>Blood Shed in Libya as Gadhafi ordered used force to crush protests

>

လစ်ဗျားလူထုအုံကြွမှုကို အာဏာရှင်ကဒါဖီက အစွမ်းကုန်အကြမ်းဖက်နှိမ်နင်း
မိုးမခအထောက်တော် ၀၀၃
ဖေဖော်ဝါရီ ၂၂၊ ၂၀၁၁
မြောက်အာဖရိကနှင့် အရှေ့အလယ်ပိုင်း အာဏာရှင်နိုင်ငံများတွင် လူထုအုံကြွမှုများဖြင့် အာဏာရှင် အစိုးရကို ဆန့်ကျင်ကန့်ကွက် ဆန္̔ဒပြလျက်ရှိရာ ယခုတပတ် လစ်ဗျားလူထုအုံကြွမှုတွင် အာဏာရှင် ကဒါဖီအစိုးရက စစ်တပ်ကို သုံးပြီး လက်နက်မဲ့ပြည်သူများကို အကြမ်းဖက် သတ်ဖြတ်တိုက်ခိုက်ပြီး နှိမ်နင်းခဲ့သဖြင့် မြို့တော် ထရီပိုလီနှင့် အခြားမြို့ကြီးများတွင် လူပေါင်း ရာနဲ့ချီပြီ သေဆုံးသည်၊ ထောင်ပေါင်းများစွာ ဒဏ်ရာ ရရှိခဲ့သည်ဟု သတင်းများ ရရှိသည်။
ယနေ့ နံနက်ခင်း ရုပ်မြင်သံကြားတွင် အာဏာရှင်ကဒါဖီက ၎င်း ထွက်မပြေးကြောင်း၊ ဗန်နီဇွဲလားသို့ မိသားစုဖြင့် ထွက်ခွာခြင်း မရှိကြောင်း ထုတ်ဖော်ပြသလိုက်သည်။ သူကိုယ်တိုင် ယနေ့မနက်က ဆန္ဒပြပွဲများရှိရာ အစိမ်းရောင်ရင်ပြင်သို့ လာရောက်ရန် ပြင်ဆင်နေသော်လည်း မိုးများရွာသွန်းသဖြင့် မလာရောက်နိုင်ကြောင်း၊၂၂ စက္ကန့်ကြာ ရုပ်သံထုတ်လွှင့်ချက်တွင် ပြောဆိုသွားသည်။ ရုပ်သံတွင် ကားတစီးရှေ့ခန်းတွင် မိုးကာထီးကြီး ကိုင်ဆောင်ထားသော အာဏာရှင် ကဒါဖီကို တွေ့ခဲ့ကြရသည်။
ကဒါဖီ၏ စစ်တပ်နှင့် အပေါင်းအပါများက နိုင်ငံအနှံ့တွင် ဆန့်ကျင်သူများကို ပစ်ခတ် သတ်ဖြတ်လျက်ရှိသည်။ အချို့သတင်းများတွက် ကဒါဖီက စစ်လေယျာဉ်များဖြင့် ပြည်သူတို့ကို ပစ်သတ်ရန်၊ ဗုံးကြဲရန် အမိန့်ပေးခဲ့သည်ဟု ဆိုသည်။ သို့ဖြစ်သည့်အတွက် ကိုယ့်ပြည်သူတွေ အချင်းချင်းကို သတ်ဖြတ်ခြင်း မပြုနိုင်ဆိုပြီး ဗိုလ်မှူးကြီး ၂ ဦးက အက်ဖ်ဝမ်း တိုက်လေယျာဉ်ကို မောင်းနှင်ပြီး အိမ်နီးချင်း မော်လတာနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်လာသည်။
လူ့အခွင့်အရေး စောင့်ကြည့်သူများ၊ သတင်းမီဒီယာများက အပြစ်မဲ့ လက်နက်မဲ့ပြည်သူတို့ အကြမ်းဖက်ခံရခြင်းများ၊ အသတ်ဖြတ်ခံရခြင်းများကြောင်း လစ်ဗျားပြည်တွင် သွေးချောင်းစီးနေပြီဟု ဝေဖန် ရှုတ်ချလျက်ရှိသည်။
နိုင်ငံတကာ အစိုးရများ၊ အာဖရိကနိုင်ငံများကလည်း လစ်ဗျားအစိုးရ၏ ၎င်းပြည်သူများအပေါ် သတ်ဖြတ်နှိမ်နှင်းခြင်းကို ဝေဖန်ပြစ်တင် ရှုတ်ချလျက်ရှိသည်။
အနှစ် ၄၀ ကျော် နိုင်ငံတကာနှင့် အဆက်ဖြတ်ပြီး ပိတ်ဆို့မှုများကို ရင်ဆိုင်ထားရသည့် စစ်အာဏာရှင်နိုင်ငံတခု အဖြစ် တိုင်းပြည်အမွေအနှစ်ဖြစ်သည့် ရေနံနှင် ဓာတ်ငွေ့သိုက်တို့ကို ဥရောပနိုင်ငံအချို့နှင့် အနောက်ကုမ္မဏီအချို့ကို ရောင်းချခွင့်ရသမျှ ရောင်းချပြီး လူထုကို ကြောက်ရွံမှု ဓားမိုးပြီး အုပ်ချုပ်နေသော နိုင်ငံတွင် ပထမဦးဆုံးသော လူထုအုံကြွမှုကြီး ဖြစ်သည်။
ယနေ့အင်္ဂါနေ့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ငြိမ်သက်နေသည်ဟု ထရီပိုလီက လာသည့် သတင်းတရပ်က ဆိုသည်။