြောင့် ကျားဖောင် တဖောင်မှာမရှိဘူးဆိုရင် အနည်းဆုံးလူသုံးလေးယောက်ပဲ။ အခုလက်ရှိက သိရတဲ့ စာရင်းတွေအရ ကျားဖောင်ပေါင်း သုံးထောင့်ငါးရာလောက် အကြမ်းဖျင်းရှိတယ်´
လို့ ရေလုပ်ငန်းလုပ်ကိုင်သူ တစ်ဦးက ပြေပြသည်။
ကျားဖောင်အဟောင်း တဖောင်လျှင် ကျားပိုက်နှင့် လိုအပ်သောပစ္စည်းများ အပါအ၀င် ငွေကျပ် သိန်း၃၀မှ ၄၀ကြား ရှိပြီး ယခုရရှိသော ကျားဖောင်အရေအတွက်နှင့် အကြမ်းဖျင်းတွက်ကြည့်ပါက သိန်းပေါင်း တစ်သောင်းကျော် ဆုံးရှုံးနစ်နာခဲ့သည်။ ကျားဖောင်ရေလုပ်သားဦးရေမှာ တသောင်း ငါးထောင်ခန့် ရှိနိုင်ပြီး လက်ရှိတွင် သတင်းဖော်ပြချက်များအရ လူပေါင်း တသောင်း နှစ်ထောင်ကျော် ကယ်ဆယ်ထားနိုင်ခဲ့သည် ဟုသိရသည်။
` ဒီကိစ္စက အစိုးရကလုပ်တာ မဟုတ်ဘူးလေ။ရာသီဥတုကြောင့် ဖြစ်တာပါ။ ဒါပေမဲ့ သူတို့က သတင်းသမားတွေကိုလဲ လူတွေနဲ့ ပေးမတွေ့ချင်ဘူး။ သွားမေးတဲ့လူကို စုံစမ်း မေးမြန်းနှင်ထုတ် တာတွေလုပ်တော့ သတင်းတွေအပေါ် ဒီဆုံးရှုံးမှုတွေက ရောက်မလာဘူး။ တဖြည်းဖြည်းနဲ့ မှိန်သွားအောင် အောက်က လူတွေကလဲ လုပ်နေတယ်။´လို့ ဖျာပုံမြို့ခံ တစ်ဦးက ပြောပြသည်။
ယခုပျက်စီးဆုံးရှုံးမှု စာရင်းမှာ ပျမ်းမျှသာဖြစ်ပြီး မှတ်ပုံမတင်ရသေးသော အခြားလှေများနှင့် ဖောင်များလည်း ရှိနိုင်ကြောင်း ငါးလုပ်ငန်းလုပ်ကိုင်သူ တစ်ဦးကပြောပြသည်။
နာဂစ် အပြီး  ဧရာဝတီတိုင်းမှ ရေလုပ်သားများနှင့် လယ်သမားများအနေဖြင့် သဘာဝဘေးအန္တရာယ်ကို ကြောက်ရွံ့လျက်ရှိပြီး မိုးလေ၀သသတင်းကို ယခင်ကထက်ပိုမိုပြီး နားထောင်လာသော်လည်း ယခုအဖြစ်အပျက်တွင် လုံလောက်သည့် မိုးလေ၀သ သတိပေးချက် မရရှိခဲ့ဟု အသက်ရှင်လွတ်မြောက်လာသည့် ရေလုပ်သားအချို့၏ပြောဆိုချက်အရ သိရှိရသည်။
လူပေါင်းထောင်ချီပြီး အသက်ဆုံးရှုံးခဲ့သည့် ယခုအဖြစ်အပျက်နှင့် ရာနှင့်ချီ သေဆုံးခဲ့ရသည့် ရှမ်းပြည်အရှေ့ပိုင်း ငလျင် တို့ကို နိုင်ငံအာဏာရယူထားသည့် သမ္မတ ၊ ဒုသမ္မတ တစ်ဦးတလေမျှ သွားရောက်ကြည့်ရှုအားပေးခြင်း ပြုလုပ်သည်ကို မတွေ့ရသေးပေ။ 
(၂၀၀၈ နာဂစ်မုန်တိုင်းအပြီး၊ ဘင်္ဂလားပင်လယ်အော်အ၀တွင် တွေ့ရသော ကျားဖောင်တစီး)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts