>
အင်တာနက်ဖုံး ဘယ်ဟာကို သုံးရမယ်
လောဓာတ်ခန်းသာဂိ
ဖေဖော်ဝါရီ ၅၊ ၂၀၁၁
မိုးမခ၀ိုင်းတော်သားတွေထဲမှာ အမေရိကန်ဖုံးကုမ္ဗဏီမျိုးစုံက ဖုံးတွေ သုံးကြတယ်။ AT&T, Verizon, T Mobile and Sprint ပြီးတော့ Metro PCS လည်း သုံးကြတယ်။ အဓိက တွက်ချက်ကြတာက မိနစ် တလ ဘယ်လောက် အလကားရသလဲ။ ဒါမှ လစဉ်ကြေးထက် ပိုပြီး မိနစ်အပိုကြေး မပေးရမှာလေ။ ပြီးတော့ ညဖက်နဲ့ စနေ တနင်္ဂနွေမှာ မိနစ်တွေ အလကားပေးသုံးသလား။ ဒါကို တွက်တယ်။ ညနေ ၉ နာရီ နောက်ပိုင်း စိတ်ကြိုက်ပြော ဆိုတာ ရှိသလို လစဉ်ကြေး ၁၀ လောက်ပိုပေးရင် ညနေ ၇ နာရီကတည်းက အလကားမိနစ်တွေ ရပြီ။ လစဉ်ကြေးတွေက တဦးချင်း ဖုံး Plan တွေအရ တလကို ငွေ ၆၀၊ ၇၀ လောက်ုကုန်မှ ကောင်းကောင်း များများ သုံးရတယ် ပြောတယ်။
အခုတော့ မိနစ်တွေကို လစ်မစ်မရှိ ပေးသုံးလာကြပြီ။ အဓိကကတော့ မိုဘိုင်းဖုံးတွေပဲ ခေတ်စားတဲ့ ခေတ်မှာ မိုဘိုင်းအချင်းချင်း ဘယ်ကုမ္ဗဏီက မိုဘိုင်းပဲ ဖြစ်ဖြစ် ဖရီးမိနစ်တွေ ပေးကုန်ပါပြီ။ ကိုယ့်ဖုံးPlan က အဲသလို မဟုတ်ရင် ပြန်မေးကြဦး။ စီးပွားရေးသမားတွေက ပိုက်ဆံကို Plan အဟောင်းတွေကို ကြိတ်ပြီး ပိုက်ဆံ လှိမ့်တောင်းနေတာကို ခံနေရဦးမယ်။
နောက်တော့ အခုဟာက စမတ်ဖုံး ခေတ် ဖြစ်လာပြီ။ အသံနဲ့ ဖုံးပြောရုံတင် မဟုတ်တော့ဘူးလေ။ အင်တာနက်တွေ၊ အီးမေးတွေ၊ မက်ဆိတ်တွေ၊ ချက်တွေကို ဖုံးထဲကနေ လုပ်ကုန်ပြီလေ။ ဖုံးနဲ့တောင် ရုပ်မြင်သံကြားပြောတော့မယ့် စမတ်ဖုံးခေတ်ဆိုတော့ သူသူ ငါငါ စမတ်ဖုံးလေးတွေ ကိုင်ပြီး အီးမေးပို့၊ ဖေ့စ်ဘွတ်တင်၊ ဘလောက်ပို့စ်၊ ချက်တင်းစကား ဆိုနေကြပြီကိုး။ မြန်မာပြည်မှာတောင် အင်တာနက်ဖုံး ပေးသုံးတော့မယ်ဆိုတော့ အမေရိကန်မှာကော အင်တာနက်တွေ ဘာတွေ ဘာတဲ့ စမတ်ဖုံးတွေ ဘာလဲ ဘယ်လဲပေါ့ မေးလာကြပြီ။
စမတ်ဖုံး သုံးရင် ဗွိုင့်စ်အပြင် ဒေတာပါ သုံးတာကြောင့် ဈေးက ထပ်ဆောင်းပေးရတယ်။ တလကို ၂၀ကနေ ၃၀ လောက် ဆောင်းတော့ ခုနင်က ဈေးကနေ တလကို ၈၀ ကနေ ၁၀၀ လောက် ဖြစ်ကုန်တယ်။ တချို့ကုမ္ဗဏီကလည်း ဒေတာကို မိနစ်ကို ကို ရေတွက်ပြီးတောင်းသလို လက်လီစိတ် တောင်းသေးတာဆိုတော့ စမတ်ဖုံး သုံးတာ ကိုယ်က စမတ်မဖြစ်ဘဲ မွဲဆေးဖော်သလို ဖြစ်နေသေးတယ်။
အခုတော့သည် သည်ခေတ်တွေ ကုန်ပြီ။ အသံနဲ့ ဖုံးမပြောပဲ ကီးဘုတ်နှိပ်၊ စာဖတ်၊ ဓာတ်ပုံတွေ စာတွေနဲ့ ဖုံးပြောတဲ့ ခေတ်ကြီးမှာ စမတ်ဖုံး Plan တွေ ၂၀၁၁ မှာ ဈေးကျကုန်ပါပြီ။ ခုနင်ကပြောတဲ့ တလ ၇၀ လောက်နဲ့ အတိုင်းအဆမရှိတဲ့ မိုဘိုင်းအချင်းချင်း မိနစ်၊ အတို်းအဆမရှိတဲ့ မတ်ဆိ၊ ၀က်နဲ့ ဒေတာာတွေ သုံးလို့ ရပါပြီ။ တက္ကနိုလိုဂျိကလည်း သရီးဂျီကနေ ဖိုးဂျီ ဖြစ်ကုန်ပြီလို့ဆိုတယ်။ အင်တာနက် ဒေတာ မြန်နှုန်းမြင့်လာပြီလို့ ဆိုပါတယ်။
ကဲ ဘယ်မှာ ဖုံးတွေ Plan တွေ ရနိုင်မလဲ။ အခုလောလောဆယ်တော့ Metro PCS က တလ ၆၀ လောက်နဲ့ စမတ်ဖုံးစနစ် 3G/ 4G ဖုံးတွေ သုံးလို့ရမယ်လို့ ကြေညာတယ်။ မိနစ်တွေ ၀က်တွေ အကုန်လုံး အတိုင်းအဆမရှိ ပေးသုံးမယ် တဲ့။ သူက အမေရိကန်တပြည်လုံးကို လွှမ်းခြုံထားတဲ့ နက်ဝပ်မဟုတ်တော့ သူ့ဖုံးနဲ့ ၀ါရှင်တန်သွားရင် သုံးလို့မရနိုင်။ သူများစနစ်ကို တွဲသုံးရမယ့် သဘော ရှိတယ်။
နောက် Sprint ကတော့ တလ ၇၀ နဲ့ အားလုံး ဖရီးပေးသုံးမယ်။ ဂျီပီအက်စ်လို့ ခေါ်တဲ့ ဂြိုလ်တုသုံး လမ်းညွှန် မြေပုံလည်း ပါတယ် ဆိုတယ်။ လောလောဆယ် ဈေးကွက်ထဲမှာ သူ့Plan က အတော် ဆွဲဆောင်မှု ရှိတယ် ဆိုရမယ်။ အမေရိကန်ပြည်တခုလုံး နက်ဝပ်ကာဗာလည်း ကောင်းတယ် ဆိုတယ်။
ကဲ နောက်တခုကတော့ ဘယ်စမတ်ဖုံးတွေ သုံးကြမှာလဲ ဆိုတာက မေးခွန်းတခု။ AT& T and Verizon က Apple iPhone ရောင်းပေးတယ်။ အတော် ပေါ်ပြူလာ ဖြစ်တယ်။ ကွန်ပြူတာအသေးလေး လက်ထဲ ထည့်သုံးရသလို အတော် အဆင်ပြေတယ် ပြောတယ်။ နောက် တခြားဖုံးတွေကတော့ Windows HTC ဖုံးတွေနဲ့ Google Phone တွေ၊ Android စနစ် ထည့်ထားတဲ့ ဖုံးတွေ ဖြစ်ပါတယ်။ အင်တာနက်မှာ ဂျီမေးတွေ၊ ဘလော့ဂ်တွေ၊ ဂျီတော့ခ်တွေ၊ လိပ်စာစာအုပ်တွေ သုံးနေကျ သူတွေအတွက် Android Phone တွေက အဆင်ပြေပါလိမ့်မယ်။ သူက သင့်ကွန်ပြူတာထဲက အင်တာနက်ထဲက ဂူးဂဲအချက်အလက်တွေကို လက်ဆင့်ကမ်း ချိတ်ယူပေးထားတာကိုး။ ပြီးတော့ ဂူးဂဲက ၀န်ဆောင်မှုတွေဖြစ်တဲ့ မြေပုံတွေ၊ လမ်းညွှန်တွေ အားလုံးက အခမဲ့ ဆိုတော့ အဆင်ပြေတာပေါ့လေ။
မြန်မာစာလား ။ အိုင်ဖုံးလည်း မြန်မာစာ ထည့်လို့ရပါတယ်။ Android Phone လည်း ထည့်လို့ရပါတယ် မြန်မာသတင်းတွေ စာတွေ ဖတ်လို့ ရတာပေါ့ ခင်ဗျာ။ ထည့်တာကတော့ ဖုံးကို ၀င်ပြီး Hack လုပ်၊ Rooted လုပ်ပြီး ၀င်ပြင်ကြတာဆိုတော့ နီးစပ်ရာ ခြေရည်တက် အိုင်တီလူငယ်လေးတွေကို အကူအညီ ခေါ်တောင်းပေးတော့ဗျို့။
သာဂိတို့က အိုမင်းမစွမ်းဖြစ်နေတော့ ဇော်ဂျီဖောင့်လောက် ဖတ်လို့ရင် ကျေနပ်နေပြီ။
