>CoBA SF Chapter to host fund raising in coming Jan 23

>


ဇန်န၀ါရီ ၂၃ တနင်္ဂနွေနေ့မှာ ပြည်သူ့ဂုဏ်ရည်ဆန်ဖရန်မိသားစု ရန်ပုံငွေပွဲ ဈေးရောင်းမည်
မိုးမရွာဆော်ကြီး
ဇန်န၀ါရီ ၈၊ ၂၀၁၁
၂၀၁၁ မေလ မှာ ဒုတိယအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုချီးမြှင့်ခြင်း အခမ်းအနားကို ကျင်းပမှာ ဖြစ်ပါတယ်။ ပထမဆုပေးပွဲကို အယ်လ်အေမှာ၊ ဒုတိယအကြိမ်မြောက်ကိုတော့ ဆန်ဖရန်စစ္စကို ဘေးဧရိယာမှာ ကျင်းပဖို့ စီစဉ်နေကြပါတယ်။ မြန်မာပြည်တွင်းက လူမှုလုပ်ငန်းများ ကိုယ်ကျိုးမဖက် စွမ်းဆောင်သူများ၊ အဖွဲ့အစည်းများထဲမှ အများရဲ့ မဲဆန္ဒခံယူပြီး ပြည်သူ့ဂုဏ်ရည် ဆု ဂုဏ်ပြုချီးမြှင့်နိုင်ဖို့အတွက် ရန်ပုံငွေ ရှာဖွေဖို့ ဈေးရောင်းပွဲတော်တခု ကို လာမယ့် ဇန်န၀ါရီ ၂၃ မှာ ကျင်းပမှာ ဖြစ်ပါတယ်။
မြန်မာနဲ့ အာရှရိုးရာ အစားအသောက်များကို အလှူရှင်မြန်မာမိသားစုများက ချက်ပြုတ်ပြီး တည်ခင်း ရောင်းချ ဧည့်ခံမှာ ဖြစ်ပါတယ်။ ရရှိတဲ့ ရောင်းရငွေများအားလုံးကို ပြည်သူ့ဂုဏ်ရည်ဆုချီးမြှင့်နိုင်ရန်နှင့် အခမ်းအနားအတွက် လှူဒါန်းကြမှာ ဖြစ်ပါတယ်။ အစားအသောက် ချက်ပြုတ်လှူဒါန်းသူများ ရှိသလို စေတနာရှင်များ၊ အလှူရှင်များကလည်း ပွဲတော်ဖြစ်မြောက်ရေးအတွက် မတည်လှူဒါန်းမှုများ ပြုလုပ်ကြတယ်လို့ သိရပါတယ်။ ယခုလောလောဆယ် စားသောက်ဆိုင် ၂၀ ခန့် ရရှိထားပြီ ဖြစ်ပါတယ်။ စာရင်းများကို လက်ခံလျက်ရှိတယ် လို့ သိရပါတယ်။

 (ပြည်သူ့ဂုဏ်ရည် ဆန်ဖရန်ဘေးဧရိယာ ဈေးရောင်းပွဲ – စားဖွယ်ရာနှင့် အလှူရှင်များ စာရင်း၊ အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာ)

ဆန်ဖရန်စစ္စကိုဘေးဧရိယာက ပြည်သူ့ဂုဏ်ရည်အဖွဲ့ခွဲမှာ မြန်မာ့လူမှုရေး ကူညီမှု စိတ်ဝင်စားသူ စေတနာရှင်များ၊ လုပ်အားပေးများ၊ အလှူရှင်များ၊ မိသားစုများ၊ လူကြီး လူငယ် ကျောင်းသားတို့ လက်လှမ်းမီသမျှ စုဝေး လက်တွဲပြီး စတင် ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်အတွင်းမှာ ဆန်ဖရန်ဘေးဧရိယာတ၀ှမ်းရှိ မြန်မာကွန်မြူနီတီရဲ့ ဘာသာရေးနဲ့ လူမှုရေးပွဲတော်နဲ့ လှုပ်ရှားမှုတွေမှာ ပြည်သူ့ဂုဏ်ရည်အဖွဲ့က လုပ်အားပေးများက ၀ိုင်းဝန်းကူညီ ဆောင်ရွက်ခဲ့ကြပါတယ်။ တဖက်ကလည်း ပြည်သူ့ဂုဏ်ရည်လှုပ်ရှားမှုမှာ မြန်မာမိသားစုတို့ အားပေး ကူညီကြဖို့ လိုက်လံ တိုက်တွန်းခြင်း၊ ရှင်းလင်းခြင်း နှင့် နှိုးဆော်ခြင်းတို့ ဆောင်ရွက်ခဲ့ကြပါတယ်။
 မြန်မာပြည်တွင်းက သဘာဝ ဘေးဒဏ်ခံရသူတွေအတွက် ကူညီမှု ရန်ပုံငွေ ပွဲတွေဖြစ်တဲ့ မြန်မာပြည်အပူလှိုင်းသင့် ရေရှားသူများကို ကူညီမှုရန်ုပုံငွေ၊ ဂီရိမုန်တိုင်းသင့် ပြည်သူများ ကူညီမှု ရန်ပုံငွေပွဲတော်တွေမှာလည်း ပြည်သူ့ဂုဏ်ရည် လုပ်အားပေးများ၊ စေတနာရှင်များက ၀ိုင်းဝန်းဆောင်ရွက်ခဲ့ကြပါတယ်။ ကိုယ်ထူကိုယ်ထ တပိုင်တနိုင် စုဆောင်းလှူဒါန်းမှု စုစုပေါင်း ဒေါ်လာ ၂၄၀၀ ကျော်ကို ဆန်ဖရန်ဘေးဧရိယာ မြန်မာကွန်မြူနီတီ အလှူပွဲတော်တွေအတွက် လှူဒါန်းနိုင်ခဲ့ပါတယ်။ အလားတူပဲ အခြားမြို့နယ်တွေမှာ လှုပ်ရှားနေတဲ့ ပြည်သူ့ဂုဏ်ရည် မိတ်ဆွေများကလည်း ဆိုင်ရာမြို့နယ်တွေက မြန်မာလူမှုရေးနဲ့ အလှူဒါနလုပ်ငန်းတွေမှာ လက်တွဲ ကူညီမှုတွေ ပြုလုပ်ခဲ့ကြပြီး ပြည်သူ့ဂုဏ်ရည်လှုပ်ရှားမှုအတွက် စည်းရုံး နှိုးဆော်မှုတွေ လုပ်ခဲ့ကြတာကို တွေ့ရပါတယ်။
“၂၀၁၁ ဧပြီမှာ ကျင်းပခဲ့တဲ့ ပထမအကြိမ် ဆုချီးမြှင့်ပွဲမှာ မြန်မာပြည်၊ ရန်ကုန်က နာရေးကူညီမှုအသင်းဦးဆောင်သူ ကိုကျော်သူကို အများမဲဆန္ဒနဲ့ ရွေးချယ် ဂုဏ်ပြုခဲ့တယ်။ စုဆောင်းမိတဲ့ ရန်ပုံငွေတွေနဲ့ အမေရိကန်ဒေါ်လာ ၇ ထောင်ကို ငွေသားဆု ချီးမြှင့်နိုင်တဲ့အပြင် နောက်ဆုံးဆန်ခါတင် မြန်မာ့ဂုဏ်ထူးဆောင် ၄ ဦး ကို အမေရိကန် ဒေါ်လာ ၁ ထောင်စီကိုပါ ဂုဏ်ပြုပေးအပ်ခဲ့တယ်။ အခုလို ကောင်းမွန်တဲ့ အစဉ်အလာကို ဆက်လက်ပြီး သယ်ဆောင်ဖို့ ဂုဏ်ပြုနိုင်ဖို့အတွက် အများပြည်သူရဲ့ မဲဆန္ဒတွေနဲ့ ပြည်သူ့ဂုဏ်ရည်ဆု ရွေးချယ်ကြမယ်၊ အများပြည်သူရဲ့ မတည်လှူဒါန်းတဲ့ အလှူငွေကို စုဆောင်းပြီး ဂုဏ်ပြုကြမယ်။ စာရင်းကိုင်တွေ စာရင်းစစ်တွေနဲ့ အများကို ရှင်းလင်းတင်ပြသွားမှာ ဖြစ်ပါတယ်။ အများပြည်သူရဲ့ ဆန္ဒနဲ့ စာရင်းသွင်းမှုတွေကို လက်ခံနေပါပြီ”
လို့ ပြည်သူ့ဂုဏ်ရည် လှုပ်ရှားမှုရဲ့ လုပ်အားပေးစေတနာရှင်တဦးက ရှင်းလင်းပြောပြပါတယ်။
၂၀၁၀ ဒီဇင်ဘာလမှာတုန်းကလည်း ပြည်သူ့ဂုဏ်ရည်မြို့နယ်စုံက မိသားစုတွေ ၅ ကျပ် ၁၀ စီ စုဆောင်းပြီး ပြည်သူ့ဂုဏ်ရည်ဆုရှင် ကိုကျော်သူရဲ့ သုခကုသိုလ်ဖြစ် ဆေးခန်းနဲ့ ဂုဏ်ထူးဆောင်တဦးဖြစ်သူ မဖြူဖြူသင်းရဲ့ HIV/AIDS လူနာစောင့်ရှောက်ရေး ဂေဟာကို စုပေါင်းလှူဒါန်းမှုကို တပတ်အတွင်း တိုက်တွန်းကောက်ခံခြင်း ပြုလုပ်ခဲ့ကြရမှာ အမေရိကန် ဒေါ်လာ ၅၀၀ စီကို လှူဒါန်းနိုင်ခဲ့ကြပါတယ်။ နောက်ထပ် ကောက်ခံရရှိတဲ့ အလှူငွေဖြင့် အဆိုပါ အဖွဲ့ ၂ ခုကို ဒေါ်လာ ၁၄၅ စီ ထပ်မံ လှူနိုင်ခဲ့ကြတယ်လို့ သိရပါတယ်။
မြန်မာပြည်ရဲ့ အမျိုးသားစာဆို ကဗျာဆရာကြီး ဇော်ဂျီရဲ့ ကဗျာကောက်နုတ်ချက်ဖြစ်တဲ့
“သင်သေသွားသော် … သင်ဖွားသော မြေ၊ သင်တို့မြေသည် အခြေတိုးမြင့် ကျန်ကောင်းသင့်၏ ” ဆိုတဲ့ စာသားကို ဆောင်ပုဒ်ပြုထားတဲ့ ပြည်သူ့ဂုဏ်ရည်မိတ်ဆွေတွေအဖြစ် အားလုံးက ဂုဏ်ယူနိုင်ကြရန် ကြိုဆိုဖိတ်ခေါ်လိုက်ပါတယ် တဲ့။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts