>U Thu Wai’s Party said thanks to true votes from the public

>

၂၀၁၀ ရွေးကောက်ပွဲဝင် ဒီမိုကရက်တစ်ပါတီ မြန်မာပြည်ကလည်း ကြေးမုံတွင် ကျေးဇူးတင်
မိုးမခအထောက်တော် ရန်ကုန်
ဒီဇင်ဘာ ၈၊ ၂၀၁၀
ယနေ့ထုတ် ကြေးမုံသတင်းစာ စာမျက်နှာ ၁၃ တွင် အဆိုပါပါတီခေါင်းဆောင် ဦးသုဝေက ၎င်းတို့ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းများအား “ဆန္ဒအမှန်မဲ” များ ပေးအပ်၍ ကျေးဇူးတင်ကြောင်း၊ မြန်မာပြည် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနှင့် ပြန်လည်သင့်မြတ်ရေးတို့ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အစီရင်ခံလိုက်သည်ဟု ကြော်ငြာထည့်သွင်းထားသည်။

ထိုကြော်ငြာကို သတင်းစာတိုက်သို့ ပေးပို့ပြီး တလပြည့်ချိန်မှ ဖော်ပြပေးခြင်းဖြစ်သည်ဟု ဦးသုဝေက DVB သတင်းဌာနကို ပြောသည်။ ကြံ့ဖွံ့ပါတီကလည်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကျေးဇူးတင်ကြေင်း ကြော်ငြာ ထည့်ခဲ့ရာ ဦးသုဝေတို့၏ စိတ်ကူးကို ကြံ့ဖွံ့ပါတီက ကူးယူသွားခြင်းဖြစ်သည်ဟု နိုင်ငံရေးသမားအများအပြားက ယူဆနေကြသည်။

“ရွေးကောက်ပွဲ ၇ ရက်နေ့ ပြီးတယ်၊ ၈ ရက်နေ့မှာ ကျနော်တို့က ပြည်သူလူထုကို ကျေးဇူးတင်ပါတယ်ဆိုပြီး သတင်းစာထဲ သွားထည့်တယ်။ သတင်းစာတိုက်က အထက်ကို တင်ရဦးမယ်ဆိုပြီးတော့ ကျနော်တို့ကို မပေးဘူး။ သုံးလေးရက်နေတော့ ကျနော်တို့ကို အကြောင်းပြန်မယ်ဆိုပြီး အကြောင်းလည်း မပြန်လာဘူး။ အခု တလလောက် ရှိတဲ့အခါမှ ကျနော်တို့ ဒီကိစ္စကို မေ့နေတယ်။ မေ့နေလောက်မှ ညပိုင်းမှာ သတင်းစာတိုက်က ဖုန်းဆက်တယ်။ ကျနော်တို့ လျှောက်ထားတဲ့ ကိစ္စ ထည့်ခွင့်ရပါပြီ။ အခုထည့်ပေးလိုက်ပါပြီလို့ ပြောတယ်။ ထည့်ခလည်း ပေးစရာ မလိုသေးဘူး၊ နောက်နေ့မှပဲ ပေးတာပေါ့တဲ့” ဟု ဦးသုဝေ၏ ပြောကြားချက်ကို DVB ၀က်ဆိုက်တွင် တွေ့ရသည်။

ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပြည်ထောင်စုကြီး တိုးတက်ရေးကို အစွမ်းကုန် ဆက်လက်ဆောင်ရွက်သွားမည်ဟု ဆိုထားသော ဦးသုဝေသည် ဒေါ်စုနှင့် တိုင်းရင်းသားအင်အားစုများ၊ အင်န်အယ်ဒီတို့၏ ဒုတိယပင်လုံညီလာခံ ခေါ်ယူရေးကို အချိန်ယူ စဉ်းစားပြီး ဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။