>Egypt Authority bribing Protesters

>

အီဂျစ်လူထုတော်လှန်ရေးကို အာဏာရှင်တို့က ငွေနဲ့ပေါက်
မိုးမခအထောက်တော် ၀၀၃
ဖေဖော်ဝါရီ ၁၀၊ ၂၀၁၁
အီဂျစ်ပြည်တွင် ဒီမိုကရေစီအရေး လူထုအုံကြွမှု ၁၅ ရက် ကျော် ကြာခဲ့ပြီး ၂ ဖက်စလုံးက တင်းတင်းမာမာဖြစ်နေဆဲတွင် အာဏာရ အစိုးရက သူ့အစိုးရ၀န်ထမ်းများကို လစာတိုးပေးမည်၊ လုပ်ငန်းရှင်များအား အခွန်လျှော့ပေးမည်၊ လောင်စာဆီဈေးများလည်း ချပေးမည်ဟု မက်လုံးပေး စည်းရုံးလာသည်ဟု ဆိုသည်။ အရှေ့အလယ်ပိုင်းရှိ အာဏာရှင်နိုင်ငံ အများအပြားက ထိုကဲ့သို့ လူထုကို လာဘ်ထိုးပြီး နိုင်ငံအကြပ်အတည်းကို ရှောင်လွဲရန် ကြိုးစားခြင်းကို မှားယွင်းသော လုပ်ငန်းစဉ်ဖြစ်ကြောင်း အနောက်အုပ်စုက အစိုးရများ၏ ပြောခွင့်ရတို့က ဝေဖန်ပြစ်တင်ခဲ့သည်။
လူထု၏ သပိတ်မှောက်မှုမှာ ကိုင်ရိုမြို့နယ် တရီရာရင်ပြင်တွင် စုဝေးမှုမှသည် အစိုးရလွှတ်တော်ကိုပါ ပိတ်ဆို့မှုအထိ အရှိန်ရလာသည်။ နိုင်ငံအနှံ့ လူထုအုံကြွမှုအပြင် အလုပ်ခွင်သပိတ်များအထိ ပြန့်နှံ့လာသည်ကို တွေ့ရသည်။ ယမန်နေ့က စူးအက်တူးမြောင်းက လုပ်သားများက သပိတ်မှောက်ရန် ထွက်ခွာလာသည်ဟု ဆိုသည်။ အစိုးရက လူထုအုံကြွမှုကို မင်းမဲ့စရိုက်အပြုအမူအဖြစ် ပြစ်တင်လိုက်ပြီး အာဏာရှင်တို့နှင့် စေ့စပ်မည်လား၊ စစ်တပ်က အာဏာသိမ်းပြီး ဖြေရှင်းရမလားဟု လူထုကို ပြန်လည် စိန်ခေါ်မှုအထိ ဖြစ်ပွားလာသည်ကို တွေ့ရသည်။
သပိတ်မှောက်မှုကို ဦးဆောင်နေသော လူငယ်များ၊ နိုင်ငံရေးအင်အားစုများက သမတကြီး မူဘာရက် ရာထူးမှ ဆင်းပေးခြင်းဖြင့် နိုင်ငံရေးအဖြေကို စတင်ရှာဖွေရန် အစဉ်တစိုက် တောင်းဆိုလျက်ရှိသည်။ ၎င်းတို့ဖက်က အားတက်စေသည့်အချက်မှာ ယခုလူထုအုံကြွမှု၏ အစပြုခဲ့သည့် ခေါင်းဆောင်များတွင် ပါဝင်သူ ဂူးဂဲကုမ္ဗဏီက ဈေးကွက်ပညာရှင် အီဂျစ်လူမျိုး ဂိုနင်ကို အာဏာပိုင်တို့က ၁၂ ရက်ကြာ ဖမ်းဆီးထားရာမှ တနလာင်္နေ့က ပြန်လည် လွှတ်ပေးခဲ့ရာ လူထုက တခဲနက် ကြိုဆိုခဲ့ကြသည်။ ၎င်းက ကျဆုံးခဲ့သူ ရာနဲ့ချီသည့် ပြည်သူများကဲ့သို့ အသက်စွန့်ပြီး ဆက်လက် တိုက်ပွဲဝင်သွားမည်ဟု ထုတ်ပြန်လိုက်သည်။
ဆက်သွယ်ရေးအမှောင်ချထားသော အီဂျစ်ပြည်တွင် ဂူးဂဲဖုံးများ၊ မက်ဆိတ်များကတဆင့် လူထုက အသံသတင်းများ ပေးပြီး ထိုမက်ဆိတ်များကို တွစ်တာတွင် စာသားဖြင့် ထုတ်ပြန်နိုင်အောင် အမေရိကန်ကုမ္မဏီ ဂူးဂဲနှင့် တွစ်တာတို့က ပူးပေါင်းပြီး အီဂျစ်လူထုအုံကြွမှုကို အထောက်အပံ့ပြုပေးခဲ့သည်ကို တွေ့ရသည်။
ရက်ကြာညောင်းလာသည်အထိ အလျော့ပေးစေ့စပ်မှုများ မရှိဘဲ အီဂျစ်အာဏာရှင်တို့က ခေါင်းမာနေခြင်းကို အနောက်နိုင်ငံများက ၀င်ရောက် ဖိအားပေး စေ့စပ်မှုများကိုယ်တိုင်က အားလျော့လာသည်ဟု လူ့အခွင့်အရေးလှုပ်ရှားသူများက ဝေဖန်ကြသည်။ မူဘာရက်လိုလားသူများ၏ တန်ပြန်သပိတ်လှုပ်ရှားမှုများမှာ  နိုင်ငံတကာသတင်းစာမျက်နှာများရှေ့တွင် အရှက်ကွဲပြီးနောက်  ချက်ချင်းဆိုသလို ရပ်စဲသွားသဖြင့် မူဘာရက်၏ လက်ချက်ဖြစ်သည်မှာ ထင်ရှားကြောင်း အနောက်သတင်းထောက်တို့က ကောက်ချက်ဆွဲသည်။
နှစ်ပေါင်း ၃၀ တပါတီ အာဏာရှင်အဖြစ် ရပ်တည်အုပ်ချူပ်နေသော အီဂျစ် အာဏာရှင် မူဘာရက်က စက်တင်ဘာ ရွေးကောက်ပွဲပြီးမှ အာဏာစွန့်မည်ဟု ပြောဆိုခဲ့သည်။ လက်ရှိ အခြေခံဥပဒေများကိုလည်း အတိုက်အခံတို့နှင့် စေ့စပ်ပြီး ပြင်ဆင်မှုများ ပြုလုပ်မည်ဟု ကမ်းလှမ်းခဲ့သည်ကို တွေ့ရသည်။ ယနေ့အချိန်အထိ အီဂျစ်ပြည်သူတို့က စစ်အာဏာရှင်တို့ လုံးဝပြုတ်ကျသည်အထိ တောင်းဆိုနေပြီး မူဘာရက် အာဏာစွန့်ပြီးမှ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို ဆက်သွားမည်ဟု ထုတ်ပြန်ထားသည်။