>Letters from Michigan – 49

>

မစ်ရှီဂန်မှပေးသောစာ(၄၉)
အောင်ဝေး
ဇန်န၀ါရီ ၁၀၊ ၂၀၁၁


မိတ်ဆွေကြီးကိုဒေါင်း-
ကျန်းခံ့သာလို့ မာပါစဗျာ။ ဒီမှာတော့ နှင်းမုန်တိုင်းကို အန်တုရင်ဆိုင်ရင်း၊ အိမ်လွမ်းစိတ်က နှင်းမုန်တိုင်းထဲက ငန်းရိုင်းတွေလိုပဲ လေဆန်မှာ ရဲရဲ ပျံသန်းနေကြပါတယ် ဆိုပါတော့။ ဆရာမောင်ခိုင်မာရဲ့ “နှင်းမုန်တိုင်းနှင့် ငန်းရိုင်းများ” ကဗျာကြီးကိုလည်း ပြန် သတိရမိပါရဲ့။

ကိုရီးယားစကားပုံတခု ရှိတယ်ဗျ ကိုဒေါင်း၊ “တိမ်တွေက လေစုန်နဲ့လိုက်ပြီး မျှောချတတ်ကြတယ်။ ငန်းရိုင်းတွေကတော့ လေဆန်ကိုဖြတ်ပြီး အိပ်တန်းကို ရှာကြတယ်လေ” တဲ့။ ကျနော်တို့လည်း ဒီအဓိပ္ပာယ်နဲ့ပဲ ခေတ်ကို ဖြတ်သန်းခဲ့ကြတာပါ။ ကိုဒေါင်းတို့၊ ကျနော်တို့ရဲ့ ခေတ်ပြိုင်ပြည်သူတွေ၊ ခေတ်ပြိုင် ခံစားမှုတွေ၊ ခေတ်ပြိုင် လှုပ်ရှားမှုတွေ။ ခေတ်ပြိုင်ထဲမှာ အတောင်ပံတူတဲ့ ငှက်တွေ တအုပ်တဖွဲ့တည်း စုပြီး ပျံသန်းခဲ့ကြတာပဲ မဟုတ်လား။

ခုတော့လည်း ကျနော်တို့ ခေတ်ပြိုင်တွေထဲက တချို့လည်း ကွယ်လွန်ခဲ့ရှာပါပြီ။ တချို့ လည်း လမ်းခုလတ်မှာ ဆက်လက် မလိုက်ပါနိုင်တော့လို့ ကျန်ရစ်ခဲ့ရှာပါပြီ။ တချို့လည်း အားတင်းပြီး ဆက်လက် ပျံသန်းနေကြဆဲပေါ့ဗျာ။

ဘာပဲဖြစ်ဖြစ်ပေါ့ ကိုဒေါင်းရယ်၊ လူတယောက်ဟာ မိုးထဲလေထဲ မုန်တိုင်းထဲမှာ သူပျံသန်းခဲ့တယ် ဆိုရင်၊ ကျနော်တို့ သူ့ကို အသိအမှတ်ပြုရမှာပဲ မဟုတ်လား။ အခုနေမှာ ကျဆုံးသွားတဲ့သူတွေကိုလည်း သူတို့ တိုက်ပွဲဝင်ခဲ့တဲ့ သမိုင်းကို ကျနော်တို့ မော်ကွန်းတင် ကမ္ပည်းထိုး ဂုဏ်ပြုကြရမယ်။ ဒီလိုပဲ ခရီးမဆုံးခင် တိုက်ပွဲ လမ်းကြောင်းပေါ်က ဖဲ့ဆင်း ကျန်ရစ်တဲ့သူတွေ အပေါ်မှာလည်း ကျနော်တို့ နားလည်ပေးရမယ်။ သူတို့ ပျံသန်းနိုင်စွမ်း ရှိသလောက် ပျံသန်းခဲ့ကြတာပဲ။ သူတို့ဘ၀ အခြေအနေကြောင့် ရှေ့ဆက် မလိုက်ပါနိုင်လို့ နောက်ကျန်နေရစ်ခဲ့ရတာပါပဲ။ သူတို့ ဖောက်ပြန်သွားတာ မဟုတ်ဘူး။ သူတို့ကို ကျနော်တို့ ခွင့်လွှတ်ရမယ်။

သူတို့ဟာ သူတို့ ရုပ်၊ သူတို့ ခန္ဒာကိုယ်အနေနဲ့သာ ကျနော်တို့နဲ့ ဆက်လက် လိုက်ပါမချီတက်နိုင်တာပဲ ရှိတယ်။ သူတို့ရဲ့ စိတ်၊ သူတို့ရဲ့ ဆန္ဒ၊ သူတို့ရဲ့ မျှော်လင့်ချက်တွေကတော့ ကျနော်တို့နဲ့ အတူ မုန်တိုင်းထဲမှာ လိုက်ပါ ချီတက် တိုက်ပွဲဝင်နေတာပဲ ဆိုတာကိုတော့ ယုံကြည်ရမယ် ကိုဒေါင်း။

ဆိုကြပါစို့၊ ကျနော်တို့ င်ဗျားတို့က အခြေအနေပေးလို့ ရှေ့ဆက်ပျံသန်းခဲ့ကြတယ်။ မုန်တိုင်းကလည်း ထန်နေတုန်းပဲ ဖြစ်တယ်။ ကဗျာလို ဖွဲ့ရရင်တော့၊ ကိုဒေါင်းရေ၊ တချို့ကျဆုံး၊ တချို့လဲကျ၊ တချို့ရှင်သန်၊ ပျံသန်းခဲ့ခြင်းသာ အမှန်တရား၊ ဒါပဲ မဟုတ်လားဗျာ။

ကျနော်တို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောဖူးတဲ့ စကားတခွန်း ရှိတယ်။ “အကြမ်းမဖက် တော်လှန်ရေး ဆိုတာ ကြာရှည်ချင် ကြာရှည်မယ်။ တော်လှန်ရေးလုပ်ပြီ ဆိုရင်တော့ အဆုံးအထိ လုပ်ဖို့ လိုတယ်” တဲ့။

ကိုဒေါင်းရေ၊ ဒါပေမဲ့လည်း အကြောင်း အမျိုးမျိုးကြောင့် အဆုံးအထိ မပျံသန်းနိုင်ခဲ့တဲ့ ငန်းရိုင်းတွေလည်း ရှိလေတော့၊ အဲဒီလူတွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က သူတို့ရဲ့ တိုက်ပွဲဝင်ခဲ့တဲ့သမိုင်းကို အသိအမှတ်ပြု ချီးကျူးသလို၊ သူတို့ တော်လှန်ရေးက အနားယူသွားတာကိုလည်း နားလည် ခွင့်လွှတ်ကြောင်း အလေးအနက် ပြောကြားခဲ့ဖူးပါတယ်ဗျာ။

အခုအချိန်မှာ ဦးခွန်ထွန်းဦးတို့၊ ကိုမင်းကိုနိုင်တို့၊ ကိုဇာဂနာတို့ စသည်ဖြင့်က နှစ်ရှည် ထောင်ဒဏ်တွေနဲ့ အကျဉ်းစံနေရတယ်။ ဆရာ ဦးဝင်းတင်တို့၊ အဘ ဦးတင်ဦးတို့၊ ဒေါ်အောင်ဆန်းစုကြည်တို့ စသည်ဖြင့်က ပြန်လွတ်မြောက်လာတယ်။ မုန်တိုင်းက ထန်နေတုန်းဖြစ်တယ်။ ဖက်ဆစ် သံဖနောင့်အောက်က ဒီလိုတိုင်းပြည်မျိုးမှာ ထောင်အတွင်းကလူနဲ့ ထောင်အပြင်ဘက်ကလူ၊ အတူတူပဲ ဆိုတာ အားလုံးက နားလည်ပြီးသားပါ။

အခုနောက်ဆုံးအကြိမ်၊ ဒေါ်အောင်ဆန်းစုကြည်နေအိမ် အကျယ်ချုပ်က လွတ်လွတ်ချင်း ပြောလိုက်တာရှိပါတယ်။ “ကျမပြည်သူတွေ အားလုံး မလွတ်မြောက်သေးဘဲနဲ့ ကျမ လွတ်မြောက်တယ်လို့ မပြောနိုင်ပါဘူး” တဲ့။

ကိုဒေါင်းရေ၊ ကျနော်တို့ တိုင်းပြည် မလွတ်မြောက်သေးပါဘူး။ ဒီတော့ လွတ်မြောက်ဖို့အတွက် ကျနော်တို့ ရှေ့ဆက် ကြိုးစား ရုန်းကန်ကြရဦးမှာပါပဲ။ အဲဒီလို ရုန်းကန်တဲ့အခါမှာ တိုက်ပွဲပုံသဏ္ဌာန်နဲ့ ဦးတည်ချက်ဆိုတာ ရှိတယ်။ ဒါကို သဘောပေါက်ဖို့ လိုတယ်။

တိုက်ပွဲ ပုံသဏ္ဌာန် ဆိုတာ ကိုယ်က ရွေးချယ်လို့ရတာ မဟုတ်ဘူး။ တိုက်ပွဲပုံသဏ္ဌာန်ကို ရန်သူကပဲ ရွေးချယ်ပေးတာ။ ကိုယ်ဖြစ်စေချင်သလို ဆန္ဒစွဲနဲ့ တိုက်လို့ရတာ မဟုတ်ဘူး။ ဘုံရန်သူက ဘာလဲ ဘယ်လဲ၊ သိကို သိရမှာ။ ပြီးတော့ ကိုယ့်တိုက်ပွဲရဲ့ ဦးတည်ချက်က ဘာလဲ။ ဒါကတော့ ရှင်းတယ်။ လူတိုင်း သိတယ်။ စစ်အာဏာရှင်စနစ် ဖြုတ်ချရေးပဲ။ ဒီလောက် သိရုံနဲ့ မလုံလောက်သေးဘူး။ ဦးဆောင်မှုကိုပါ မြင်အောင် ကြည့်တတ်ရမယ်။

မှန်ကန်တဲ့ ဦးဆောင်မှုနောက်မှာ ကျနော်တို့ အတူတကွ၊ ယုံယုံကြည်ကြည် လိုက်ပါနိုင်ကြရမယ်။ ဒါပဲ ကိုဒေါင်း။ အရေးအကြီးဆုံးက ဒီအချက်ပဲ။ ဒီနေ့ အဆုံးသတ်တိုက်ပွဲက ဒါကို အရေးတကြီး တောင်းဆိုနေပြီ ကိုဒေါင်း။

ဒီလိုမှမဟုတ်ဘဲ၊ တလွဲဆံပင်ကောင်းတွေဖြစ်ပြီး၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှန်ကန်ခိုင်မာတဲ့ ဦးဆောင်မှုနောက်မှာလည်း မလိုက်ပါ၊ ကိုယ့်ဘာသာ ထီးတည်း၊ ကိုယ့်ဥာဏ် ကိုယ့်အမြင် ကျဉ်းကျဉ်းကလေးနဲ့ ထင်ရာစိုင်းနေမယ် ဆိုရင်တော့၊ သမိုင်း အကွေးမခံဘူး ဆိုနေပေမဲ့၊ သမိုင်းက ဖြောင့်လာမှာတော့ မဟုတ်ဘူး ကိုဒေါင်း။

ခက်တာက ကျနော်တို့ ပြည်ပရောက် မြန်မာ့အရေးကြိုးပမ်းသူ ဆိုသူ တချို့“ငါလည်း စာမတတ်၊ ငါ့ယောက်ဖငညို ပြောတာလည်း ငါမယုံ” ဆိုတာမျိုး ဖြစ်လို့နေတာပါပဲ။ သူတို့လည်း သူတို့နည်း သူတို့ဟန်နဲ့ ပျံသန်းနေတာပါ ဆိုရင်တော့လည်း၊ ပန်းတိုင်နဲ့မလွဲပါစေနဲ့လို့သာ တိုက်တွန်းပရစေဗျာ။
အားလုံးကိုအလေးပြုလျက်-
အောင်ဝေး
ဒီဇင်ဘာ ၁၉-၂၀၁၀။

[မူရင်း – လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese]

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts