>
မာမာအေး
ဖေဖော်ဝါရီ ၂၀၊ ၂၀၁၁

(သီချင်းသံ၊ ဂီတသံတို့ ပါဝင်သော မူရင်း အသံလွှင့်ဆောင်းပါးကို ဘီဘီစီ မြန်မာပိုင်းတွင် နားဆင်နိုင်သည်။)
သောတရှင်များ ကျန်းမာတော်မူကြပါစရှင် –
မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
သောတရှင်တို့ရေ — ပြီးခဲ့တဲ့ မာအေးရဲ့ အစီအစဉ်မှာ ဟေမန္တဆောင်းအထာနဲ့ တေးကဗျာ ဖွဲ့ခဲ့တဲ့ စန္ဒရားလှထွတ်ရဲ့ လက်ရာဟာ “ဆောင်းရယ်နှင်းရယ် ကိုယ့်ချစ်သူရယ်” အတူတူဘဲလို့ ခိုင်းနှိုင်းသွားတာ မဟုတ်လား၊ သူ့သံယောဇဉ်မမကို ဒီအကြောင်း ပြောပြဖြစ်မယ် မထင်ပါဘူးလေ၊ သူများကို သိပ်ပြီး သောကပေးချင်တဲ့သူ မဟုတ်လို့ပါ၊ ကျနော် — အဲလေ မာအေးကတော့ ဂီတ အကိုတော်တွေနဲ့ ညီအကိုလို နေတာပေါင်းတာမို့ ပုဏ္ဏားတိုင် ဖြစ်လာတာပေါ့။
ရှက်တာကို မျက်ရှာသလို မသက်မသာ ဆိုတတ် ငေါက်တတ်တဲ့ အကိုစာဆိုဟာ အကောက်အတေးမရှိ အတွင်းစိတ်က ချိုပါတယ်၊ နှလုံးအနာကလဲပိ လူပုစိတ်တို ဆိုတဲ့ စာအဆိုနဲ့လဲငြိမို့ စိတ်ဆတ်တာမျိုးတော့ တွေ့ရပါတယ်၊ ဒါကြောင့်မို့ မာအေးတို့ အုပ်စုကလေးက သူ့ကိုစချင်လာရင် “ကိုဘပု”လို့ မကြားတကြား ခေါ်ကြတယ်၊ သူ့အရေးတော်ပုံတွေ ရှိမနေလို့ ကြည်ကြည် သာသာ ရှိနေရင် “ဆရာအပုလေး”လို့ နောက်နောက်ပြောင်ပြောင်တွေ လုပ်ကြရင်လဲ ရီကျဲကျဲနဲ့ အသံ မထွက်အောင် နှုတ်ခမ်း လှုပ် ကြိတ်ဆဲပြတာလောက် ခံစားရတာပါ၊ ကြုံတဲ့အခါ မာအေးတို့ချင်းသာ သိကြပြောကြတဲ့ နာမည်ပြောင် နံမည်ဝှက်တွေ ပြောပြမယ် ဆိုတဲ့အတိုင်း ပြောတာပါနော်။
ဒီဆရာက အလကားနေရင်း ရှက်နေတော့ မျက်နှာနဲ့ဘဲ အကာအကွယ် လုပ်လေ့ရှိတာလေ- မျက်နှာကြုတ်တော့ မှုန်ရုပ်ပဲ ထွက်တာပေါ့၊ သူ့ထက်စောပြီး မှုန်တေတေ ငယ်ရုပ်ဆင်ထားတဲ့ “စန္ဒရားချစ်ဆွေ”ကိုလဲ မာအေးတို့တွေက “မှုန်ကြီး”လို့ နံမည်ပြောင်က ပေးပြီးသား ဖြစ်နေတော့ စန္ဒရားလှထွတ်ကို “မှုန်ကလေး” နေရာ ထားလိုက်ကြတာပေါ့ရှင်။
ခုလို သူအကြောင်းပြောဖြစ်နေတဲ့ အချိန်မှာတော့ ရယ်စရာ မောစရာ အပြစ်မနှောတော့ပါဘူး၊ တွေးစဦးတုန်းကတော့ မာအေးတို့ စစ်ရဲတီးဝိုင်းချိန်မှာ မင်းသမီးတယောက်နဲ့ လာဖြတ်ပြီး အသံသွင်းသွားလို့ မကြည်လိုက်တာမှ ဖြတ်တောင် ရိုက်ပစ် လိုက်ချင်သေးတယ်၊ ပုံကိုက မှုန်တုန်တုန် သူလုပ်ချင်တဲ့တခုမှာဘဲ အာရုံစိုက်တဲ့ အချိုးမျိုးမို့ပေါ့ရှင် ၊ သူ့သီချင်း အသံလွှင့်မလို့ ဆိုလား။
အဲဒီလိုလေး ကြားခဲ့ရပါတယ်ရှင်၊ လွန်ခဲ့တဲ့ နှစ်ငါးဆယ်လောက်ကစပြီး သူရှာခဲ့တဲ့ တေးသံစဉ်တွေဟာ သောတနားမှာ ပူလောင်ခြင်းမရှိတဲ့ ငြိမ်းအေးခြင်းဒြပ် ထင်ဟတ်တာသာ များပါတယ်။ နောက်ပိုင်းမှာ အတောတီးလုံးရှည်တွေ သုံးပြတယ်၊ အတီးပိုဒ်တွေမှာပါ နားဝင်ဆန်းစရာ ဂီတသံစဉ် အတွဲအဖက် အလှအပတွေ ဖန်တီး တန်ဆာဆင်ခဲ့တယ်၊ ဆောင်းရယ် နှင်းရယ်က အဲဒီလို တီးခတ်တာမျိုးပေါ့ရှင်။
ဒီတီးပုံမျိုးလေးတွေကို သဘောကျတာပါ၊ ချစ်ဆွေတို့လဲ ခံစားမိမယ် ထင်ပါတယ်၊ ဂီတထဲက အကြောင်းတွေကတော့ “ပြောမဆုံးပေါင်- တောသုံးထောင်” ဘဲရှင့်၊ ခုဟာက တောင်ကြီးပြည်ထောင်စုပွဲသွား အမှတ်ရစရာများ ပြောရင်းမတ်တတ်မို့ မကြုံစဖူး မာအေး မေ့သွားဘူးတဲ့ သီချင်းစာတကွက်စာကလေးကိစ္စ ပြန်ဆက်ရအုံးမယ်။
မာအေးတို့ တောင်ကြီးပြည်ထောင်စုပွဲမှာ ဖျော်ဖြေရတာ ပန်းခြံကြီးတခုထဲမှာလို့ဘဲ ပြောရတော့မှာပါဘဲ၊ (၆၄) ခုနှစ်က ဆိုတော့လဲ ဝေးလှမှဘဲကိုး၊ အေးတဲ့ရာသီဒဏ်က သီချင်းဆိုဖို့ နှုတ်ခမ်းဟတိုင်း အငွေ့တွေ ဖွားကနဲ ဖွားကနဲ မှုတ်ထုတ်စေသလိုဘဲ၊ ဆိုနေရင်တော်သေး အတီးပိုဒ်ကျ မေးခိုက်ခိုက်တုန် သွားချင်း ရိုက်ရိုက်ကုန်တော့တာ၊ ကိုယ့်အလှည့် ရောက်ပြီဆိုမှ ဂွမ်းကပ် စောင်ပုံကြီးထဲကနေ ထွက်ထွက်ဆိုကြရတာ ရယ်ရွှင်ဖွယ် အမှတ်တရပါဘဲ။
မာအေးဟာ သီချင်းစာတကာ သီချင်းစာတို့ကို နှုတ်ငုံဆောင်ထားတဲ့ သီချင်းဘဏ်ကလေးလို့ နံမည်ရခဲ့တာပါ၊ ဒီပွဲမှာ မေ့ချက်ကယ်နာ ၀ိုင်းအဟားခံလိုက်ရတယ်၊ “ယုံရခက်ခက်” သီချင်းဆိုတုန်းမှာ “အကြီးဆုံးလို့ အဓိပ္ပါယ်ရတဲ့ စာသုံးလုံး” မှ မေ့ခဲ့မိလို့လေ၊ ချစ်မိတ်ဆွေ ရှာကြည့်ချေပါလား၊ နားဆင်ပြီးတော့ပေါ့။
ချစ်စွာသော ပရိတ်သတ်တို့ရေ — ရှာဖွေလေ တွေ့ရှိလေ–OK ရဲ့လား၊ မေ့သွားတဲ့ စာသုံးလုံးပါတဲ့ စာတကြောင်းရဲ့ တေးသွားအလိုက်က “တမ်တမ်တမ် – တန်းတမ်တမ်” အသံခြောက်သံထဲပါ၊ ရှေ့သုံးသံက စာသုံးလုံးကို ကျော်ပြီး နောက်သုံးသံက “သစ္စာရှင်” ဆိုတဲ့စာကိုဘဲ ခုန်ဆိုခဲ့ရတယ်၊ ဗမာ့သီချင်းတို့ထုံးစံ နောက်တခေါက် ပြန်ဆိုရတဲ့အထိ တစေ့မှ သတိရမလာဘူး။ မှတ်ကရောဘဲ။
စပ်ဖြဲဖြဲနဲ့ စင်နောက်ကို ၀င်သွားတဲ့အခါ သီချင်းရေးတဲ့ဆရာ အတွင်းရေးမှုးကြီး ကိုလေးညွန့်ရဲ့ ညင်သာကြင်နာတဲ့ အပြုံးက ထောင်းတာထက် မခံသာ ဖြစ်ရပါတယ်၊ ပြောတာကလဲ ညက်တယ်ရှင့်၊ “ဟေ့ ကိုယ်လူတို့ – တို့နှမ မိအေးအမှားက မသေးဘူးကွ၊ မေ့မယ့်သာမေ့ရမယ် စာကအကြီးစား – ဧရာမ – ဆိုတဲ့စာလုံးမှ ကျန်ခဲ့တာသိလား” တဲ့။