>
မိတ်ဆွေကြီးကိုဒေါင်း-
ကျန်းခံ့သာလို့ မာပါစ။ အရင်တစ်ပတ်က ကျနော် အဝေးရောက်နှလုံးသားတွေ အကြောင်း တစ်စွန်းတစ်စ ကိုဒေါင်းကို ပြောပြခဲ့တယ်နော်။ ပြည်တွင်းနဲ့ပြည်ပ၊ ကိုဒေါင်းတို့နဲ့ ကျနော်တို့ မျက်လုံးချင်း ဝေးကြပေမဲ့၊ နှလုံးသားချင်းကတော့နီးပါတယ် ဆိုတဲ့ အချက်ကို ကျနော် တင်ပြခဲ့တာပါ။
နေ့စဉ်နဲ့အမျှ၊ ညစဉ်နဲ့အမျှ အမိတိုင်းပြည်ရဲ့ပုံရိပ်တွေက အင်တာနက်ကနေ တစ်ဆင့် ကျနော်တို့ အဝေးရောက်တွေရဲ့ရင်ထဲကို အမြဲဝင်ရောက် ထင်ဟပ်နေကျပါ ကိုဒေါင်း။ အချိန်အခါနဲ့အမျှ၊ အခြေအနေနဲ့အမျှ အမိတိုင်းပြည်ရဲ့သတင်းတွေက လေလှိုင်းကြားကေ နတစ်ဆင့်၊ ကွန်ပျူတာ ဖန်သားပြင်ပေါ်ကနေ တစ်ဆင့် ကျနော်တို့ အဝေးရောက်တွေရဲ့နားတွေထဲ၊ မျက်စိတွေထဲ အမြဲ ရိုက်ခတ် ပဲ့တင်နေကျပါ ကိုဒေါင်း။
အဝေးမှာ ကျနော်တို့ဘ၀တွေက သူ့ရေသူ့မြေရဲ့ပတ်ဝန်းကျင်မှာ ပုံသေကားကျ ဖြစ်တာလည်း ရှိ၊ ပုံသေကားကျ မဟုတ်တာလည်း ရှိ၊ ကိုယ်က ကိုယ့်ဘ၀ကိုယ် သူ့လောက သူ့အသိုက်အ၀န်းမှာ ကိုယ်တိုင် တည်ဆောက်ရင်း ရုန်းကန် ကျင်လည်နေရတာပါ ကိုဒေါင်းကြီး။
သူ့ရေသူ့မြေမှာ ကျနော်တို့အဝေးရောက်တွေ အသက်ရှင် ရပ်တည် ရှင်သန်ရေးကလည်း အရေးကြီးသေးတာကိုး။ အသက်ရှင် ရပ်တည်ရှင်သန်ဖို့ တစ်စုံတစ်ရာတော့လည်း ပေးဆပ်ရသေးတာကိုး။ ဘယ်အရာမှ မပေးဆပ်ဘဲနဲ့ အလကားမရဘူး မဟုတ်လား ကိုဒေါင်းရေ။
ဒီတိုင်းပြည်မှာ သူတို့ ခံယူထားတာလေး တစ်ခုက၊ ကျနော် ၀ါရှင်တန်ဒီစီမြို့တော်က သမ္မတကြီး လင်ကွန်း အောက်မေ့ဖွယ်ဗိမာန်ကို ရောက်တော့၊ အဲဒီအနီး ကွန်ကရစ်တံတိုင်း တစ်ခုပေါ်က စာသားတွေကို သတိမပြုဘဲ မနေနိုင်ဘူး။
သူ့စာသားက “Freedom is not free”ရယ်လို့ ရေးထားတာပါ ကိုဒေါင်း။ ဒီစာသားရဲ့ အဓိပ္ပာယ်က အများကြီး တာသွားတယ်လို့ ကျနော်တွေးမိတယ်။ လွတ်လပ်မှု ဆိုတာ ဘယ်တော့မှ လွယ်လွယ်နဲ့ မရဘူး။ လွတ်လပ်မှုအတွက် တစ်စုံတစ်ရာတော့ဖြစ်ဖြစ် ပေးဆပ်ရစမြဲပဲ။ လွတ်လပ်မှုကို အားမထုတ်ဘဲနဲ့ အလကား မရနိုင် ဆိုတဲ့ အဓိပ္ပာယ်အထိ ကျနော် စဉ်းစားမိတယ်လေဗျာ။
အဲဒီတော့ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးတွေ အပြည့်အ၀ အာမခံချက်ရှိတဲ့၊ လွတ်လပ်မှု၊ တရား မျှတမှု၊ ငြိမ်းချမ်းမှုတွေ အပြည့်အ၀ ထွန်းကားတဲ့ သူ့ရေသူ့မြေမှာ၊ ကျနော်တို့ အဝေးရောက်တွေလည်း ဒီမိုကရေစီရဲ့အကျိုးကျေးဇူး၊ လူ့အခွင့်အရေးရဲ့အကျိုးကျေးဇူး၊ လွတ်လပ်မှု၊ တရားမျှတမှု၊ ငြိမ်းချမ်းမှုတွေရဲ့အကျိုးကျေးဇူးတွေကို အများနည်းတူ ခံစားတန်သလောက် ခံစားရပါရဲ့။
ဒါပေမဲ့ ဒီမှာ ကိုယ်က ဒီမိုကရေစီရနေတိုင်း၊ ကျနော်တို့ တကယ် ပြည့်စုံပါပြီလား။ ဒီမှာ ကိုယ်က လွတ်လပ်နေတိုင်း၊ ကျနော်တို့ တကယ် လုံလောက်ပါပြီလား။ နှစ်ပေါင်း(၂၀)ကျော် အိမ်မပြန်နိုင်ကြသေးတဲ့ အဝေးရောက်တွေ အားလုံးကို မေးကြည့်ပါ ကိုဒေါင်း။ မပြည့်စုံသေးဘူး၊ မလုံလောက်သေးဘူး လို့ပဲ သူတို့ ဖြေကြမှာပါ။ ဘာဖြစ်လို့လဲ ဆိုတော့၊ အမိတိုင်းပြည်က ပြည်သူတွေ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ မရသေးလို့ပဲ။ အဖနိုင်ငံက လူထုကြီး တစ်ရပ်လုံး စစ်ကျွန်ဘ၀က မလွတ်မြောက်သေးလို့ပဲ။
ရေခြားမြေခြားမှာ ကျနော်တို့ စားဝတ်နေရေး အတွက် အလုပ် လုပ်နေရတဲ့အချိန်က လွဲရင် ကျန်တဲ့ ကိုယ်ပိုင် အားလပ်ချိန်တွေမှာ၊ အဝေးရောက်တွေ အများစုဟာ အမိတိုင်းပြည် အကြောင်း စဉ်းစားကြ၊ ပြောဆို ဆွေးနွေးကြတာပါပဲ။ အမိတိုင်းပြည်ရဲ့ သတင်းတွေကို တစ်ယောက်နဲ့တစ်ယောက်၊ တစ်နေရာနဲ့ တစ်နေရာ ဝေငှကြ၊ ဖလှယ်ကြတာပါပဲ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်ပုံတွေ၊ အသံတွေကို အင်တာနက်မှာ မြင်ရကြားရလို့ ကျနော်တို့ အဝေးရောက်တွေ ရွှင်လန်းအားရ ဖြစ်ကြရတယ်။ အခုအချိန်မှာ ကျနော်တို့ အားလုံးရဲ့ ဘ၀တွေဟာ အရင်ကထက် ပိုပြီး အဓိပ္ပာယ် ရှိလာတယ်လို့ ခံစားကြရပါတယ်ဗျာ။ ဒီခံစားမှုဟာ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ အကြွင်းမဲ့ ယုံကြည် ကိုးစားမှု၊ မျှော်လင့်မှုတွေကနေ ဆင်းသက်လာတာပါပဲဗျာ။
အခုအချိန်ဟာ ဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်ကောင်းတစ်ယောက် အပေါ်မှာ အပြည့်အ၀ ယုံကြည်တဲ့ နောက်လိုက်ကောင်းတွေ များများပေါ်ထွန်းဖို့ အထူးပဲ လိုအပ်နေတဲ့ အချိန် မဟုတ်လား။
နောက်လိုက်ကောင်း ဆိုတာ ကိုယ့်ခေါင်းဆောင်ရဲ့ ဦးဆောင်မှုကို ဦးလည်မသုန် နာခံပြီး လိုက်ပါ ချီတက်ရမယ်။ ကိုယ့်ခေါင်းဆောင်အပေါ်မှာ ယောင်လို့တောင် မှယုံကြည်မှု မပျက်ယွင်းပါစေနဲ့။ ကိုယ့်ခေါင်းဆောင်အပေါ်မှာ စိုးစဉ်းမျှလည်း သံသယ မ၀င်မိပါစေနဲ့။ နောက်လိုက်ကောင်း မှန်ရင် ကိုယ့်ခေါင်းဆောင်ရဲ့ အသက်ကို ကိုယ့်အသက်နဲ့ လဲပြီး ကာကွယ် စောင့်ရှောက်သွားဖို့ လိုတယ်။
ဒီအတွက် ကျနော်တို့အနေနဲ့ အဝေးကနေပဲ ကာကွယ်နိုင်ပါမယ်၊ စောင့်ရှောက်နိုင်ပါမယ် ပြည်တွင်းက ရဟန်းရှင်လူ ကျောင်းသား ပြည်သူတွေဟာ ဒီအချက်ကို မေ့မထားဘူးလို့ ယူဆပါတယ်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို တကယ် အနီးကပ် တာဝန်ယူ ကာကွယ် စောင့်ရှောက်နေတဲ့ သုံးရောင်ခြယ်အဖွဲ့ ကို အထူးပဲ ဂုဏ်ပြုပါတယ်။
ဒီရဲဘော်လေးတွေကို တစ်ခုပဲ အကြံပြုချင်ပါတယ်။ ”သုံးရောင်ခြယ်” ဆိုတဲ့ကောင်းမြတ်တဲ့ အစဉ်အလာကို နအဖစစ်အုပ်စုက အတင်းအဓမ္မ သိမ်းပိုက် ဖျက်ဆီးလိုက်ပြီ ဖြစ်တာမို့၊ ခေတ်နဲ့လည်း လျော်ညီ၊ ပြီးတော့ ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေး စိတ်ဓာတ်လည်း ထင်ဟပ်နေအောင်၊ ဒီရဲဘော်လေးတွေရဲ့ အဖွဲ့ ကို”ငါးရောင်ခြယ်” အဖွဲ့ လို့ ပြောင်း လဲခေါ်တွင်ဖို့ ရိုးရိုးသားသား အကြံပြုလိုက်ပရစေ ကိုဒေါင်းရေ။
အားလုံးကို ယုံကြည်မျှော်လင့်လျက်-
အောင်ဝေး
ဒီဇင်ဘာ ၁၄ – ၂၀၁၀။
[မူရင်း – လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese]
