>
ဂီရိမုန်တိုင်းအလွန် ပြန်လည်ထူထောင်ရေး ရခိုင်ပြည်သူတို့ အကူအညီများလိုအပ်နေဆဲ
မိုးမခ အင်တာဗျူး
ဖေဖော်ဝါရီ ၁၊ ၂၀၁၁

ဂီရိမုန်တိုင်း  က ၂၀၁၀ ခုနှစ် အောက်တိုဘာ ၂၂ နဲ့ ၂၃ မှာ တိုက်ခတ်ခဲ့တယ်။  ရခိုင်ကမ်းရိုးတန်းဒေသမှာ လူအများ အိုးအိမ်များ လုပ်ငန်းများ  ပျက်စီးခဲ့ရတယ်။ ဂီရိမုန်တိုင်းသင့်ဒေသ ကူညီမှု၊ ပြန်လည်ထူထောင်ရေး  ထောက်ပံ့မှုတွေနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုက  ရခိုင်အမျိုးသားလူမှုရေးအသင်းတခုရဲ့ အတွေ့အကြုံတွေ လုပ်ဆောင်ချက်တွေကို  မေးမြန်းခွင့်ရခဲ့ပ်ါတယ်။ လာမယ့် ဖေဖော်ဝါရီ ၂၀ မှာလည်း  နယူးယောက်မြို့သူမြို့သားများက ရန်ပုံငွေကူညီပွဲတခု စီစဉ်နေတယ်လို့  ဆိုပါတယ်။ ဂီရိမုန်တိုင်းသင့်ဒေသ ပြန်လည်ထူထောင်ရေး ကူညီမှု လုပ်ဆောင်နေသူ  နိုင်ငံတကာရခိုင်အမျိုးသားအသင်းကြီး (WAO) နယူးယောက်မြို့က  ပြောရေးဆိုခွင့်ရှိသူ ကိုကျော်ဝင်း နှင့် ကိုဇော်ဇော်ထွန်း  တို့ကိုဆက်သွယ်မေးမြန်းထားပါတယ်။
 လွန်ခဲ့တဲ့  သုံးလလောက်က ရခိုင်ပြည်နယ်မှာတိုက်ခတ်ခဲ့တဲ့  ဂီရိမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ဒေသတွေနဲ့ အပျက်အစီး အဆုံးအရှုံးအကြောင်း  ပြောပြပေးပါလား။
 ကိုကျော်ဝင်း ။  ။  ဟုတ်ကဲ့။  ၂၀၁၀ခု၊အောက်တိုဘာလ  ၂၂-၂၃ မှာပေါ့။ Category ၄ (တနာရီ လေတိုက်နှုန်း မိုင် ၁၃၀ မှ ၁၅၅ မိုင်)  အဆင့် ရှိတဲ့ ဂီရိ မုန်တိုင်းကြောင့် လူပေါင်း ၁၀၀ နီးပါးသေဆုံးခဲ့ပါတယ်။  အိုးအိမ် အဆောက်အဦက တသိန်းကျော်ပျက်စီးခဲ့ရတယ်။ 
ဂီရိမုန်တိုင်းဒဏ်ကို  အဓိကခံခဲ့ရတဲ့ ဒေသတွေက မြေပုံ၊ ပေါက်တော၊ မင်းပြားနဲ့  ကျောက်ဖြူမြို့နယ်တွေပါ။ တချို့ နေရာတွေ ဆို  ရွာလုံးကျွတ်ပျောက်ဆုံးခဲ့ရတယ်။ မုန်တိုင်းကြောင့် လူပေါင်း သုံးသိန်းကျော်  အိုးအိမ်မဲ့ ဖြစ်ခဲ့ရပြီးတော့ လယ်မြေ ဧက ပေါင်း နှစ်သိန်း နီးပါးက  လုံးဝပျက်စီး သွားခဲ့တယ်။
မုန်တိုင်းတိုက်တဲ့ အချိန်က လယ်မြေတွေ မှာ စပါးရိပ်သိမ်းခါနီးအချိန်  ဖြစ်နေပြီး  ရိပ်သိမ်းချိန်မရခဲ့တာကြောင့် ပျက်စီးရှူံးဆုံးမှုက ပိုကြီးသွားတယ်။ စားစရာ  ဆန်တောင် မရလောက်အောင် ပျက်စီးသွားတာ၊ တာတမံတွေလည်း တော်တော်လေး ကို  ကျိုးပျက်သွားတယ်။ အဲ့ဒီရဲ့ ဆိုးကျိုးကလယ်မြေတွေထဲကို  ဆားငံရေလွှမ်းပြီးတော့ နောက်လာမယ့်နှစ်တွေထိ  ပြန်လည်စိုက်ပျိုးဖို့ အခက်အခဲ တွေ ရှိသွားတယ်။ 
အဆိုးဆုံးက  သောက်ရေကန်တွေ ထဲကို ဆားငံရေဝင်ပြီး ပျက်စီးသွားတာ၊ ဒီတော့ သောက်သုံးရေက  အရေးအကြီးဆုံး ပြဿနာတခုပေါ့။ သောက်သုံးရေ မလုံလောက်ရင်  ဖြစ်လာမယ့် ဆိုးကျိုးတွေကတော့ အများကြီးပါပဲ။
 နောက်တခုက  ကလေးတွေရဲ့ပညာရေးပါ။  စာသင်ကျောင်းတွေလည်း ပျက်စီးသွားတော့ ကလေးတွေ ရဲ့  အနာဂတ်ပျောက်သွားတယ်။  အားလုံးခြုံလိုက်တော့ အစတည်းက မဖွံ့ဖြိုးတဲ့ ဒေသက ခုဆို အဆိုးဆုံး အခြေအနေ  ထိ ရောက်သွားပြီ။ ဒေသခံ ပြည်သူတွေ ဘဝကလည်း အရင်ကလို ပုံမှန် ပြန်ဖြစ်လာဖို့  တောင် တော်တော်လေးကြာဦးမယ် ထင်ပါတယ်။
 အဲဒီ့ဒေသတွေရဲ့  အဓိကစီးပွားရေးလုပ်ငန်းတွေအကြောင်းနဲ့ အပျက်အစီး အခြေအနေ၊  ပြန်လည်ထူထောင်ရေးအတွက် လိုအပ်ချက်တွေ အကြောင်းလည်း ကိုဇော်ဇော်ထွန်း  ကပြောပြပေးပါဦး။
 ကိုဇော်ဇော်ထွန်း ။    ။  ဒီဒေသတွေ ရဲ့  အဓိက စီးပွားရေး က ရေလုပ်ငန်းနဲ့ လယ်ယာ စိုက်ပျိုးရေးပါ။  ဂီရိမုန်တိုင်းကြောင့်  အဲဒီလုပ်ငန်းတွေ ၇၅ ရာခိုင်နူန်းကနေ ၉၀ ရာခိုင်နူန်းထိ ပျက်စီးသွားတယ်။  ဆားငံရေဝင်သွားတဲ့ စိုက်ပျိုး မြေတွေကနောက်နှစ် မှာလဲ စိုက်ပျိုးဖို့က  မဖြစ်နိုင်သေးဘူး၊ မြေဆီမြေနှစ်တွေ ပုံမှန် ပြန်ကောင်းလာဖို့  အချိန်ယူရအုံးမယ်။
 နောက်  ရေလုပ်ငန်း လုပ်တဲ့ လူတွေ ဆိုလဲ သူတို့ ရှိတဲ့ ငါးဖမ်းဘုတ်တွေ၊လှေတွေ  တံဆာပလာတွေ အကုန်နီးပါးက မုန်တိုင်းနဲ့ ပါသွားပြီ။ အဲ့ဒီ ပစ္စည်းတွေ  မရှိပဲနဲ့ သူတို့လည်း ဘာမှ လုပ်ကိုင်လို့ ရမှာမဟုတ်သေးပါဘူး။ 
ကူညီရေး  အဖွဲ့တွေ အနေနဲ့ ကလဲ ခုဆိုမုန်တိုင်းဖြစ်လို့ ၃ လကျော်လာပေမယ့် ခုချိန်ထိ  ရေတို စီမံကိန်းအနေနဲ့ ယာယီနေထိုင်စားသောက် ရုံပဲ  ကူညီပေးနိုင်ပါသေးတယ်၊ရေရှည်အတွက် ကူညီ ဆောင်ရွက်မှူတွေ က အများကြီး  လိုနေပါသေးတယ်။ ကုလသမဂ္ဂလို အဖွဲ့အစည်းကြီးကတောင်  ဒေါ်လာ ၅၇သန်းကျော်လောက်  ကူည်ီဖို့ ပြောပေမယ့် တကယ့်လက်တွေ့မှာ ဒေါ်လာသန်း၂၀ လောက်၊ လိုအပ်တာရဲ့  ၄၀ ရာခိုင်နူန်းပဲ ကူညီနိုင်ပါသေးတယ်။
 ရခိုင်ပြည်နယ်မှာ  တိုက်ခတ်သွားတဲ့ ဂီရိမုန်တိုင်းအကြောင်းကို ပြည်ပရောက်မြန်မာမိသားစုတွေ  တော်တော်များများက ဂာ ဂဂဏဏ မသိကြဘူးလို့ ကြားနေရပါတယ်။  ဘာကြောင့်လို့ထင်ပါသလဲ။ သတင်း မီဒီယာတွေက တင်ပြပုံအားနဲလို့ လို့  ထင်ပါသလား။
 ကိုဇော်ဇော်ထွန်း ။    ။  ဂီရိ မုန်တိုင်း တိုက်သွားတာကို မသိလိုက်ကြတာတော့ မဟုတ်ဘူး။  ဘယ်လောက်ပျက်စီးသွား တယ်ဆိုတာ နဲ့ ဘာတွေ အရေးတကြီးလိုအပ်နေတယ်ဆိုတာကိုပဲ  ကိုပြည်ပရောက်မြန်မာမိသားစုတွေ သိပ်မသိကြသေး တာလို့ထင်ပါတယ်။ 
နာဂစ်  နဲ့ ယှဉ်ရင် လူသေဆုံးမှူ က အရမ်းကွာတော့ ပေါ့ပေါ့ ပါးပါး တွေးထင်မိတာလဲ  ဖြစ်နိုင်ပါတယ်၊ တကယ်တော့ လူ သေဆုံးသူ ဦးရေက လွဲလို့ ပျက်စီး ဆုံးရှုံးမှုက  နာဂစ်နဲ့ သိပ်မကွာသလို တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းအဆင့်ချင်းကလည်း  သိပ်မကွာပါဘူး။ 
မီဒီယာ  တင်ပြပုံအားနည်းတယ် ဆိုတာထက် လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ ဒေသ တွေ  ဖြစ်နေတာကြောင့် လက်လှမ်းမှီဖို့ အခက်အခဲတွေရှိခဲ့တယ်လို့ ပြောရင်  ပိုမှန်မယ်ထင်ပါတယ်။ 
ကျွန်တော်တို့လို ဒေသခံတွေနဲ့ အဆက်အသွယ် ရှိတဲ့ အသင်းတောင် သတင်းတွေကို ရတာ အရမ်းနောက်ကျပါတယ်။
 မုန်တိုင်းသင့်ဒေသတွေက ဒေသခံတွေအနေနဲ့ လက်ရှိဘယ်လိုအကူအညီမျိုးတွေ ရရှိနေပါသလဲ။
 ကိုကျော်ဝင်း ။  ။  မြန်မာပြည်တွင်းမှ စေတနာရှင်တိုင်းရင်းသားပြည်သူတွေ၊  ပြည်ပရောက်မြန်မာမိသားစုတွေ၊ NGO အဖွဲ့အစည်းတွေ၊ အမေရိကန်ပြည်ထောင်စု၊  ဂျပန်၊ သြစတေးလျ၊ EU နိုင်ငံတွေနဲ့ ကမ္ဘာ့ကုလသမဂ္ဂက စားနပ်ရိက္ခာ၊  ယာယီနေထိုင်ဖို့ အထောက်အပံ့ပစ္စည်းတွေနဲ့ ဆေးဝါးပစ္စည်းတွေကူညီပေးနေပါတယ်။  ဒါပေမဲ့ ခုနပြောခဲ့သလိုပဲ အကူအညီတွေက တကယ်လိုအပ်တာရဲ့  တဝက်ကိုတောင်မပြည့်မှီသေးပဲ အမြောက်အများလိုအပ်နေဆဲပဲဖြစ်ပါတယ်။
 ဒါဆိုရင် လောလောဆယ်မှာ မုန်တိုင်းဒဏ်ခံဒေသတွေအတွက် ဘယ်လိုအကူအညီမျိုးတွေ အရေးတကြီးလိုအပ်နေပါသလဲ။
 ကိုကျော်ဝင်း ။   ။  သောက်သုံးရေပါ။ ဆားငံရေဝင်သွားတဲ့ ရေတွင်းရေကန်တွေပြန်ဖော်ဖို့ နဲ့  လိုအပ်ရင်သောက်ရေတွင်း အသစ်တွေ အမြန်ပြန်တူးဖော်ပေးဖို့လိုနေပါတယ်။  နောက်တခုက ကလေးတွေပညာရေးအတွက် စာသင်ကျောင်းတွေပါ။ ရှေ့လထဲမှာ  စာမေးပွဲတွေစတော့မှာမို့ စာသင်ကျောင်းတွေကို  အမြန်ပြန်ဆောက်ပေးနိုင်ဖို့လိုနေပါတယ်။
 ဂီရိ မုန်တိုင်းဒဏ်သင့် ခဲ့တဲ့ဒေသတွေအတွက် ရန်ပုံငွေရှာဖွေဖို့အတွက်ကိုရော ဘာတွေလုပ်ဆောင်နေပါသလဲ။ 
 ကိုဇော်ဇော်ထွန်း ။    ။  ခု ဂီရိ အတွက် ကျွန်တော် တို့ တလပိုင်း ၂၀၁၁ ခုထိ လှူဒါန်းငွေ က WAO-USA  တခုတည်းက တဆင့် လှူဒါန်းငွေ အမေရိကန်ဒေါ်လာ 30,000 နီးပါး  လောက်လှူဒါန်းပြီးပါပြီ ။ ထပ်ပြီးလည်း လှူဒါန်းနေကြပါတယ်။ အရင်တုန်းကတော့ WAO  members  တွေကပဲ စိုက်ထုတ်လှူဒါန်းခဲ့ ကြပေမယ့် ၂၀၁၀  ရခိုင်ရေဘေး နဲ့ ၂၀၁၀ ဂီရိမုန်တိုင်းတွေက ပျက်စီးမှု ကြီးမားလွန်းတာကြောင့်  နီးစပ်ရာ မိတ်ဆွေ၊သူငယ်ချင်းတွေ ရဲ့အကူအညီ ကို ရယူလာခဲ့ ရပါတယ်။  စေတနာရှင်များ အနေနဲ့ ဂီရိလေဘေးသင့်ဒေသတွေအတွက် အကူအညီနဲ့ လှူဒါန်းငွေတွေကို  WAO (www.worldarakan.org ) က တဆင့်ဖြစ်ဖြစ်၊ ပြည်သူ့ဂုဏ်ရည်အသင်း ကတဆင့်ဖြစ်ဖြစ် ပေးအပ်လှူဒါန်း နိုင်ကြ ပါတယ်။
အခုလာမယ့်  ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာလည်း နယူးယောက်မြို့မှာ  နယူးယောက်မြို့သူမြို့သားများရဲ့ ဂီရိရန်ပုံငွေ ဈေးရောင်းပွဲတော် တခုကို  ပြည်သူ့ဂုဏ်ရည်အသင်း (နယူးယောက်ဌာနခွဲ)  နဲ့ပူးပေါင်းပြီးပြုလုပ်သွားဖို့ရှိပါတယ်။
 အလျှင်းသင့်တုံး WAO (World Arakanese Organization) အကြောင်း ရှင်းပြပေးပါဦး။
  ကိုဇော်ဇော်ထွန်း ။    ။ ဟုတ်ကဲ့။  WAO (World Arakanese Organization) ဆိုတာ  လူမူရေး သီးသန့် အတွက် ဖွဲ့စည်းထားတဲ့ ရခိုင်အသင်း တခုပါ၊ ဥရောပ၊ အာရှ နဲ့ ၊ အမေရိက မှာ ရောက်ရှိနေတဲ့ ရခိုင်လူမျိုးတွေ အနေနဲ့  မိမိ ရိုးရာ စာပေ၊ ယဉ်ကျေးမူ  ကို  ထုတ်ဖော်တင်ပြ ပြီးတော့ မြန်မာပြည်တွင်းမှာ ရှိတဲ့ ရခိုင်လူမျိုးတွေရဲ့   ပညာရေး၊ ကျန်းမာရေး၊လူမှူဖူလုံရေး ဘဝ အစစ ကို တတ်နိုင်တဲ့ ဘက်က  ၀ိုင်းဝန်းကူညီ နိုင်ဖို့ ဖွဲ့စည်းထားတဲ့ လူမှုရေုး အသင်းတစ်ခုဖြစ်ပါတယ်။
 အသင်းကို ၂၀၀၅ ခုနှစ် ကတည်းက စဖွဲ့ခဲ့ပြီးတော့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ မှာ ဌာနချူပ်ကို ထားရှိပါတယ်။  ခုလို သဘာဝ ဘေးအန္တရာယ်နဲ့  ကြုံလာတဲ့ အခါ ကျွန်တော်တို့ ယုံကြည်စိတ်ချ ရတဲ့ ပြည်တွင်းက အသင်းအဖွဲ့တွေ NGO တွေ နဲ့ လက်တွဲ ဆောင်ရွက်ပါတယ်။  
ကျွန်တော်  တို့ အသင်းက ရခိုင်အသင်းဆို ပေမယ့် မြန်မာပြည်က ဘယ်ဒေသမှာမဆို ဒုက္ခအခက်အခဲ  နဲ့ ကြုံ နေရရင် ကူညီပေးနေကျပါ၊ ဥပမာ နာဂစ်တုန်းကဆို လည်း ဧရာဝတီတိုင်းကို  ကျွန်တော်တို့ အများကြီး ကူညီနိုင်ခဲ့သလို ယိုးဒယား ကို ရောက်ပြီး ဒုက္ခ  ရောက်နေတဲ့ တခြား မြန်မာတိုင်းရင်းသားတွေ ကိုလည်း  ကျွန်တော်တို့ ကူညီပေးနိုင် ခဲ့ပါတယ်။ 
ကျွန်တော်တို့  WAO က ဂီရိ မုန်တိုင်းဒဏ်သင့် ဒေသတွေကိုကူညီတာက ရခိုင်ပြည်မို့  မဟုတ်ပါဘူး၊ မြန်မာပြည်က ဘယ်နေရာမှာပဲ ဖြစ်နေနေ ကျွန်တော်တို့  တတ်အားသမျှကူညီဖို့ အသင့်ပါပဲ။ အခု ဂီရိမုန်တိုင်းက ရခိုင်ပြည်မှာ  ဖြစ်နေတော့ ကျွန်တော်တို့က သာမန်ကူညီ ရုံနဲ့ မလုံလောက်တော့ပါဘူး၊  သမိုင်းပေး တာဝန်တစ်ခု အနေနဲ့ပါ ထမ်းဆောင်ရတာမျိုးတွေတော့ ရှိပါတယ်။ 
 တခြားဘာများ ပြောချင်တာရှိပါသေးသလဲခင်ဗျာ။
 ကိုဇော်ဇော်ထွန်း ။    ။  ခုလို ဂီရိ မုန်တိုင်းဒဏ်သင့် ခဲ့တဲ့ ပြည်သူတွေ အတွက် ရံပုံငွေရရှိအောင်  တက်ညီလက်ညီ ၀ိုင်းဝန်း ပါဝင်ကူညီကြတဲ့ အသင်း အဖွဲ့များ၊ မိတ်ဆွေ  သူငယ်ချင်းများနဲ့ တကွ နယူးယောက်မြို့မှာ ရံပုံငွေဈေးရောင်းပွဲတော်  ဖြစ်မြောက်ရေးအတွက် တာဝန်ယူဆောင်ရွက်ပေးမည့်  ပြည်သူ့ဂုဏ်ရည်အသင်း  (နယူးယောက်ဌာနခွဲ) နဲ့ Burmese Classic မှ ကိုမျိုးအောင် နဲ့ ကိုဇော်(Zaw  Photo NYC) တို့ကို WAO နဲ့ ရခိုင်ပြည်သူတရပ်လုံးကိုယ်စား  “ကျေးဇူးအထူးတင်ရှိပါတယ်”  လို့လည်း တခါတည်း ပြောကြားချင်ပါတယ်။
 ကိုကျော်ဝင်း ။   ။  အခုလာမယ့် နယူးယောက်မြို့ဂီရိရံပုံငွေဈေးရောင်းပွဲတော်မှာ  ပါဝင်ဆင်နွဲမယ့် စားသောက်ဆိုင် အလှုရှင်များ၊ လာရောက်အားပေးလှုဒါန်းကြမယ့်  နယူးယောက်မြို့သူမြို့သားများ နဲ့တကွ ဖျော်ဖြေရေးကဏ္ဍအတွက်  မေတ္တာဖြင့်လာရောက်ကူညီပေးမယ့် ဘော့စတွန်မြို့ Boston Myanmar Group (BMG)  မှ DJ ကိုဝင်းအေး နဲ့ ကိုအဲလက်စ် တို့ကိုလည်းကျေးဇူးတင် စကား  ကြိုတင်ပြောကြားလိုပါတယ်ခင်ဗျား။
		


