Nyein Chan Aye Op-Ed

Nyein CHan Aye -Burmese Regime’s Ignorant Democracy

လူထုလူပ်ရှားမှုကို ပြက်ရယ်ပြုတဲ့ ဘုရားစူး ဗမာ့ဒီမိုကရေစီ
ငြိမ်းချမ်းအေး၊ မေ ၂၅၊ ၂၀၁၃
            သမ္မတ ရဲ့ “နေ့စားခယူ ဆန္ဒပြကြတာတွေ” ဆိုတဲ့ မှတ်သားဖွယ် စကား ကို ခု မကျေမနပ် ဖြစ်ကြတယ်။   အမှန်က ဘာမှ မကျေမနပ် ဖြစ်စရာ မရှိဘူး။   အကြောင်းက —
            တစ် – ဒီလို အပြောနဲ့ စွပ်စွဲမှုဟာ အရပ်သား အမည်ခံ စစ်တပိုင်း အစိုးရ စတက်လာကတည်းက အွန်လိုင်းမှာ လုံးလျော့၊ ကျပ်မပြည့် အာဏာရှင် နောက်မြီးဆွဲတွေ အမြဲ လုပ်လေ့ရှိတဲ့ အလုပ်ဖြစ်တယ်။  ခု လေသံတူ ထွက်တဲ့ နိုင်ငံမှာ သမ္မတ တက်လုပ်နေသူ ရဲ့ အဆင့်အတန်း၊ အတွေးအခေါ် ရေချိန်ဟာ အွန်လိုင်းက ပေါပေါလောလာ စစ်အုပ်စု ဒလန်တွေနဲ့ အဆင့်တူ ဆိုတာ သမ္မတ မဖြစ်ခင် စစ်အစိုးရ ဝန်ကြီးချုပ် ဘဝကတည်းက အရည်အသွေး၊ လုပ်ရည်ကိုင်ရည်နဲ့ သဘော ကို ကြည့်ပြီး သိပြီးဖြစ်တယ်။   သမ္မတ ဖြစ်ပြီးနောက် လုပ်ခဲ့တဲ့ အပြော၊ အဟော နဲ့ အလုပ် တွေကလည်း သက်သေပြုပြီး ဖြစ်တယ်။ ဆိုတော့ မကျေနပ်စရာ အကြောင်း မရှိ။
            နှစ် – ဒီလို အတွေးအခေါ် နဲ့ သဘောဟာ စစ်အာဏာရှင် ခေတ်အဆက်ဆက်လည်း သတင်းစာ အပါအဝင် နိုင်ငံပိုင် မီဒီယာ မျိုးစုံကနေ အောင်တန်းတကျ ဝါဒဖြန့် လေ့ရှိတဲ့ အပ်ကြောင်းထပ် ဓာတ်ပြားဟောင်းလည်း ဖြစ်တယ်။  ခု သမ္မတ ဆိုသူဟာ စစ်အာဏာရှင် စနစ် ကနေ စနစ်တကျ ကြိုတင် အချိန်ယူ ပြင်ဆင်ပြီး အရှင်လတ်လတ် တိုက်ရိုက် မွေးထုတ်တားတဲ့ တောင်ရှည်ဝတ် ခေါင်းပေါင်း ပေါင်းလျက် စစ်အုပ်စု ကိုယ်စားပြုသူ ဖြစ်တယ်။  ဆိုတော့ ဒီလို စကားမျိုးပဲ ပြောမယ်။ ဒီလို အတွေးမျိုး ပဲ ရှိမယ်။ မထူးဆန်းပါ။
            သုံး – စစ်အာဏာရှင် စနစ် အပါအဝင် လက်ဝဲ၊ လက်ယာ အာဏာရှင် စနစ် အားလုံးမှာ လူထု ဆန္ဒ နဲ့ ပတ်သက်တဲ့ အကြောင်းအရာ ကိစ္စ အားလုံး ဟာ လုပ်ယူမှ၊ အတု လုပ် မှ ရတယ်။  အတိုက်အခံကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲ၊ အစိုးရကို ထောက်ခံတဲ့ လူထု ထောက်ခံ ချီတက်ပွဲ၊ ဆန္ဒခံယူပွဲ၊ ရွေးကောက်ပွဲ စတဲ့ လူထု ပါဝင် ပတ်သက်ရတဲ့ ကိစ္စ တိုင်းကို အာဏာရှင်အစိုးရတွေဟာ ငွေ၊ မက်လုံး (တိုက်ခန်း၊ မြေ၊ မိုဘိုင်းဖုန်း)၊ လုပ်ပိုင်ခွင့် (ပါမစ်) ပေး မြူဆွယ်၊ ဒါမှမဟုတ် အာဏာနဲ့ ခြိမ်းခြောက် ပြီးတော့သာ အတု ပြုလုပ်ယူရတယ်။  ဒါကြောင့် အခု စစ်အုပ်စု သမ္မတ အနေနဲ့ “နေ့စားခယူ ဆန္ဒပြ” တဲ့ ကိစ္စကိုပဲ အကျွမ်းဝင် သိရှိနေတာ အံ့သြစရာ မရှိပါ။
            ဒီလို သဘောမျိုး မရှိ၊ ဒီလို စကားမျိုး ထွက်မလာရင်သာ အံ့သြရမယ်။ ဘုရား တရမယ်။ ခု အပြော အတွက်တော့ အံ့သြစရာ မရှိသလို မကျေနပ် စိတ်ပျက် စရာလည်း အကြောင်း မရှိလို့ ယူဆတယ်။
            ဆောင်းပါး အစ မှာ သမ္မတ ရဲ့ မှတ်သားဖွယ် စကားလို့ သုံးခဲ့တယ်။  “မှတ်သားဖွယ်” ဆိုတာ စစ်အုပ်စု ကြိုးဆွဲရာ က နေတဲ့ အတိုက်အခံ ယောင်ယောင် တွေ နဲ့ အမောင် တောင်မှန်း မြောက်မှန်း မသိ ဒီမိုလေဖြန်း တွေအတွက် မှတ်သားသင့်တဲ့ စကားဖြစ်လို့ ဆိုလိုက်ခြင်း ဖြစ်တယ်။  အစိုးရသစ်၊ သမ္မတ၊ အပြောင်းအလဲ နဲ့ ဒီမိုကရေစီ ကို ပါးစပ်က မချ ဖြစ်နေတဲ့ ခေတ်သစ် နိုင်ငံရေးသမား ဆိုသူများနဲ့ ဖောက်ပြန်တဲ့ ပညာတတ် လူလတ်တန်းစား၊  အသိဉာဏ်ကို မရိုသေတဲ့ ပညာရှင် ဆိုသူများ အတွက် မှတ်သားသင့်တဲ့ စကားလုံး ဖြစ်တယ်။  အပြောင်းအလဲ ဆိုတာ အဝတ်အစား ပြောင်းရုံမျှနဲ့ မဖြစ် အခြေခံအတွေးအခေါ်၊ ခံယူချက်၊ သဘောထား အတွင်း အဇ္ဈတ္တသန္တာန် မှာ ပြောင်းမှ ရမယ်ဆိုတာကို “ကျေးဇူးကြီးပေ တို့ဖေဖေ” လုပ်နေတဲ့ သူကိုယ်တိုင်က စကားထဲက ဇာတိပြရင်း သက်သေထပ်ပြုခြင်းဖြစ်လို့ ဗာလာနံတွေ အလေးအနက်ထား မှတ်သားသင့်တယ်။
            ဗမာပြည်မှာ စစ်အာဏာရှင်အဆက်ဆက်ဟာ ကျောင်းသား၊ လယ်သမား၊ အလုပ်သမား အရေး လူထု လှုပ်ရှားမှု အားလုံးကို နောက်ကွယ်က ကြိုးကိုင်လို့၊ ကွန်မြူနစ်တွေရဲ့ စနက်၊ ယူဂျီတွေ ကြောင့်၊ ပြည်ပက သွေးထိုးမှု၊ ပြင်ပ ပယောဂတွေပါ ဆိုပြီး အမြဲ စွပ်စွဲ ပုတ်ခတ်ခဲ့ကြတယ်။ စွပ်စွဲ တဲ့ စကားအလုပ်ပြီးရင်း ရက်ရက်စက်စက် ဖြိုခွင်းတဲ့ သေနတ် အလုပ်က တပါတည်း တွဲပါလေ့ရှိတယ်။  ခု သမိုင်းဝင် ဒီမိုကရေစီ ခေတ်ကြီးမှာ သေနတ် အလုပ်အပြင် မီးလောင်ဗုံး အလုပ်ပါ ပြည်သူ့အစိုးရ ဖြစ်တော့ ပြည်သူကို ချစ်လို့ အဆစ် ပိုပေးလာတယ်။
            ဆရာကြီး တင်မိုး ကဗျာ နဲ့ ဆိုရရင် —
မှန်တဲ့စကား တခွန်း
တစွန်းတစ မဟလိုက်လေနဲ့
ကွန်မြူနစ် တံဆိပ်ကပ်
အရပ်နဲ့ လှည့်တိုက်မယ်..။
အခွင့်အရေး ဆိုစကား
တပြားဘိုးမျှ မတောင်းလိုက်လေနဲ့
ကွန်မြူနစ်တွေ သွေးထိုး
သူပုန်မျိုး အဖျက်သမားတွေလို့
မတရား စွပ်စွဲပြီး
နည်းမျိုးစုံ ဖြိုခွဲပစ်မယ်..။
(“ကွန်မြူနစ်ဆန့်ကျင်ရေး လူကြီးမင်းများ” ကဗျာ မှ)

ဒါဟာ စစ်အာဏာရှင် ရဲ့ အတွေးအခေါ်၊ လူထုအင်အားကို ရင်မဆိုင်နိုင်၊ ရင်မဆိုင်ရဲ တဲ့ အာဏာရှင် ရဲ့ အကျင့်၊ ပြဿနာ ရဲ့ အတ္ထုပ္ပတ် ရင်းမြစ် ကို မျက်ကွယ်ပြုပြီး ထမင်းရည်ပူ လျှာလွှဲတတ်တဲ့ ယုတ်ညံ့တဲ့ သဘော၊ အကျိုးအကြောင်း ဆင်ခြင် ယုတ္တိယုတ္တာ မဲ့၊ လက်နက်အားကိုး အဓမ္မ အာဏာနဲ့သာ ဖြေရှင်းလို တဲ့ သူရဲဘောကြောင်တဲ့ အပြုအမူလည်း ဖြစ်တယ်။

            ပြင်ပ ပရောဂ နဲ့ လူထု သပိတ်တိုက်ပွဲတွေကို ပေးစားတဲ့ အတွေးအခေါ်ဟာ အခုအချိန်မှာ စစ်အာဏာရှင်တွေဆီမှာချည်းပဲ ရှိနေတာ မဟုတ်တော့ဘူး။  စစ်အုပ်စုရဲ့ ပြန်မပြောနဲ့၊ အာမခံနဲ့၊ ပေးတာယူ၊ ကျွေးတာစား၊ အာခံရင် နဘမ်ကျင်းခံရတဲ့ စည်းကမ်းပြည့်ဝ စစ်မှန်လှတဲ့ ဒီမိုကရေစီ စနစ်ကို အလိုတူ၊ အလိုပါ ဝိုင်းဝန်းပေး၊ လမ်းကြောင်းပေး၊ ရေလာအောင် မြောင်းပေးနေတဲ့ ဒီမိုကရေစီ အင်အားစု ဆိုသူများ နဲ့ နိုင်ငံရေး အသိရေချိန်နည်း ထမင်းနပ်မှန်နေတဲ့ လူလတ်တန်းစား အတန်းပညာတတ်ဆိုသူများ မှာပါ ရှိနေတယ်။
            တနည်းအားဖြင့် လူထုအင်အားကို ကြောက်တဲ့ ရောဂါ၊ အမှန်ကို ရင်မဆိုင်ရဲတဲ့ ရောဂါ ဟာ ဗမာ့နိုင်ငံရေး နဲ့ လူ့အဖွဲ့အစည်းမှာ စွဲကပ် အမြစ်တွယ်နေပြီ ဖြစ်တယ်။
            ခု ဖြစ်ပေါ်နေတဲ့ ပြုပြင်ပြောင်းလဲတိုးတက်မှု၊ အခြေခံဥပဒေ၊ ရွေးကောက်ပွဲ၊ အရပ်သား (အမည်ခံ) အစိုးရ နဲ့ အတိုက်အခံ ဒီမိုကရေစီ လှုပ်ရှားမှု ကို အထိုက်အလျောက် လှုပ်ရှားခွင့်ပေးနေခြင်းဆိုတာတွေကို စင်စစ် သတ္ထုချ စီစစ် ကြည့်ရင် တကယ်တော့ လူထုအင်အားကို ကြောက်လို့ ဆိုတဲ့ အချက်ကြောင့်သာ အဓိက ဖြစ်ပေါ်လာခြင်းဖြစ်တယ်။
            ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးကြီး အပြီးမှာ နိုင်ငံတကာ၊ ဒေသတွင်း နဲ့ ပြည်တွင်း အခြေအနေ အရပ်ရပ်နဲ့ ဖိအားတွေ ကြောင့် စစ်အုပ်စုဟာ မလွှဲသာ၊ မရှောင်သာ ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဖို့ လိုလာခဲ့တယ်။  ဗမာ့နိုင်ငံရေး သုခမိန်ဆိုသူကြီးများကလည်း လူထုတိုက်ပွဲ ရွှေဝါရောင် တော်လှန်ရေး နဲ့ သူရဲ့ ပြည့်ဝတဲ့ သဘောတွေကို သေးသိမ်အောင် ပြောဆို၊ ရေးသား သုံးသပ်လာတယ်။ 

လမ်းပေါ်ထွက်တဲ့ နိုင်ငံရေးဟာ “နိုင်ငံရေးမှာ ကကြီး၊ ခခွေး အဆင့်ပါ” ဆိုပြီး လူထုအင်အားကို ထိပါး စော်ကားပြောဆိုလာတယ်။  ရွှေပြည်အေး ဆရာကြီးများက “မတိုက်မခံ နိုင်ငံရေး ဓလေ့”၊ ကိုလိုနီ ခေတ်က စလို့ ဘယ်တုန်းကမှ အလုပ်မဖြစ်ခဲ့တဲ့ “ပူးသတ်ရေး နိုင်ငံရေး လမ်းစဉ်”၊ စစ်အုပ်စု စိတ်ကြိုက် လုပ်သမျှခံ၊ ခြယ်လှယ်ချင်တိုင်း ခြယ်လှယ် ခွင့်ပေးဖို့ သဘောတွေကို စတင် နှပ်ကြောင်းပေးလာခဲ့တယ်။

            ဒီလိုနဲ့  စစ်အုပ်စု အကျိုးစီးပွား သက်ဆိုးရှည်စေမယ့် စစ်မိုကရေစီ ပြုပြင်ပြောင်းလဲမှုဟာ အခု အခြေအနေ အထိ အခြေတည် ဖြစ်ပေါ်လာခဲ့တယ်။  တဘက်ကလည်း လူထု (အထူးသဖြင့် လူလတ်တန်းစား နဲ့ ပညာတတ်ဆိုသူများ) ကို ချွေးသိပ်ဖို့ရာ ဟန်ပြ အခွင့်အရေး၊ စစ်အုပ်စု စီးပွားနဲ့ အာဏာ ကို တိုက်ရိုက် မထိစေတဲ့ လွတ်လပ်ခွင့်တွေကို ပေးခဲ့တယ်။  “ပူးသတ်ရေး” သမားတွေဟာလည်း နောက်ဆုံးတော့ “ပေါင်းစားရေး” သမားတွေသာ တဖြည်းဖြည်း ဖြစ်လာခဲ့တယ်။  ဒီလိုနဲ့ လူထုအင်အား (People Power) ကို ကြောက်ရင်းနဲ့ စခဲ့တဲ့ ပြုပြင်ပြောင်းလဲမှုဟာ လူထုအင်အား နဲ့ လှုပ်ရှားမှု ကို ပြက်ရယ်ပြု၊ သင်းကွပ်၊ ဖိနှိပ်တဲ့ နိုင်ငံရေး ဓလေ့ ရှင်သန်လာခြင်းနဲ့ အဆုံးသတ်ပြီး လက်ရှိမှာ စစ်အုပ်စု နဲ့ အတိုက်အခံ ဒီမိုကရေစီ အင်အားစု ဆိုသူတို့ တလေသံ ထွက်တဲ့ အခြေအနေအထိ ဖြစ်လာတော့တယ်။
            ပုဂ္ဂလိက ဆန္ဒစွဲ နဲ့ ကိုယ်ကျိုးရှာ အတ္တတွေကြောင့် တကယ် မညီမညွတ်ဖြစ်နေကြပြီး ညီညွတ်ရေးစကား အပြောဆုံးက ဗမာ့ နိုင်ငံရေးဓလေ့ပဲ ဖြစ်တယ်။  အတွေးအခေါ်ပေါင်းစုံ ထွန်းကား၊ ပန်းပေါင်းစုံပွင့်ပြီး မတူကွဲပြားမှု၊ အမြင်ကွဲ၊ စကားကွဲ၊ အလုပ်ကွဲတွေကြားက ဟန်ချက်ညီ ညီညွတ်မျှတနေတဲ့ ဒီမိုကရေစီ ရဲ့ ပကတိ အလှတရား တခုကို ခံစား၊ သိမြင်နိုင်လောက်အောင် အမြင်၊ အသိနဲ့ သဘောထားက မကြီးနိုင်တော့ ညီညွတ်ရေး ပြိုကွယ်မှာကြောက်လို့၊ ယုံကြည်မှု ပျက်ပြယ်မှာ စိုးလို့ ဆိုတဲ့ အနှစ်မပါတဲ့ အကြောင်းပြချက်တွေနဲ့ အတိုက်အခံလုပ်ခြင်း၊ ဝေဘန်ခြင်း၊ မတရားမှုကို ဖော်ထုတ်ခြင်း ဆိုတဲ့ ဒီမိုကရေစီရဲ့ အတွင်း အနှစ်သဘောဟာ ဗမာ့နိုင်ငံရေး နဲ့ ဒီမိုကရေစီ ဓလေ့မှာ ဝမ်းနည်းဖွယ် သားလျှော ပျက်ကျသွားခဲ့ရတယ်။
          ဒီမိုကရေစီ ရေခံမြေခံကောင်းကောင်း တိုင်းပြည်နဲ့ စနစ်မှာ အမြစ်တွယ် ရှင်သန်စေချင်ရင်၊ ဒီမိုကရေစီ အဝန်းအဝိုင်း မျိုးစေ့ချ ပေါက်ဖွား တည်တံ့ စေချင်ရင်၊ တိုင်းပြည်ရဲ့ စွဲကပ်နေတဲ့ လူမှု၊ ကျန်းမာ၊ စီးပွား၊ နိုင်ငံရေး၊ တိုင်းရင်းသားအရေး အနာရောဂါ  အားလုံးကို ပျောက်ချင်ရင် ဗမာ့ နိုင်ငံရေး ဓလေ့မှာ လူထု အတိုက်အခံလုပ်ခြင်း၊ လူမှု တရားမျှတမှု သပိတ်တိုက်ပွဲ ဆင်နွှဲခြင်း စတဲ့ လူ့အသိုင်းအဝိုင်း လူမှုအဖွဲ့အစည်းအသီးသီးရဲ့ လူထုလှုပ်ရှားမှု (Social Mobility) တွေကို အားပေးရမယ်၊ ကြိုဆိုရမယ်၊ ပွေ့ဖက်ရမယ်၊ လက်ခံရပါမယ်။
            ဆုံးဖြတ်ချက်တခု ကို ခေါင်းဆောင် (သို့) လူတစု က ချတယ်။ ကျန်တဲ့ ငယ်သား နောက်လိုက်က လက်ညှိုးထောင်၊ ခေါင်းညိတ် နဲ့ မှန်ပါ့ ဘုရား လိုက်တယ် ဆိုတာ အာဏာရှင်စနစ်ရဲ့ လက္ခဏာ၊ အကျင့်စရိုက် ဖြစ်သလို တိုင်းပြည် ပျက်စီးစေတဲ့ မွဲဆေးဖော်နေခြင်းလည်း ဖြစ်တယ်။  ဆုံးဖြတ်ချက်တိုင်းကို ကောင်းကောင်း ဆိုးဆိုး၊ မှန်မှန် မှားမှား၊ လိုလို မလိုလို၊ အတိုက်အခံ လုပ်တဲ့ အကျင့် ရှိမှ၊ ဝေဖန် ပိုင်းခြား သုံးသပ်တဲ့ ဓလေ့ ရှိမှ အမြင်ပေါင်းစုံ၊ ဘက်ပေါင်းစုံ၊ ရှုဒေါင့်ပေါင်းစုံ က သုံးသပ်ချက်၊ အမြင်၊ သဘောထား၊ အသံ တွေ ထွက်လာပြီး ပိုမိုကောင်းမွန်တဲ့ ရလဒ်တခု ထွက်လာ မှာ ဖြစ်တယ်။
            ဂျာမန် ကဗျာဆရာ ဗားတော့ဘရက် (၁၈၉၈-၁၉၅၆) က စာမတတ်မှုတွေထဲမှာ နိုင်ငံရေးစာမတတ်မှု (နိုင်ငံရေးအသိမရှိမှု) က အဆိုးဆုံးပဲ လို့ ဆိုခဲ့ဖူးတယ်။  ထပ်ဖြည့်ဆိုရရင် နိုင်ငံရေး အသိမဲ့၊ နိုင်ငံရေးစာမတတ်မှုတွေထဲမှာ လူထုအင်အား နဲ့ လှုပ်ရှားမှု   ကို မျက်ကွယ်ပြုခြင်း၊  ပြက်ရယ်ပြုခြင်းက အဆိုးတကာ့ အဆိုးဆုံးပဲ ဖြစ်တယ်။  လူထုလှုပ်ရှားမှု နဲ့ အင်အားကို ကျောခိုင်းရင်၊ အလေးဂရုမပြုရင် ဒါဟာ လူ့အဖွဲအစည်းရဲ့ တရားမဲ့မှုတွေ အားလုံးကို ထောက်ခံ အားပေး၊ လက်ခံနေတာနဲ့ အတူတူပဲ ဖြစ်တယ်။  ဒါဟာ လူ့အဖွဲ့အစည်းမှာ ထင်တိုင်းကြဲ တရားမဲ့ ဖိနှိပ်ခွင့်ရနေသူတွေရဲ့ ဘက်က ရပ်တည်နေတာပဲ ဖြစ်တယ်။  ကိုယ်တိုင် ကာယကံ မြောက် ဖိနှိပ်သူ မဟုတ်၊ မကျူးလွန်ရင်တောင် ကိုယ်ရဲ့ နိုင်ငံရေး အသိမဲ့ လူထုအင်အား နဲ့ လှုပ်ရှားမှု ကို ပြက်ရယ်ပြု၊ ပြစ်တင်မှုကြောင့် လူ့အဖွဲ့အစည်းမှာ မတရားမှုတွေ ဒင်းကြမ်းပြည့်၊ မသူတော်တွေ ကျယ်ကျယ်ပြန့်ပြန့် နဲ့ မတရားလုပ်ခွင့် အမြဲရနေမှာ ဖြစ်တယ်။
            အတိုချုပ်ရရင် လူထုလှုပ်ရှားမှုတွေ၊ လူထုအသံတွေ ကျယ်ကျယ်လောင်လောင် ထွက်နိုင်မှသာ လူမှုတရားမျှတမှု မဲ့နေမှုတွေကို လူ့အဖွဲ့အစည်းက ထင်ထင်ရှားရှား သိနိုင်၊ ကြားနိုင်၊ မြင်နိုင်မှာ ဖြစ်တယ်။ လူထုအင်အား၊ လှုပ်ရှားမှု နဲ့ ဘုန်းကြီး နဲ့ ဘီး လို “ပြဒါးတလမ်း၊ သံတလမ်း” ဖြစ်နေတဲ့ စစ်အုပ်စု သမ္မတ က “နေ့စားခယူ ဆန္ဒပြကြတာတွေ” ပါလို့ ပြယ်ရယ်ပြု စော်ကား တာဟာ ဆိုခဲ့သလို မထူးဆန်းပါ။  ဒါပေမယ့် ဒီလိုအတွေးအခေါ်၊ အမြင်၊ ခံယူချက်၊ သဘောထား ဗမာ့နိုင်ငံရေး ဓလေ့၊ အထူးသဖြင့် ဒီမိုကရေစီ အင်အားစု နဲ့ အတိုက်အခံ နိုင်ငံရေး လမ်းကြောင်းမှာပါ ကြီးစိုးနေတာဟာ ထူးဆန်းပါတယ်။  အရေးလုပ်၊ ဂရုပြုသင့်ပါတယ်။ ဒါကို မျက်ကွယ်ပြု အလေးအနက်မထားရင် အနာဂတ် ဗမာ့နိုင်ငံရေး နဲ့ ဒီမိုကရေစီ အရေး မလှပါ။  လူထုလှုပ်ရှားမှု နဲ့ အင်အားကို ပြက်ရယ်ပြုရင်၊ ဖိနှိပ်ရင်၊ ဆန့်ကျင်ရင်၊ အားမပေးရင်၊ ခံတွင်းမတွေ့ရင် ဒီမိုကရေစီ စနစ် ဟုတ်ကို မဟုတ်ပါ။  အာဏာရှင်စနစ်သာ ဖြစ်ပါတယ်။ ဒီလို သဘောမှာ အဖိနှိပ်ခံ ပြည်သူ့ဘဝတွေဟာလည်း ဒုံရင်း ဒုံရင်း ထက်ပိုဆိုးဖို့သာ ရှိတယ်ဆိုတဲ့အကြောင်း မိုမခကနေတဆင့် တင်ပြလိုက်ပါတယ်။
 ငြိမ်းချမ်းအေး

၂၄ ၊ မေ ၊ ၂၀၁၃

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts