Nyein Chan Aye Op-Ed

Nyein Chan Aye – Depeyin Masscare … impossible justice ….


ဗမာပြည်အတွက် ဆဋ္ဌမမြောက် ဒုလ္လဘတရား
ငြိမ်းချမ်းအေး၊ မေ ၃၁၊ ၂၀၁၃
ဒီနေ့ ဒီပဲရင်း အုပ်စုဖွဲ့ လူသတ်၊ ရမ်းကား၊ ပစ္စည်းလု ဒုစရိုက်မှုကြီး (၁၀) နှစ်ပြည့်တဲ့နေ့..။
ဒီ (၁၀) နှစ်အတွင်းမှာ အုပ်စုဖွဲ့  ရမ်းကားခဲ့တဲ့ ရာဇဝတ်မှု ကြီးရဲ့ နံပါတ်တစ် တရားခံတွေ၊ ဦးဆောင်သူတွေ၊ ကြိုးကိုင်သူတွေဟာ လွတ်လပ်၊ ချမ်းသာ ရာဇဝတ်ဘေး မပြေးဘဲ လွတ်နေရင်း ဒူးနှန့် နေနိုင်ရုံသာမက ယနေ့ခေတ် မှာ အဓိက တရားခံ တချို့ ဟာ တိုင်းပြည်ရဲ့ ဥပဒေပြုလွှတ်တော်ထဲမှာပါ နေရာယူ၊ ကြီးစိုး ခြယ်လှယ် တွင်ကျယ် ထင်ရာစိုင်းခွင့် ရနေတယ်။  ဒါဟာ ရာဇဝတ်ကောင် တရားခံတွေ ပြုမယ့်၊ ပြုတဲ့ ဥပဒေတွေ တိုင်းပြည်ရဲ့ အနာဂတ်မှာ ဆက်လက် သက်ဆိုးရှည်ဦးမယ် ဆိုတဲ့ သဘောလို့ ဆိုနိုင်တယ်။  တနည်းအားဖြင့် မတရားတဲ့ တရားဥပဒေတွေ လူထုအပေါ် မတရား သဖြင့် ရေရှည်  စိုးမိုး နေဦးမယ်ဆိုတဲ့ သဘောဖြစ်တယ်။  တနည်းအားဖြင့် တရားမျှတမှုဟာ တိုင်းပြည်မှာ ဆက်လက် မုဒိမ်းကျင့်ခံရဦးမယ် ဆိုတဲ့ သဘောလည်း ဖြစ်တယ်။  ဒီ ယုတ်မာရိုင်းစိုင်း အကြံပက်စက်ခဲ့မှုကြီးရဲ့ ပူးတွဲ တရားခံ ကြံရာပါ အပေါင်းအဖော်တွေဟာလည်း တိုင်းပြည်ရဲ့ ထိပ်ဆုံးမှာ အာဏာဆက်ယူမြဲ ယူနေနိုင်ရုံသာမက ပြုပြင်ပြောင်းလဲသူ ကယ်တင်ရှင်ကြီးများ အဖြစ်ပါ နာမည်ကောင်းယူ၊ နိုင်ငံတကာမှာပါ ပနံစား နေ နေ နိုင်ပြန်တယ်။  အမှန်တရား နဲ့ တရားမျှတမှု ဟာ ဖိနပ်ကြိုးချည်နေစဉ် မုသားတွေ၊ လိမ်ညာမှုတွေ၊ တရားမဲ့မှုတွေဟာ ကမ္ဘာတပတ် လှည့်ပြီးနေပြီ ဆိုတဲ့ သဘောဖြစ်တယ်။
ခေတ်အဆက်အဆက် ပြည်သူပြည်သားကို လူလို မထင် တိရစ္ဆာန်တွေအလား ထင်ထိုင်းကြဲ ဖိနှိပ်၊ ညှဉ်းပန်း နှိပ်စက်၊ သွေးအေးအေး သတ်ဖြတ်လာခဲ့တဲ့ ရာဇာဝတ်ကောင်၊ လူသတ်သမားတွေဟာ ဒီ (၁၀) နှစ်အတွင်းမှာ ကောက်ကျစ် စဉ်းလဲရင်း တဘက်ကလည်း လိမ္မာပါးနပ်စွာနဲ့ ဒီမိုကရေစီ ကို သူတို့ အနာဂတ်၊ အာဏာသက်ဆိုးရှည်ရေးအတွက် အလွဲသုံးစား လုပ်ဖို့ သက်သက် အသုံးချတတ်၊ စာတတ် သွားခဲ့တယ်။  ဒါကတော့ ခုမြင်တွေ့နေရတဲ့ ပြုပြင်ပြောင်းလဲမှုလို့ ဆိုနေကြတဲ့ စစ်အုပ်စုပုံဖျက်၊ လူဝတ်လဲ၊ အတုအယောင် ဒီမိုကရေစီ ခြေလှမ်းတွေပဲ ဖြစ်တယ်။
ဒီလိုနဲ့ အခုဆိုရင် သားသတ်သမား၊ လူရမ်းကားကြီးတွေဟာ မင်းသားခေါင်းစွပ်ပြီး မခုတ်တတ်တဲ့ ကြောင်၊ အပြစ်ကင်းစင်တဲ့ သိုးကလေးများပမာ လူထူထူ ရှေ့ရောက်ရင် ဒီမိုကရေစီ စကားကို ယိုသူမရှက်၊ မြင်သူရှက် အလဇ္ဇီ အလေဏတော ချပြောတတ်လာတယ်။  ရှေးယခင် ပြည်သူ့ ဆန္ဒ၊ လှုပ်ရှားမှု နဲ့ ဒီမိုကရေစီ ကို လေသံမျှ မကြားဝံ့ဘဲ အယုတ္တအနတ္တ အတွင်တွင်သာ အပုပ်ချ၊ “တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ” သာ လက်ကိုင်ထားနေရာကနေ “ပြည်သူသာ အမိ၊ ပြည်သူသာ အဖ” တရားကို လက်တွေ့မပါ စကားအရာနဲ့ သာ ပလီစိချောက်ချက်၊ အာဝဇ္ဇန်းရွှင်ရွှင်၊ ညာဝါဖြန်းသန်း အပြန်ပြန် ရေလဲသုံးဟောရင်း လူဝါးဝ အရေခွံလဲ အပေါ်ရံ အရောင်ပြောင်း တတ်လာခဲ့တယ်။  တကယ့် အတွင်းသဘောမှာတော့ စားနေကျ ကြောင်ဖားကြီးရဲ့ အကျင့်၊ အကြံ၊ စဉ်းလဲ ရက်စက်၊ ပရိယာယ်ဝေဝုစ် များတဲ့ ဝံပုလွေ စရိုက်တွေနဲ့  သူတို့ အာဏာ၊ သူတို့ ဥစ္စာ၊ သူတို့ စီးပွား အတွက် အရေးကြုံလာရင် လက်မနှေးဘဲ မင်းသားခေါင်းနောက်က ဘီးလူးအစွယ်ကို ထုတ်ပြပါတော့တယ်။
ဒီလိုနဲ့ ဒီ (၁၀) နှစ်အတွင်း တိုင်းပြည်ရဲ့ သမိုင်းရက်စွဲတွေမှာ သွေးစွန်းတဲ့နေ့ရက်တွေသာ ပိုတိုးလာခဲ့တယ်။  ဝမ်းနည်းကြေကွဲ အထိမ်းအမှတ်ပြုစရာ ရက်တွေသာ ထပ်များလာခဲ့တယ်။  ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးမှာ ဘုရားသားတော် သံဃာတွေ သွေးမြေကျခဲ့ရတာ က စလို့ မနေ့ (၂၉-မေ) က မှ (၆) လ ပြည့်ခဲ့တဲ့ လက်ပံတောင်းတောင်ဒေသ ရဟန်းရှင်၊ လူ၊ ပြည်သူအပေါင်း မီးလောင်ဗုံးဒဏ်ခံခဲ့ရတဲ့ သမိုင်းဝင် ကလိယုဂ် ဒီမိုကရေစီခေတ် ရက်စက်ယုတ်မာမှုကြီးအထိ ပူဆွေးသောက၊ ငိုကြွေးမှု၊ ခံပြင်းတက်ခေါက်သံ အပြည့်နဲ့ နာကြည်း နေ့ရက် တွေသာ ဗမာ့သမိုင်းမှာ များသထက် များလာခဲ့ပါတော့တယ်။
ဒါ့အပြင်.. အတုအယောင်၊ အရေခြုံ ဒီမိုကရေစီ စနစ်ရဲ့ တဘက်လှည့် သွေးထိုးမှု၊ စစ်အာဏာရှင်ခေတ်အဆက်ဆက် မှိုင်းတိုက်ခဲ့မှု ရလဒ် အကျိုး ခေတ်သစ် လက်ယာစွန်း အမျိုးသားရေး သူငယ်နာ ပြန်ထ၊ လေပုပ်ထုတ် ရမ်းကားနေမှုကြောင့် အုပ်စုဖွဲ့ လူသတ်၊ မီးရှို့၊ ဓါးပြတိုက် ပစ္စည်းယူ တဲ့ ကြီးစွာသော ဒုစရိုက်မှုတွေဟာ လွန်ခဲ့တဲ့ (၁၀) ဆယ်နှစ် ဒီပဲရင်းတုန်းကလို လူမသိ၊ သူမသိ အညာဒေသ မြို့သိမ်၊ မြို့ငယ်လေးမှာ လူခြေတိတ်ချိန် ညဥ့်ကာလ မထင်မရှား သိုသိုသိပ်သိပ်၊ အလစ်ချောင်း ပြုလုပ်ဝံ့တာမျိုးမဟုတ်တော့ဘဲ အခု ဒီမိုကရေစီ ခေတ်ပျက်ကြီးမှာ မြို့ကြီးပြကြီးတွေမှာပါ ထင်သာမြင်သာ ရှိရှိ၊ နေ့ခင်းကြောင်တောင် ပြောင်ပြောင်တင်းတင်း၊ ထင်ထင်ရှားရှား မင်းမဲ့တိုင်းပြည် အလား အမျိုး၊ ဘာသာ အကြောင်းပြ ပြုလုပ်ခွင့်ရနေတာမျိုးကိုလည်း ဝမ်းနည်းဖွယ် လက်ရှိ တွေ့မြင်လာရတယ်။  တောကြောင်၊ မြို့ကြောင် အားလုံးသော မသူတော် ကြောင်အပေါင်း လက်ခမောင်းခတ် လှုပ်ရှား ကျက်စား ထင်တိုင်းကြဲ ရမ်းကားခွင့်ရနေသလို ဖြစ်လာခဲ့တယ်။  ဒီ ဆယ်စုနှစ်တခုအတွင်း အုပ်စုဖွဲ့ ရမ်းကားမှု ဓလေ့ဟာ ဝမ်းနည်းဖွယ် တွင်ကျယ်လာခဲ့တယ်လို့တောင် ဆိုနိုင်တယ်။  အကြမ်းဖက်၊ လူသတ်၊ မီးလောင်ဗုံးသုံးပြီး အဓမ္မနည်း၊ လက်နက်အားကိုးနဲ့ သာ တိုင်းပြည် အုပ်ချုပ် မင်းတက်လုပ်၊ ဗိုလ်ကျတတ်တဲ့ လက်မရွံ့ စစ်အုပ်စု အစိုးရ ခေတ်မှာ လက်မရွံ့ပြည်သူတချို့ တရားမဲ့ ထင်ရာစိုင်း လွတ်လပ်ခွင့်ရနေတာ အထူးအဆန်းလို့လည်း မဆိုနိုင်ပြန်ဘူး။
ဒီလိုနဲ့ ဆို့ဟဲ့.. ဒီမိုကရေစီ အပင်း ဆိုပြီး အပင်းလျှိုခိုင်းချင်သူတွေ၊ တာဝန်ရှိ၊ တာဝန်ယူမှုအကြောင်း မပြောဘဲ လူ့အခွင့်အရေး နဲ့ လွတ်လပ်ခွင့်ကိုသာ ပြစ်တင် ပြောချင်သူတွေရဲ့ ဖန်တီးမှုနဲ့ စနစ်ဆိုးရဲ့ သားကောင် ဗာလာနံ လူမိုက်တချို့ တလွဲဆံပင်ကောင်းမှု တို့ကြောင့် ဗမာ့သမိုင်းမှာ နီရဲသွေးစွန်း၊ မှောင်မိုက်၊ မီးခိုးနံ့သင်းတဲ့ နေ့ရက်တွေဟာ အတောမသတ်နိုင် ဖြစ်နေရပြန်တယ်။
ပိုဝမ်းနည်း ခံပြင်းဖို့ကောင်းတာက အခုအခါမှာ အများစု ဒီမိုကရေစီဘက်တော်သားများ၊ လူ့အခွင့်အရေး တက်ကြွလုပ်ရှားသူများဟာ စစ်အုပ်စုနဲ့ အလိုတော်ရိတွေရဲ့ နောက်ပြန်လှည့်အခြောက်တရား ဇီးကပ်ကာ မတရားမှုတွေကို မဖော်ထုတ်နိုင်၊ တရားမျှတမှု တခုတည်းကို လုံးလုံး ဇောင်းမပေးနိုင်ဘဲ ရေလိုက်၊ ငါးလိုက် သဘော မီးစင်ကြည့်ကရင်း တရားမဲ့မှုတိုင်းလိုလိုမှာ အာစေးထည့်၊ မထွေးနိုင်၊ မအန်နိုင်၊ ရေငုံနှုတ်ပိတ်၊ ငြိမ်သက် နှာစေး ဖြစ်နေမှုပါ။  ဖိနှိပ်သူ၊ အကြမ်းဖက်မှု ကျူးလွန်သူ ကို အရေးယူဖို့ နေ နေသာ ရဲရဲဝင့်ဝင့် ဒေါင်းတင်မောင်တင် တောင်  အပြစ်မဆိုနိုင်ဘဲ ဝေ့လည်ကြောင်ပတ် အဖြူအမည်း မကွဲလုပ်ထားတဲ့ လက်ပံတောင်းတောင် ဖြိုခွင်းမှု အစီရင်ခံစာကိုပဲ ဥပမာအနေနဲ့ ကြည့် ကြည့်ပါ။
ဒီလိုနဲ့ အကျည်းတန် နေ့သစ်တွေ၊ နေ့ဟောင်း တွေဟာ အပေါ်ရံ ထုံးသုတ်၊ သနပ်ခါးလိမ်း၊ နှမ်းဖြူစကား၊ ရွှေပြည်အေး တရားတွေနဲ့ တဖြည်ဖြည်း မေ့လျော့ခြင်းခံလာရတယ်။  တရားမျှတမှုကို ဖော်ဆောင်နိုင်ဖို့ နဲ့ ရာဇဝတ်ကောင်တွေကို တရားဥပဒေ ရှေ့မှောက် ခေါ်ဆောင်နိုင်ဖို့က မသိကျိုးကျွန်ပြုခြင်းခံရတဲ့အပြင် အမှန်တရားဆိုတာ ဆေးဖော်ကြောဖက်လုပ် စကားစပ်လို့တောင် ထည့်သွင်းစဉ်းစားခြင်း မခံရ ဖြစ်လာတယ်။
ဟုတ်ဟုတ်ညားညား လက်တွေ့ အလုပ် သဘောမပါတဲ့ အထိမ်းအမှတ်ပွဲတွေတော့ လုပ်ပါရဲ့..။  ဒါပေမယ့် ဒီလို သွေးစွန်း ရက်စက်ယုတ်မာမှုမျိုး နောင်သမိုင်းမှာ မပေါ်ဖို့၊ လက်နက်အားကိုး၊ အင်အားကြီးသူ နိုင်စတမ်း တောရိုင်းဥပဒေသ စစ်အာဏာရှင် အကြမ်းဖက်ဝါဒ တိုင်းပြည်မှာ ဆိတ်သုန်းပျောက်ကွယ် မျိုးတုံးဖို့ကိုတော့ မကြံဆောင် သလို ဖြစ်နေတယ်။  မကြံဆောင်တဲ့ အပြင် စစ်အုပ်စု သက်ဆိုးရှည်ဖို့၊ ပြည်သူပြည်သား တွေ စစ်ဖိနပ်အောက်မှာ ဆက် နင်းခံဖို့ရာအတွက် စစ်အုပ်စု အကျိုးသာ ကာကွယ် ရှေးရှုတဲ့ စစ်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ နဲ့ စစ်အုပ်စုသာ ကြီးစိုးရာ စစ်လွှတ်တော် နိုင်ငံရေး တရားဝင်ရေးကို ဝမ်းနည်းဖွယ် ဇောင်းပေးအလေးထား ဖော်ဆောင်နေခြင်းကို ဝမ်းနည်းဖွယ် တွေ့မြင်နေရပြန်တယ်။ 
ဒီလိုနဲ့ အဓမ္မ ကိုယ်စားပြု အရပ်သား ဒီမိုကရေစီ အရေခြုံ စစ်အုပ်စု အသိုက်အမြုံ၊ ဖုတ်သွင်းရထား ဟာ အရှင်လတ်လတ် မွေး၊ နေ့ချင်း ကြီးလာတယ်။  ဓမ္မကိုယ်စားပြု ဒီမိုကရေစီတရားကတော့ မီးတွင်းထဲမှာ ဖုတ်လှိုက်ဖုတ်လှိုက် ဆိုတဲ့ အဆင့်တောင် မရောက်ဘဲ အသေ မွေးခဲ့တယ်။  ဒီလို စစ်တပိုင်းအစိုးရမျိုးနဲ့သာ တန်တယ်ဆိုတဲ့ အညွန့်တုံး စကား၊ ဈေးပေါင်ကျိုး အတွေးအခေါ်တွေ ဗူးလုံးနားမထွေး လူထုဝေဝါးအောင် ဆိုကြရင်းနဲ့ အမှန်တရား နဲ့ တရားမျှတမှု ကတော့ အခုအချိန်ထိ ဇီးလျှော နေဆဲပဲ ဖြစ်တယ်။
ရှေ့တိုင်းပြည် အနာဂတ်မှာ ဒီမိုကရေစီ သုခချမ်းသာ ရ၊ တိုင်းပြည် တည်ငြိမ် အေးဆေး၊ သာယာ ဖွံ့ဖြိုး တိုးတက် ချင်သလား။  အရင်ဦးဆုံး သမိုင်းတရားခံတွေကို ဖော်ထုတ်ရပါမယ်။  ခါးသီးတဲ့ အတိတ်သမိုင်းကို ဆင်ခြင်တတ်ရပါမယ်။  အမှားကနေ သင်ခန်းစာ ယူတတ်ရပါမယ်။  သင်ခန်းစာ မယူခင် မှားကြောင်းကို သတ္တိရှိရှိ အရင် ဝန်ခံရဲ ရပါမယ်။  ဝန်ခံနိုင်ရပါမယ်။  သမိုင်းပေးတာဝန်ကို တပ်မတော်က ကျရာနေရာကနေ ဝန်ထမ်းပြီး တိုင်းပြည်ကြီး ချောက်ထဲမကျအောင် ခေတ်အဆက်ဆက် ကာကွယ်ခဲ့ရခြင်းသာ ဖြစ်ပါတယ်ဆိုတဲ့ အပြောမျိုး၊ အကြောင်းပြချက်မျိုး၊ အတွေးအခေါ်မျိုး၊ ခံယူချက်မျိုးနဲ့ အနာဂတ် ဒီမိုကရေစီလမ်း ကို နည်းမှန်၊ လမ်းမှန် အဖြောင့်အတိုင်း အဆုံးစွန် အန္တိမ ပန်းတိုင် အထိ မလျှောက်လှမ်းနိုင်ပါ။
အကြောင်းက.. အမှားကို အခြေတည်လို့ အမှန်ရလဒ် မထွက်နိုင်ပါ။  အဓမ္မကို အခြေတည်လို့ ဓမ္မ မတည်ဆောက်နိုင်ပါ။  တရားမဲ့ခဲ့မှုကို အခြေတည်လို့ တရားမျှတမှု ရမလာနိုင်ပါ။  အမှန်တရား၊ ဓမ္မ နဲ့ တရားမျှတမှုကို အရင်ဦးဆုံး အခြေခံကျကျ ဆောက်တည်ရပါမယ်။  သွေးစွန်းခဲ့တဲ့ ရက်စွဲတွေကို သမိုင်းကနေ လုံးလုံး ပျောက်သွားအောင် ဖျောက်ဖျက် ဖျက်ချေပစ်လို့မရပါ။  စွန်းပေခဲ့တဲ့ သွေးတွေကို တတ်နိုင်သလောက် ဆေးကြောလို့ပဲ ရပါတော့တယ်။
ဒါကြောင့် အမှန်တရား၊ ဓမ္မ နဲ့ တရားမျှတမှု ကို တည်ဆောက်ဖို့ နဲ့ သွေးစွန်းနေတဲ့ လက်တွေကို ဆေးကြောဖို့ရာမှာ တရားဥပဒေ အရ ထိုက်တန်တဲ့ အရေးယူ အပြစ်ပေးမှုမျိုးဆိုတာဟာ မဖြစ်မနေ ထည့်သွင်းစဉ်းစား၊ ကြံစည်လုပ်ဆောင် ရမယ့် အကြောင်းအချက် ဖြစ်တယ်။  နိုင်ငံတကာ က အာဏာရှင်ဟောင်း နဲ့ အပေါင်းအပါတွေ အမျိုးမျိုးသော ဒုစရိုက်မှုတွေအတွက် ကာလဝိပါက် နောက်ပိုးတက်ပြီး ရာဇဝတ်ခုံရုံးတွေမှာ အမှုရင်ဆိုင်ရ၊ အပြစ်ဒဏ်ခံရတာတွေဟာ မျက်မှောက်ကမ္ဘာမှာ သာဓက ပြစရာ ဒုနဲ့ဒေး ပါ။
ဒါဟာ ဥဒါန်းမကျေဘူးဟေ့ ဆိုတဲ့ စိတ်နဲ့ အာဃာတ တရားကို အခြေခံ ပြောနေခြင်းမျိုး မဟုတ်ပါ။  အမှန်တရား နဲ့ တရားမျှတမှုကို အခြေခံပြီးသာ ဆိုခြင်း ဖြစ်တယ်။  အနာဂတ် တိုင်းပြည်မှာ အမှန်တရား နဲ့ တရားမျှတမှု သန္ဓေတည် အခြေခိုင် ရပ်တည် ဖွံ့ဖြိုး ရှင်သန်စေချင်ရင် အပြစ်မဲ့ ရဟန်းရှင်၊ လူ၊ ပြည်သူလူထု၊ ကျောင်းသား အရပ်သား လူမျိုးစုံ အပေါ် ခေတ်အဆက်ဆက် ကျူးလွန်ခဲ့တဲ့ ရာဇာဝတ်မှုတွေအတွက် စစ်အုပ်စုဟာ ထိုက်သင့်တဲ့ တရားဥပဒေရဲ့ စီရင်မှု ခံရပါမယ်။  အနည်းဆုံးတော့ သူတို့ကို ပြည်သူ့ တရားခွင်မှာ တင်စစ်ဆေးပြီး အမှားတွေ၊ အပြစ်တွေ၊ ရာဇဝတ်မှုတွေ အတွက် ဝန်ခံ ခိုင်းရပါမယ်။
တရားဥပဒေနဲ့ အညီ စီရင် ပြစ်ဒဏ်ပေးမှု ဆိုတာကို သင်ပုန်းချေရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး နဲ့ ဒီမိုကရေစီ ခရီးလှမ်း စတင် ဖြစ်ထွန်း ဖော်ဆောင်စေဖို့ အလို့ငှာ အပေးအယူလုပ်၊ အလျှော့အတင်းပြု ညှိနှိုင်းခြင်းသဘောအရ လက်တွေ့ မဖော်ဆောင်နိုင်ရင်တောင် လောလောဆယ်မှာ စစ်အုပ်စု ဟာ၊ အထူးသဖြင့် စစ်အုပ်စု ကိုယ်စားပြု လက်ရှိ သမ္မတ နဲ့  ဝန်ကြီး အဖွဲ့၊ စစ်အာဏာရှင်ဟောင်းကြီးများ ဖြစ်တဲ့ လူဝတ်လဲ  လွှတ်တော်  ဥက္ကဋ္ဌများ နဲ့ အပေါင်းအပါ အမတ်များဟာ စစ်အုပ်စု ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှု၊ ဒုစရိုက် အမှား၊ အပြစ်တွေကို တာဝန်ယူ ဝန်ခံ နိုင်ရပါမယ်။  ခေတ်အဆက်ဆက် အသက်၊ အိုးအိမ်၊ စည်းစိမ် ပျက်စီး ဆုံးရှုံး နစ်နာခဲ့တဲ့ ပြည်သူလူထု ကို ကျေအေး ခွင့်လွှတ်ဖို့  အရင် ဝန်ချ တောင်းပန် ရပါမယ်။
“Let bygones be bygones” ဆိုတဲ့ ရွှေပြည်အေးတရားမှာ ခွင့်လွှတ်ဖို့ကို ဆိုခဲ့သလို အကြောင်းကြောင်းကြောင့် ခံရသူ ပြည်သူမှာ လက်ခံနိုင်ပေမယ့် မေ့ပစ်ဖို့တော့ လုံးဝ မဖြစ်နိုင်ပါ။  နှစ်ငါးဆယ်ကျော် စဉ်ဆက်မပြတ် ခံစားလာခဲ့ရတဲ့ ဒုက္ခတွေကို မေ့နိုင်စရာလည်း အကြောင်းမရှိပါ။  မေ့ဖို့ရာ လိုလည်း မလိုပါ။
ခွင့်လွှတ်ဖို့ ရာမှာကို ကျူးလွန်သူ တရားခံတွေဘက်က စပြီး ဝန်ချ တောင်းပန် ခွင့်လွှတ်ဖို့ အရင် ကမ်းလှမ်းရမှာ ဖြစ်တယ်။  ကြက်တူရွေးက တော်တော် မယ်ဘော်က ကဲကဲ လုပ်ချင်လို့ မရပါ။  ကျူးလွန်သူ တရားခံက အရင် ဝန်ချ တောင်းပန် ခွင့်လွှတ်ဖို့ မတောင်းဆိုဘဲနဲ့ အကျူးလွန်ခံ နစ်နာသူ တရားလို ပြည်သူက ကျေအေးလို့ မရပါ။  ရွှေပြည်အေး သမားများ ဒီအချက် အလေးအနက်ထား စဉ်းစားစေချင်တယ်။
နောက်တခုက စစ်အုပ်စု ဆယ်စုနှစ်ပေါင်းများစွာ သူတို့ အာဏာ၊ သူတို့ စီးပွား၊ သူတို့ အကျိုး အလို့ငှာ တိုင်းပြည်ကို စနစ်တကျ ဖျက်စီးရင်းနဲ့ ခွန်အားမဲ့ ပြည်သူအပေါ် အနိုင့်အထက်ပြု ကျူးလွန်ခဲ့တဲ့ လူသတ်မှု အပါအဝင် ပြည်သူ့ အိုးအိမ်၊ စည်းစိမ် နဲ့ ဘဝတွေ များစွာ ပျက်စီးစေမှု အပြစ်တွေအားလုံးဟာ ဥပဒေရှုထောင့်ကကြည့်ရင် ရာဇဝတ်မှုတွေချည်းပါ။  တရားမမှုတွေ မဟုတ်ပါဘူး။  တရားမမှုမှာသာ ပြည်သူ့တရားရုံး တင် စစ်ဆေး အပြစ်ပေး၊ အရေးယူ ဖို့အတွက် နှစ်ကာလ အပိုင်းအခြား သတ်မှတ်ထားပေမယ့် ရာဇဝတ်မှုမှာ နှစ်ကာလ သတ်မှတ်ချက် မရှိပါ။  ရာဇဝတ်မှု ကျူးလွန်သူကို တရားစွဲဆိုဖို့ရာအတွက်လည်း တရားလို ရှိဖို့ မလိုပါ။  စစ်မှန် တရားမျှတတဲ့ ဥပဒေသာ အမှန်တကယ် တိုင်းပြည်မှာ စိုးမိုးနေရင် တရားဥပဒေ ကိုယ်နှိုက်က တရားလို လုပ်ပြီး ရာဇဝတ်မှုကျူးလွန်သူ ရာဇဝတ်ကောင်တွေကို ပြည်သူ့တရားခွင် တင် စစ်ဆေး၊ အရေးယူ အပြစ်ပေးနိုင်ပါတယ်။  ဒါဟာ အဂတိ (၄) ပါး လွတ်ကင်းတဲ့ တရားမျှတမှု ဥပဒေ သဘော သက်သက်ပါ။  အငြိုး အတေးထား၊ အမှတ်သည်းခြေကြီး နဲ့ အတုံ့အလှည့် လက်စားချေရေးသဘောမျိုး လုံးဝ မဟုတ်ပါ။
အခုအချိန်ထိ လုပ်သမျှတင့်တယ်နေတဲ့ စစ်အုပ်စုဟာ (အနည်းဆုံးအနေနဲ့) အမှားကို ဝန်ချ တောင်းပန်ဖို့လမ်း လောလောဆယ်ရော၊ အနာဂတ်မှာပါ မမြင်ပါ။  ဒီမိုကရေစီ အင်အားစု ဘက်ကလည်း ကိုယ်တိုင် နဲ့ ပြည်သူပြည်သား တိုင်းရင်းသား လူမျိုးစုံ ကျောကော့ ခံခဲ့ရတဲ့ မတရားမှုတွေအတွက်၊ ဆုံးရှုံးခဲ့ရတဲ့ အသက်တွေအတွက်၊ ပျက်စီးခဲ့တဲ့ ဘဝတွေ၊ စည်းစိမ် ဥစ္စာတွေအတွက် စစ်အုပ်စုဘက်ကို အနည်းဆုံး ဝန်ချတောင်းပန်မှုပြုဖို့ နဲ့ (မထိုက်တန်ပေမယ့်) လျော်ကြေးသဘော ငွေကြေး ပြန်လည် ပေးရေး စတဲ့ တရားမျှတမှု တိုက်ပွဲ ဖော်ဆောင်ဖို့ အင်တိုက်အားတိုက်၊ အားကြိုးမာန်တက်၊ အားတက်သရော ဆော်သြနေတယ်၊ ကြိုးစားနေတယ်လို့လည်း ပြည်သူထဲက ပြည်သူတယောက်အနေနဲ့ ရိုးရိုးသားသား မမြင်မိပါ။
ဆိုတော့ ဗမာပြည်သူပြည်သား အဖို့ တရားမျှတမှု နဲ့ အမှန်တရား ကို အရိမေတ္တယျ မြတ်စွာ ဘုရားနဲ့ အတူသာ ဖူးရတော့ဖို့ များပါတယ်။  ရခဲလှတဲ့ “တရားမျှတမှု”၊ “တန်းတူညီမျှမှု”၊ “လူ့အခွင့်အရေး”၊ “ဒီမိုကရေစီ” နဲ့ အမှန်တရားဟာ ဗမာပြည်မှာ ဆဋ္ဌမမြောက် ဒုလ္လဘတရား စာရင်း သွင်းဖို့သာ ရှိပါတော့တယ်။
နိဂုံးချုပ်ရရင် ရန်ကုန်မြို့က ကတ္တရာလမ်းတွေကိုခွာ၊ ဗမာပြည် အနှံ့ က မြေကြီးတွေကို တူးဆွ ရာဇဝင်ရုပ်ရေး၊ သမိုင်းစစ်တမ်းထုတ် သုတေသနလုပ်ရင် ရဟန်းသံဃာ၊ ကျောင်းသား ၊ အလုပ်သမား၊ လယ်သမား လူထုအပေါင်း ရဲ့ မရိုင်းခဲ့တဲ့ သမိုင်းနောက်ခံနဲ့ တာဝန်ကျေ ခံထည် နီမြန်းတဲ့ ဂုဏ်ပုဒ်တွေကို တွေ့ရပါမယ်။  ဒီလို သမိုင်းတွေ၊ တာဝန်ကျေခဲ့မှုတွေ၊ အနစ်နာခံခဲ့မှုတွေ၊ ဘဝတွေ၊ သွေးချွေးတွေ အတွက်၊ လမ်းပေါ်၊ ထောင်ထဲ၊ တောထဲ နဲ့ ဗမာပြည် အဝှမ်း ကျဆုံးခဲ့သူ အပေါင်းအတွက်၊ သွေးစွန်းခဲ့သော နေ့တွေအားလုံးအတွက်၊ မတရားမှုတွေ အားလုံးအတွက် ချီလီ တော်လှန်ကဗျာဆရာကြီး နီရူဒါ ရဲ့ “ပန်းခြံတွင်း၌ သေဆုံးရသူများ” ကဗျာ ထဲမှ ကဗျာစာသားတချို့ကို နိဂုံးချုပ် ရွက်ဆိုရင်း တရားမျှတမှုကို တောင်းဆိုလိုက်တယ်။
I do not come to weep here where they fell.
“…သူတို့ကျဆုံးခဲ့သော ဤနေရာသို့ ငါသည် ငိုကြွေးရန် လာခြင်းမဟုတ်။
I come to speak to you who are still living;
ယခုတိုင်ရှိနေကြသူ သင်တို့အား ပြောကြားရန် ငါလာခြင်း ဖြစ်သတည်း။
In the name of these our dead
I demand punishment.
ဤကျဆုံးသူများအတွက်
ငါသည် အပြစ်ဒဏ်ကို တောင်းဆိုပါ၏။
For those who spattered our fatherland with blood
I demand punishment.
ငါတို့၏ အဖတိုင်းပြည်ကို သွေးဖြင့် ပေကျံစေသူတို့အား
ငါသည် အပြစ်ပေးရန် တောင်းဆိုပါ၏။
For him by whose command this crime was done
I demand punishment.
ဤလူသတ်မှု ကျူးလွန်ရန် အမိန့်ပေးသူကို
အပြစ်ဒဏ်ပေးရန် ငါတောင်းဆိုပါ၏။
For the traitor who clambered to power over these bodies
I demand punishment.
ဤအလောင်းများပေါ်မှ ကုတ်ကတ်၍  တန်ခိုးအာဏာ လုယူသူ သစ္စာဖောက်များအား
အပြစ်ဒဏ်ပေးရန် ငါတောင်းဆိုပါ၏။
For those forgiving ones who excused this crime
I demand punishment.
ဤသတ်ဖြတ်မှုအား အပြစ်လွှတ်သူ ခွင့်လွှတ်ရေးသမားများအား
အပြစ်ဒဏ်ပေးရန် ငါတောင်းဆိုပါ၏။
I do not want to shake hands all around and forget;
ငါသည် သူတို့နဲ့ လက်ဆွဲကာ မေ့လျော့ရန် အလိုမရှိ။
I do not want to touch their blood-stained hands;
ငါသည် သူတို့၏ သွေးစွန်းသော လက်များကို ထိရန် အလိုမရှိ။
I want punishment.
ငါသည် အပြစ်ဒဏ်ပေးရန်သာ အလိုရှိသည်သာတည်း။
I do not want them sent off somewhere as ambassadors
nor covered up here at home until it blows over.
သူတို့ကို အရပ်ရပ်သို့ သံအမတ်ကြီးများ အဖြစ် စေလွှတ်ခြင်းကို လည်းကောင်း၊
အိမ်မှာပင် ကိုးကွယ်ကာ တဖြည်းဖြည်း ပျောက်ပသွားစေမည်ကို လည်းကောင်း
ငါသည် အလိုမရှိ။
I want to see them judged,
here, in the open air, in this very spot.
ဤနေရာမှာပင်၊ ဤပန်းခြံမှာပင်
သူတို့အား တရားစီရင်ရန် အလိုရှိသည်။
I want to see them punished.
ငါသည် သူတို့အား အပြစ်ဒဏ်ပေးရန်သာ အလိုရှိသတည်း။
Oh.. Fallen Brothers, out of the silence
your voices will rise in the mighty shout of freedom
when the hope of the people flames into paeans of joy.
အို.. ကျဆုံးလေပြီးသော သွေးချင်းသားချင်း အပေါင်းတို့
တိတ်ဆိတ်နေခြင်းမှ နေ၍ ငါတို့၏ ကျယ်လောင်သော  အသံဖြင့်
လွတ်လပ်ရေး ကြွေးကြော်သံကို ဟစ်အော် လွှမ်းမော်ကြကုန်အံ့။
ထိုအခါ၌ ပြည်သူတို့၏ မျှော်မှန်းချက်သည်
ပျော်ရွှင်ခြင်း တေးသံဖြင့် အလျှံညီးညီး မြည်ဟည်းနေပါအံ့။
I must speak to those dead now as if they were here.
Brothers, it will go on.
ဤနေရာမှာ ငါတို့နှင့်အတူ ကျဆုံးလေပြီးသော သူတို့ ရှိနေသကဲ့သို့ သူတို့ကို ငါတိုင်တည်ဆိုအံ့။
အို.. သွေးချင်းသားချင်း အပေါင်းတို့
ငါတို့တိုက်ပွဲ ရှေ့သို့ ချီတက်လတ္တံ့။
Our fight will go on in the land,
in the factories, in the farms,
in the streets the fight will go on,
in the craters of copper, glowing with green and red,
the battle-lines will be drawn.
ငါတို့တိုက်ပွဲသည်
မြေပြင်၌ လည်းကောင်း၊ စက်ရုံ၌ လည်းကောင်း၊ လယ်တော၌ လည်းကောင်း၊ လမ်းမပေါ်၌ လည်းကောင်း
စိမ်းစိမ်းနီနီ နှင့် ရဲရဲတောက်လျက်ရှိသော ကြေးနီဖိုကျင်များ၌များ၌ လည်းကောင်း
စစ်ကြောင်းဖြန့်၍ နေမည်သာတည်း။
ဗမာပြည်အတွက် ဆဋ္ဌမမြောက် ဒုလ္လဘတရား အလား ရခဲလှ ဖြစ်နေတဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ တန်းတူညီမျှရေး နဲ့ လူမှု တရားမျှတရေး အားလုံး အမြန်ဆုံး ရရှိစေဖို့ရာ ပြည်သူ့ ဘက်သားနိုင်ငံရေး သမားများ၊ နိုင်ငံရေး ပါတီများ၊ လူတစု ခေါင်းဆောင် မဟုတ်တဲ့ တကယ့် လူထုခေါင်းဆောင် အစစ်များ နဲ့ ပြည်သူအပေါင်း နိုးကြားကြဖို့ မိုမခကနေတဆင့် နှိုးဆော်လိုက်တယ်။
”အင်အားသည်သာ အမှန်တရား (Might is Right)” လူ့အဖွဲ့အစည်းကနေ “အမှန်တရားသည်သာ အင်အား (Right is Might)” လူ့အဖွဲ့အစည်းကို အမြန်ဆုံး ကူးပြောင်းနိုင်ဖို့ ရည်မှန်းလျက်…
ငြိမ်းချမ်းအေး
၃၀၊ မေ ၊ ၂၀၁၃
မှတ်ချက်။  ။ ပါဘလိုနီရူဒါ ၏ “ပန်းခြံတွင်း၌ သေဆုံးရသူများ” ကဗျာ အင်္ဂလိပ်ဘာသာပြန်ကို “Robert Brittain” ဘာသာပြန် “The Dead in the Square” မူ ကို ယူပါတယ်။  မြန်မာ ဘာသာပြန်ကို “လင်းယုန်မောင်မောင်” “ချီဂွေဗားယား (၁၉၆၈)” စာအုပ်မှာ ကဗျာ တပိုင်းတစ ဘာသာပြန် ထည့်သွင်းဖော်ပြတဲ့ မူကို ယူပြီး ကျန်နေတဲ့ ကဗျာစာသားတချို့ ထပ်မံ ဖြည့်စွက်ပါတယ်။
(ဓာတ်ပုံ၊ အင်တာနက်၊ ဒီပဲယင်းအချိန်က နအဖ ဒုဗိုလ်မှူးကြီး သန်းဟန် (လုံထိန်း တပ်ချူပ် – ၂၀၀၇ ခုနှစ်)၊ နအဖ ဗိုလ်မှူးသိန်းထွဋ် (အတွင်းရေးမှူး၊ ခယက ရွှေဘို)၊ နအဖ ဗိုလ်ချူပ် စိုးဝင်း (သေဆုံး – ဝန်ကြီးချူပ်၊ ဒီပဲယင်းအချိန်က နမခ တိုင်းမှူး) ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts