>
ဇန်နဝါရီ ၉၊ ၂၀၁၁
နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပေးဆပ်မှုများ၊ သုခကုသိုလ်ဖြစ်ဆေးခန်း၏ ဖေးမမှုများကို သဒ္ဒါပေါက်၍လည်းကောင်း၊ တဖက်တလမ်းမှ အားပေးခြင်းဖြင့်လည်းကောင်း လာရောက်၍ လှူဒါန်းကြသော ပြည်တွင်း ပြည်ပမှ အလှူရှင်များအား ပြန်လည်၍ ဂုဏ်ပြုပေးအပ်သော ဂုဏ်ပြုလွှာနှင့်တကွ အသင်း၏လုပ်ဆောင်ချက်များကို ဖော်ပြထားသော VCD, DVD အခွေချပ်များတွင် ကြည့်ရှုသူ ပြည်သူအပေါင်းအတွက် သီဆိုဖျော်ဖြေပေးထားသော လူမှုရေးလုပ်ငန်းများနှင့် ပတ်သက်သော ဂီတစကားလုံးများ ပါဝင်သည့် သီချင်းသံစဉ်များအားစတင်၍ သီဆိုဒါနပြုခဲ့သူ ဂီတပညာရှင်များတွင် အဆိုတော် မေခလာ (မငယ်) သည်လည်း အဓိကနေရာတွင် ပါဝင်ခဲ့သည်။
တေးရေး/ဆို စိုးသိင်္ခနှင့် မေခလာတို့၏ နောက်ပိုင်း အဆိုတော် နှင်းဧကရီ၊ ကိုစိုးပိုင်၊ မမေရွက်ဝါ၊ အနဂ္ဃ၊ ဂျေမီ၊ ချစ်စိုး၊ ချမ်းအေးဝင်း၊ ချိုချို၊ RT(အာတီ)၊ ဘိုလေးနှင့် ပြည်သာ၊ ဂျီတုန်း၊ သုတ(Cyclone)၊ ကျော်သူ၊ ကိုရဲလွင် (မဇ္ဈိမလှိုင်း)၊ ကိုနေဝင်း (မောင့်လပြည့်ဝန်း)၊ ဆောင်းဦးလှိုင်၊ သားထွေး၊ ကောင်းပြည့်၊ ကျားပေါက် (Big Bag)၊ အလင်္ကာ၊ နိုင်ဇော်(Lazy Club)၊ ဖြိုးကျော်ထိုက်၊ BK, JJ, P-XI, DICE, Feat – K လေး၊ ရည်မွန်လမင်း၊ စောသဉ္ဇာ၊ တွတ်ပီ(NES)၊ Po Po၊ ပိစိ၊ သူရိန်၊ ထက်အောင်လှိုင်၊ အိလှိုင်ဦး၊ ဖိုးဆောင်း၊ ကိုဦး၊ အော်တာ၊ DENNIS၊ ထက်ထက်စိုး၊ ဟန်လင်းအောင်၊ ဖိုးလ၊ သက်နှင်းဆက် စသည့် အဆိုတော် ဂီတပညာရှင်များကပါ ဝိုင်းဝန်း၍ လူမှုရေးလုပ်ငန်းများဖြစ်သော နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လုပ်ဆောင်ချက်များတွင် အများပြည်သူတို့ အယူသီးမှုပပျောက်ရေးအတွက်လည်းကောင်း၊ လူမှုရေးလုပ်ငန်းများကို လူငယ် မျိုးဆက်သစ်တို့ စိတ်ဝင်စားမှုရှိလာရန်အတွက်လည်းကောင်း အားပေး အသိအမှတ်ပြုသည့်အနေဖြင့် တဖက်တလမ်း ဂီတပညာရပ်တို့ဖြင့် ကုသိုလ်ဖြစ် ရေး/ဆို တီးခတ်ပေးဆပ်ခဲ့ကြသည်။
ယခုဆိုလျှင် ဂီတပညာရှင်များ သီဆိုပေးထားသော လူမှုရေး၊ ငြိမ်းချမ်းရေး သီချင်းများကို အလှူရှင်များအား (ကန့်သတ်) အခွေအဖြစ် ဂုဏ်ပြုပေးအပ်ရန်အတွက် အသင်း၏ လုပ်ဆောင်ချက်၊ ပေးဆပ်မှု အရုပ်မြင်ကွင်းများအပြင် အဆိုတော်များ၏ သီဆိုမှုပုံရိပ်လွှာများပါရှိရန် သီးခြားရိုက်ကူးမှုများ ပြုလုပ်လျှက်ရှိသည်။
ထိုသို့ ရိုက်ကူးမှုများပြုလုပ်ခဲ့ရာ အဆိုတော် ဦးရဲလွင် (မဇ္ဈိမလှိုင်း)၊ Hip Hop အဆိုတော် BK (Black Night)၊ စောသဉ္ဇာတို့၏ ရုပ်ပုံလွှာများ ရိုက်ကူးပြီးစီးပြီး ဖြစ်ပါသည်။ မကြာခင်ရက်များတွင် အဆိုတော် ဆောင်းဦးလှိုင် အပါအဝင် လူမှုရေးဂီတသမားများ၏ ရုပ်ပုံလွှာများကိုလည်း ဆက်လက် ရိုက်ကူးတော့မည် ဖြစ်ပါသည်။ ထို့ကြောင့် မကြာခင် အများပြည်သူ အလှူရှင်များလက်တွင်းသို့ ယင်း ဂီတလူမှုရေး သူရဲကောင်းများ၏ သံစဉ်များ၊ ရုပ်ပုံလွှာများရောက်ရှိတော့မည် ဖြစ်သည်။
ထိုကဲ့သို့ မိမိတို့၏ သံစဉ်များ၊ ဂီတပညာရပ်များဖြင့် လူမှုရေးလုပ်ငန်းဖြစ်သော အများပြည်သူအတွက် ပေးဆပ်နေသော နာရေးကူညီမှုအသင်း(ရန်ကုန်)အတွက် ကုသိုလ်ဖြစ် သီဆို ဒါနပြုခဲ့ကြသည့်အပြင် မိမိတို့၏ ချွေးနည်းစာ၊ မိမိတို့၏ ဂီတပညာရပ်ဖြင့် ပြည်တွင်း ပြည်ပတို့တွင် ဖျော်ဖြေ၍ရရှိခဲ့သော ငွေကြေးအချို့တို့ကိုပါမကျန် ကောင်းမှုပြုခဲ့ခြင်းတို့အပေါ် များစွာဝမ်းသာပီတိ သာဓု ခေါ်ဆိုလိုက်ပါသည်။ ထိုသို့လှူဒါန်းခြင်းများသည် လှူဒါန်းမှုအတွက် ကုသိုလ်ရရှိသည့်အပြင် လူငယ် မျိုးဆက်သစ်တို့ လူမှုရေးလုပ်ငန်းများကို တက်ကြွစွာပါဝင် လှုပ်ရှားလိုစိတ်များပါ ဖြစ်ပေါ်စေသည်။ ထို့ကြောင့် ဂီတလူမှုရေးကွန်ယက်မှ အစပြု၍ လူငယ်လူမှုရေးကွန်ယက်သည် မကြာမီအချိန်အတွင်း ပေါ်ပေါက်လာတော့မည် ဖြစ်တော့သည်။