>
ရန်ကုန်တွင် အင်တာနက်ကို “ကာဖြူး”ချိန်မှသုံးစွဲနိုင်
ခင်နှင်းလွင်၊ ရန်ကုန်
မတ် ၁၀၊ ၂၀၁၁
ရန်ကုန်မြို့တွင် လွန်ခဲ့သည့် သီတင်းပတ်မှ စတင်ကာ အင်တာနက်မှာ လူသုံးများသည့် မနက် ၈နာရီမှ ည၁၂နာရီအတွင်း ကွန်နက်ရှင်များ နှေးကွေးနေပြီး အီးမေးလ်၊ဖေ့စ်ဘွတ်များ သုံးမရပဲ ညသန်းကောင်မှ နံနက်ခင်း ၈နာရီမထိုးမီထိသာ အဆင်ပြေပြေ သုံးစွဲနိုင်သည့် အခြေအနေဖြစ်နေသည်။
`အဓိက မရတာက ဂျီမေးလ်နဲ့ ဖေ့စ်ဘွတ်ပေါ့။ တခြားဝဘ်ဆိုဒ်တွေရတယ်။ တဖြည်းဖြည်းနဲ့ တက်တယ်။ မေးလ်နဲ့ ဖေ့စ်ဘွတ်ကတော့ လူသုံးများတဲ့ နေ့ခင်းပိုင်းတွေ လုံးဝမရဘူး။ ´လို့ အင်တာနက်သုံးစွဲသူတစ်ဦးက ပြောသည်။
အင်တာနက် ကွန်နက်ရှင်မရမှုတွေကြောင့် အင်တာနက်ဆိုင်များတွင်လည်း လာရောက်သုံးစွဲသူများ မရှိသဖြင့် ပိတ်ထားရသည့် ဆိုင်များလည်း ရှိသည်။
တနင်္လာနေ့ထုတ် အင်တာနက်ဂျာနယ်တွင် ရတနာပုံ တယ်လီပို့ တိုက်ခိုက်ခံနေရသဖြင့် တိုက်ခိုက်မခံရအောင် ကြိုးစားကာကွယ်နေကြောင်းနှင့် တိုက်ခိုက်သူများမှာ ပြည်တွင်းပြည်ပမှ ဖြစ်သည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတဦးက ပြောသည်ဟု ရေးသားထားသော်လည်း အခြားရှင်းလင်း တိကျသည့် သတင်းအချက်အလက်များ ဖေါ်ပြပါရှိခြင်း မတွေ့ရပေ။
အင်တာနက်ကွန်နက်ရှင် နှေးကွေးမှုကြောင့် အင်တာနက်ကိုသုံးပြီး ဆက်သွယ်လုပ်ကိုင် နေရသူများမှာ အခက်အခဲများတွေ့ကာ အချိန်ကြံ့ကြာမှုများ ရှိနေသည်ဟု သိရသည်။ ပြည်ပရောက် မိသားစုဝင်များနှင့် ဆက်သွယ်ရာတွင် အသုံးအများဆုံး ဖြစ်သည့် ဗီအိုအိုင်ပီ ဖုန်းဝန်ဆောင်မှုများ ရပ်တန့်နေသည်ကို တွေ့ရသည်။
ယခုကဲ့သို့ အင်တာနက် ဆက်သွယ်မှု နှေးကွေးရခြင်းမှာ အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်လျက်ရှိသည့် လူထု အုံကြွမှုများ နှင့်ပတ်သက်ပြီး ပြည်တွင်းမှ လူငယ်များ၊ နိုင်ငံရေး စိတ်ဝင်စားသူများအကြား မပြန့်နှံ့နိုင်စေရန် ရည်ရွယ်ခြင်း ဖြစ်နိုင်သည်ဟု ရန်ကုန်မြို့မှ သတင်းအယ်ဒီတာတဦးက ကောက်ချက်ချသည်။ အထူးသဖြင့် ဖေ့စ်ဘွတ်မှ တဆင့်နိုင်ငံရေးနှင့် ပတ်သက်ပြီး လှုံ့ဆော်မှုများ လုပ်ဆောင်လာမည်ကို စစ်အစိုးရက စိုးရိမ်လျက်ရှိသည့် အတွက်ယခုလို မေးလ်နှင့် ဖေ့စ်ဘွတ်ကို ပိတ်ထားခြင်း ဖြစ်နိုင်သည်ဟုလည်း အဆိုပါ အယ်ဒီတာက သုံးသပ်သည်။
ထိုသို့ အများသုံး အင်တာနက်ဆိုင်များနှင့် ပုဂ္ဂလိက အင်တာနက် သုံးစွဲသူများအတွက် ၀န်ဆောင်သည့် အင်တာနက် အဆက်အသွယ် နှေးကွေးမှု ခက်ခဲနေသော်လည်း ရန်ကုန်မြို့ရှိ ၀န်ကြီးဌာနတစ်ခု၏ ရုံးတွင်မူ ဌာနဆိုင်ရာ အရာရှိများ ရုံးကိစ္စအတွက် သုံးရန်သီးသန့်စီစဉ် ထားရှိသည့် အင်တာနက်လိုင်းတွင် လုံးဝပြတ်တောက် နှေးကွေးခြင်း မရှိသလို ဂျီမေးလ် ၊ ဂျီတော့ခ နှင့် ဖေ့စ်ဘွတ်ဝက်ဆိုက်အားလုံး အလွယ်တကူ ၀င်ရောက်နိုင်သည်ဟု အဆိုပါ ဋ္ဌာနမှ ၀န်ထမ်းတဦးကပြောသည်။
“ရုရှားပြန်တွေ အင်တာနက်ကို ကလိနေတယ်ကြားတယ်။သူတို့ အဓိကက အီးမေးလ်ကို ထိန်းချုပ်ချင်ပုံရတယ်” လို့ ထိုလူကပြောပြသည်။
မြန်မာ့ဆက်သွယ်ရေးမှ ချပေးသော ငါးသိန်းတန် အင်တာနက်လိုင်းမှာ နှေးသော်လည်း အလုပ်ဖြစ်တဲ့ အထိလောက်တော့ အင်တာနက်သုံးစွဲနိုင်သည်။ မြန်မာနိုင်ငံတွင် အင်တာနက်သုံးစွဲမှုကို အစိုးရမှ တတ်နိုင်သရွှေ့ ထိန်းချုပ်ရန် ကြိုးစားနေပြီး ပြည်ပရောက် အဖွဲ့အစည်းများ နှင့်ဆက်သွယ်သည့် နိုင်ငံရေးသမားများကို အီလက်ထရောနစ် အက်ဥပဒေနှင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်။
