>Ni Lon Oo – Daw Aung San Suu Kyi

>

နှင်းဆီသခင်မရဲ့ အလင်းသစ်
ဖျာပုံ နီလုံဦး
မတ် ၁၄၊ ၂၀၁၁

စကြာဝဠာကြီးကို ကိုင်လှုပ်
ထိန်းချုပ်မရတဲ့၊ ဝိဉာဉ်မဲ့တံခါး
ပြိုးပြက်ကြွားဝင့် … ပွင့်သွားတဲ့တည …။

အဲသည် ညက
သူမရဲ့ကိုယ်ရောင်ဟာ
လရောင်ပြာနဲ့အတူ … ဖြူနုဝင်းဝါလို့ …။

အဲသည် ညက
သူမရဲ့ရနံ့ဟာ
နှင်းဆီဝါ ဖတ်ဖတ်နဲ့အတူ
မွှေးကြူထုံသင်းလို့ …။

အဲသည် ညက
သူမရဲ့အသံဟာ
ကြိုးကြာတောင်ပံခတ်သံအလား
ကြွားကြွားဝင့်လို့ …။

အဲသည် ညက
သူမရဲ့အပြုံးဟာ
ဒေဝစ္ဆရာ ရှုံးလောက်ရဲ့
ဓူဝံကြယ်ပွင့်နဲ့အတူ … လင်းလက်ရဲရင့်လို့ …။

အဲသည် ညက
သူမရဲ့ အမူအယာဟာ
စစ်မြေပြင်က နပိုလီယံရဲ့
အောင်စစ်သံ ဟစ်ကြွေးသည့်အလား
ကျား .. ကျား .. ယား .. ယား တက်ကြွလို့ …။

အဲသည် ညက
သူမရဲ့တခြံလုံး … တဝန်းလုံး
တက္ကသိုလ်ရိပ်သာလမ်း … တလမ်းလုံး
အင်းယားရေပြင် … တပြင်လုံး
ဟုန်းဟုန်းကြွကြွ၊ တောက်ပ ဆင်းမြ
စူးရှ မွှေးလွ၊ အေးမြ သင်းရွ
လင်ပ လက်ပြ၊ တက်ကြွ ရယ်ပြ
နှုတ်ဆက်ကြသံ၊ လက်ခုပ်သံတွေဟာ
ခြိမ့်ခြိမ့် ညံလို့ … သိမ့်သိမ့်ခါအောင်
ကမ္ဘာကြီးကို တုန်လှုပ်သွားတယ်။ ။

(၁၃-၁၁-၂၀၁၀ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်သောနေ့သို့)

သရုပ်ဖော် – အောင်ထက်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts