>Letters from Michigan – 46

>

မစ်ရှီဂန်မှပေးသောစာ (၄၆)
အောင်ဝေး
ဒီဇင်ဘာ ၂၆၊ ၂၀၁၀ “—ကျနော်တော့ ဒေါ်အောင်ဆန်းစုကြည်ကို ကြည့်မြင်တဲ့နေရာမှာ၊ ကျနော်တို့ အစ်မဟာ နိုင်ငံရေးသမား၊ လူထုခေါင်းဆောင် ဆိုတဲ့ အင်အားကောင်းတဲ့ ရုပ်ပုံလွှာတွေ အပြင်၊ Artist အနုပညာရှင် ဆိုတဲ့ ရုပ်ပုံကိုပါ တစ်ပြိုင်တည်း ထင်ထင်ရှားရှား ယှဉ်တွဲ တွေ့မြင်မိပါတယ်ဗျာ—”


မိတ်ဆွေကြီးကိုဒေါင်း-
ကျန်းခံ့သာလို့ မာပါစဗျာ။ ပြီးခဲ့တဲ့ရက်တွေတုန်းက ကျနော်တို့ ဒီမှာ မှတ်မှတ်ရရ ကဗျာရွတ်ဆိုပွဲကလေး တစ်ခု လုပ်ဖြစ်ခဲ့တဲ့ အကြောင်း ပြောပရစေ။

ပြည်တွင်းမှာတုန်းကတော့ ကျနော်တို့တွေ ကဗျာရွတ်ဆိုပွဲတွေ အများကြီး လုပ်နိုင်ခဲ့ကြတာပေါ့နော်။ မကွေးမြို့က ဧရာဝတီမြစ်လယ်ကောင် သောင်ပြင်ကြီးပေါ်မှာ နှစ်စဉ် လွတ်လပ်ရေးနေ့တိုင်း ကျင်းပ ပြုလုပ်ခဲ့တဲ့ “ကျွန်းမကြီး” ကဗျာရွတ်ဆိုပွဲကနေ စလို့ပေါ့။

နောက်ပိုင်း ကိုစောဝေတို့၊ ကိုဇော်သက်ထွေးတို့၊ ကျနော်တို့တွေ တာဝန်ယူ စီစဉ်ခဲ့ကြတဲ့ “အဖြူရောင်သက်တံ” ကဗျာရွတ်ဆိုပွဲတွေ။ ပြီးတော့ နှစ်စဉ် မတ်လ(၂၁)ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ ကဗျာနေ့ အထိမ်းအမှတ် ကဗျာရွတ်ဆိုပွဲတွေလည်း ရှိသေးတယ်။

ကိုဒေါင်းရေ – – ပြည်ပမှာတော့ ကဗျာရွတ်ဆိုပွဲတွေ လုပ်ဖြစ်ဖို့ ခဲယဉ်းပါတယ်။ ကိုယ့်ရေ ကိုယ့်မြေလည်း မဟုတ်ဘူးလေ။ ပြည်ပမှာကတော့ အင်တာနက် ကဗျာဆရာလို့ ခေါ်ရမယ်၊ အဲဒါက များပါတယ်။ ၀က်ဘ်ဆိုက်တွေကို ကဗျာ ရေးပို့ကြတယ်။ ကိုယ်ပိုင်ဘလော့ဂ်တွေမှာ ကဗျာ ရေးတင်ကြတယ်။ ပြည်ပမှာ မြန်မာ မဂ္ဂဇင်း၊ ဂျာနယ်၊ စာစောင် ရှားတယ်ဗျ ကိုဒေါင်းရဲ့။

အမေရိကားမှာက လော့စ်အိန်ဂျယ်လိစ် အခြေစိုက် “မန္တလေးဂေဇက် – ရတနာပုံ နေပြည်တော်” သတင်းစာ ရှိတယ်။ နယူးယောက်မြို့ အခြေစိုက် “ပြည်သူ့အမြင်” ဆိုတဲ့ ဂျာနယ် ရှိတယ်။ ဂျပန်ကနေပြီးတော့ “အာဟာရ” စာစောင်နဲ့ “အလင်းအိမ်” မဂ္ဂဇင်း တို့ ပုံမှန် ထုတ်ဝေနေပါတယ်။ ဒီလောက်ပါပဲ။ အဲဒီလို ရှားရှား ပါးပါး မြန်မာ မဂ္ဂဇင်း စာစောင်တွေမှာ ဆရာမောင်စွမ်းရည်တို့ မောင်လွမ်းဏီတို့၊ မောင်စိုးချိန်တို့၊ သစ်ကောင်းအိမ်တို့၊ ကျနော်တို့ ကဗျာရေးကြရတာပါ။

အများစုကတော့ ၀က်ဘ်ဆိုက်တွေမှာ ရေးကြရတာပါပဲ။ ဆန်ဖရန်စစ္စကို အခြေစိုက်မိုးမခ၊ အိန္ဒိယ အခြေစိုက် မဇ္ဈိမ၊ ထိုင်း အခြေစိုက် ဧရာဝတီနဲ့ ခေတ်ပြိုင်၊ လန်ဒန် အခြေစိုက် ကောင်းကင်အနုပညာ၊ ဒီလို ၀က်ဘ်ဆိုက်တွေမှာ ရေးနိုင်ပါတယ်။ တစ်ခါတလေ သူများဘလော့ဂ်က လက်ခံရင်လည်း ၀င်ရေးပေါ့။ ဥပမာ-ဒေါက်တာလွဏ်းဆွေ ဘလော့ဂ် လို ဟာမျိုး။ ဒါလောက်ပါပဲ။

ဒီတော့ ပြည်ပမှာက ကဗျာရွတ်ဆိုပွဲ ယဉ်ကျေးမှုဟာ ပြည်တွင်းမှာလောက် ဖွံ့ဖြိုးခွင့်၊ ထွန်းကားခွင့် မရဘူးလေ။ ပြည်ပရောက်မှ အလွန်ဆုံး လုပ်နိုင်ခဲ့တာ ဆိုလို့၊ ၂၀၀၈ခုနှစ် ကမ္ဘာ့ ကဗျာနေ့ အထိမ်း အမှတ် အဖြစ်၊ နော်ဝေ အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ DVB ရုပ်မြင်သံကြားဌာန နဲ့ ပူးပေါင်းပြီး LIVE ရိုက်ကူးခဲ့တဲ့ မဲဆောက်မြို့၊ ဒေါင်းရင်ပြင်က ကဗျာရွတ်ဆိုပွဲ တစ်ပွဲပဲ ရှိပါတယ်။

ဆရာမောင်စွမ်းရည်တို့၊ ကျနော်တို့ ဒီက စာပေဟောပြောပွဲတွေမှာတော့ ဟောရင်းပြောရင်း ဆီရာဆိုင်ရာ ကဗျာ တချို့တလေ၊ အနည်းနဲ့အများ ရွတ်တာ ဆိုတာလောက်တော့ ရှိပါတယ်။ ဒါပေမဲ့ ဒါက စာပေဟောပြောပွဲပဲ။ ကဗျာရွတ်ဆိုပွဲမှ မဟုတ်တာ။

ဒီလိုအခြေအနေမှာ ကိုဒေါင်းရေ၊ ပြီးခဲ့တဲ့ ရက်တွေတုန်းက အလွန်ကို နှစ်ထောင်းအားရ ကျေနပ် ပျော်ရွှင်ခဲ့ရတဲ့ ကဗျာရွတ်ဆိုပွဲတစ်ခု ကျနော်တို့ လုပ်နိုင်ခဲ့ကြတာပါ။ တကယ်တမ်း ပြောရင်တော့ ဒီ ကဗျာရွတ်ဆိုပွဲဟာ ဒေါ်အောင်ဆန်းစုကြည်ကို အရင်းခံပြီး ဖြစ်လာရတာပါ။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာခြင်း၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွှေဂုံတိုင် မိန့်ခွန်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ သားငယ် ကိုထိန်လင်းတို့ ပြန်လည် ဆုံတွေ့ခြင်း စတဲ့ အင်မတန် ကျက်သရေ မင်္ဂလာ ရှိတဲ့ လွမ်းစရာ သတင်းတွေကြောင့်ပါပဲ။ အလွမ်းတွေဟာ အင်အား ဖြစ်လာတယ်ဗျ ကိုဒေါင်း။

ဒီတော့ ကျနော်တို့စိတ်ထဲမှာ ကြည်နူး ချမ်းမြေ့လာတယ်။ ကျနော်တို့ရဲ့ ၀မ်းမြောက်ခြင်းကို ဖော်ပြချင်လာတယ်။ လူဆိုတာ ဖော်ပြမှုသတ္တ၀ါပဲ မဟုတ်လားဗျာ။ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာကတည်းက ကျနော်တို့ အားလုံးရဲ့ အိပ်ပျော်နေတဲ့ ကဗျာစိတ်တွေက ၀ုန်း ဆို တစ်ဟုန်ထိုး နိုးထ ရှင်သန်လာတယ်။ ကျနော် မနေနိုင်တော့ဘူး။ ဆရာမောင်စွမ်းရည်ဆီ ဖုန်းဆက်၊ ဒေါ်မာမာအေးဆီ ဖုန်းဆက်။

ဒီလိုနဲ့ နောက်ဆုံးမှာကဗျာဆရာတွေ၊ ကဗျာရေးသူတွေ အများစု နေထိုင်တဲ့ အင်ဒီယားနား ပြည်နယ်၊ ဖို့တ်ဝိန်းမြို့မှာ “မာရသွန်နှင်းဆီ” ဆိုတဲ့ နာမည်နဲ့ ကျနော်တို့ ကဗျာရွတ်ဆိုပွဲ လုပ်ဖြစ်ခဲ့ကြတာပါပဲ။

အခြားပြည်သူတွေလိုပါပဲ၊ ကျနော်တို့လည်း ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆို ဂုဏ်ပြုတာပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ရပ်တည်မယ် လို့ ကတိပြုတာပါ။ ကျနော်တို့က ကဗျာဆရာတွေ ဆိုတော့ ဒါတွေကို ကဗျာနဲ့ ဖော်ပြကြတာပေါ့ဗျာ။ ဒေါ်အောင်ဆန်းစုကြည် လွတ်လွတ်ချင်း ပြည်တွင်းက ကဗျာဆရာတွေကလည်း လှိုက်လှဲ ၀မ်းသာ ကြိုဆိုခဲ့ကြတယ်။ ကျနော်တို့ ပြည်ပရောက် ကဗျာဆရာတွေကလည်း ဘယ်နေလိမ့်မလဲ ကိုဒေါင်းရယ်။

ပြီးတော့ အရေးကြီးတဲ့ တစ်ချက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာကဗျာဆရာတွေ ခွဲခြားလို့ မရတာပဲ။ ဆရာကြီး မင်းသုဝဏ်၊ ဆရာတင်မိုး၊ ဆရာကြည်အောင်တို့က အစ၊ အခု NLD က ဆရာ ဖျာပုံနီလုံဦးတို့၊ ဆရာ မုံရွာအောင်ရှင်တို့ အဆုံး၊ ကဗျာဆရာ အားလုံးက ဒေါ်အောင်ဆန်းစုကြည်ကို လေးစား တန်ဖိုးထား ၀န်းရံခဲ့ကြတာပါ။

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ ကဗျာတွေအများကြီး ရေးခဲ့တာပါ။ IF လို ကမ္ဘာကျော် ကဗျာတွေကိုလည်း မြန်မာပြန်ခဲ့ပါသေးတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အင်္ဂလိပ်ဘာသာနဲ့ စာအုပ်တွေလည်း ရေးခဲ့တာ မဟုတ်လား။

ဒီတော့ ကျနော်တို့စိတ်ထဲမှာ ကျနော်တို့ ခေါင်းဆောင်ကို ကျနော်တို့နဲ့အတူ ကဗျာ ရေးဖော် ရေးဖက်လို့လည်း ခံစားရတယ်ဗျာ။ ဒီမိုကရေစီတိုက်ပွဲ မဟာတာဝန်တွေ ပိနေတဲ့ကြားက တစ်ချက် တစ်ချက် လက်ခနဲ ပေါ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနုပညာစိတ်၊ အနုပညာ လက်ရာတွေကို ကျနော်တို့ အသိအမှတ်မပြုဘဲ မနေနိုင်ဘူးဗျ။ ဒါကြောင့်ပဲ ကျနော်တို့ အနုပညာနဲ့ ဂုဏ်ပြု ကြိုဆိုကြတာပေါ့။

“မာရသွန်နှင်းဆီ” ကဗျာရွတ်ဆိုပွဲကတော့ ကြည်နူးမှုနဲ့စပြီး ချမ်းမြေ့မှုနဲ့ အဆုံးသတ်ခဲ့တာပါ။ ပိုပြီး ၀မ်းမြောက် ၀မ်းသာ ဖြစ်ရတာကတော့ ဒေါ်အောင်ဆန်းစုကြည်က မိုးမခ မီဒီယာကနေ တစ်ဆင့်၊ ဆရာမောင်စွမ်းရည်နဲ့ တကွ ပြည်ပရောက် ကဗျာဆရာ၊ စာရေးဆရာတွေကို နှုတ်ခွန်း ဆက်သလိုက်တဲ့ အတွက်ပါပဲ။

ကိုဒေါင်းရေ၊ ကျနော်တော့ ဒေါ်အောင်ဆန်းစုကြည်ကို ကြည့်မြင်တဲ့နေရာမှာ၊ ကျနော်တို့ အစ်မဟာ နိုင်ငံရေးသမား၊ လူထုခေါင်းဆောင် ဆိုတဲ့ အင်အားကောင်းတဲ့ ရုပ်ပုံလွှာတွေ အပြင်၊ Artist အနုပညာရှင် ဆိုတဲ့ ရုပ်ပုံကိုပါ တစ်ပြိုင်တည်း ထင်ထင်ရှားရှား ယှဉ်တွဲ တွေ့မြင်မိပါတယ်ဗျာ။

ကျနော်တို့ခေါင်းဆောင်ရဲ့ ကြမ်းတမ်းခက်ထန်တဲ့ အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင် ရုပ်ပုံတွေကို ကျော်လွန်ပြီး၊ အင်မတန် နူးညံ့ပျော့ပျောင်းပြီး၊ ငြိမ်းချမ်း အေးမြတဲ့၊ မိခင်ဆန်တဲ့ အနုပညာရှင် တစ်ယောက်ရဲ့ ရုပ်ပုံတွေကို ကျနော်တို့ ဘယ်တော့များမှ ပြည့်ပြည့်၀၀၊ စိတ်အေးလက်အေး တွေ့ခွင့်ရပါ့မလဲ။
ကျနော်တော့ စိတ်စောနေမိတယ် ကိုဒေါင်းရေ။

အားလုံးကိုသတိရလျက်-

အောင်ဝေး
နိုဝင်ဘာ ၂၉-၂၀၁၀။

[မူရင်း – လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese]