>news pieces in burmese journals

>

ကားမောင်းကြမ်းတယ်၊ ခြိမ်းခြောက်တယ် နဲ့ ဂျာနယ် အပိုင်းအစများ
အဝေးကြည့်မှန်ပြောင်း(ရန်ကုန်)
ဒီဇင်ဘာ ၂၊ ၂၀၁၀


တမနက်လုံး အင်တာနက်မရဘူး။ ရုံးကို ဖုန်းဆက် ကွန်ပလိန်းလုပ်မှ ဟိုဟာလေးလိုက်ပါ၊ ဒီဟာလေး လုပ်လိုက်ပါ၊ ဒါဆို ရသွားမယ်လို့ ဆိုတယ် ကျေးဇူးရှင်တွေက။ အင်တာနက် ရပြန်တော့လည်း နှေးလွန်းတယ်။ ပြီးတော့ ထုံးစံအတိုင်း ပျက်ကျသေးတယ်။ ရိုက်ပေါက်ပဲ။

ဒေါသ နောက်ထားပြီး ဂျာနယ်တွေ ဖတ်ထားသမျှ ပြောရရင် ဒီနေ့ရက်စွဲနဲ့ ထုတ်တဲ့ 7DAY news ဂျာနယ်က ဖတ်စရာစုံတယ်။ တိုတိုထွာထွာသတင်းတွေထဲမှာ

မြန်မာပြည်သား ကားမောင်းကြမ်း
အာဆီယံ ကားမောင်းပြိုင်ပွဲ မှာ မြန်မာ ဗိုလ်စွဲ သတဲ့။ ဒါ အဆန်းလား..။ ဒီလောက် ဆိုးရွားတဲ့ ပြည်တွင်းက လမ်းတွေပေါ်မှာ အသက်ကို ဖက်နဲ့ထုပ် မောင်းနေကြရတာ ယာဉ်မောင်းသူတိုင်းပါပဲ။ ရန်ကုန်အစ မြန်မာ တပြည်လုံး ဆိုပါတော့။ အနိုင်ရတာကလဲ ကြည့်ဦးလေ.. rally တဲ့.. အခက်အခဲကျော် တဲ့ ဒီလို ပြိုင်ပွဲ အမျိုး အစားတွေ။ မြန်မာပြည်သားတွေအတွက်တော့ သူတို့ရဲ့ rally က ပျင်းတောင်ပျင်းသေး..ဟေဟေ့..။

အမောင်းကြမ်းတော့ ဘာဖြစ်သလဲ
နေပြည်တော်လမ်း ၇ ယောက်သေတဲ့ သတင်းကတော့ ဟိုနေ့က ပြောတဲ့ ၄ လောင်းပြိုင်နဲ့ ဆက်စပ်တယ်။ အခု ဒီလို အဖြစ်မျိုးတွေ နေပြည်တော်လမ်းမှာ အမြဲ ကြားနေရပြီ။ အကြောင်းရင်းကတော့ လမ်း ပါပဲ။ လမ်းသစ်ကြီးလေ။ ဖြောင့်ပြီး ချိုင့် မရှိ..။ မောင်းလို့ အရမ်း ကောင်းတယ်လို့ ဆိုတယ်။

ဒီတော့ ဒုံးပျံ ပစ်သလို မောင်းကောင်းတိုင်း မောင်းကြတယ်။ သို့သော် လမ်းက နတ်ကြီးတယ် အဲ – ကွန်ကရစ်လမ်း ဖြစ်တယ်။ မျက်နှာပြင် ကြမ်းတယ်။ ကတ္တရာလမ်းလို မချောမွေ့။ ဒီမှာ ကားတာယာတွေက မလေး တရုတ် စသဖြင့်က လာတယ်။ ဘယ်လိုစံမျိုးနဲ့ ထားပြီး ထုတ်မှန်း မသိ။ ဘယ်လိုပဲ ကွာလတီ ကောင်းကောင်း တာယာ ဆိုတာ ပွတ်မှုအား မြင့်လာရင် ပူလာတယ်။ မောင်းတာ ကီလို ၁၆၀ ကျော်လာရင် သိပ်မကြာဘူး ပွင့်ထွက်၊ ကားမှောက်တော့တာပဲ။ တလောကတင် ဦးအောင်သိန်းလင်း သားသမီး ကားမှောက်တော့ မြေးပေါက်စနလေး ဆုံးသွားတယ်၊ ခါးကျိုးတယ်လေ၊ ကြားကြမှာပေါ့။

7DAY ထဲမှာလည်း ရဲတယောက် ပြောတာ ကိုးကားထားတယ်၊ ကားဘီးပေါက်ရင် အရှိန် ဘယ်လိုမှ ထိန်းမရဘူး တဲ့။

ဒါတွေထက် ဆိုးတာက နောက်ဆုံးပေါ်သတင်းတခုပဲ သိပြီးပြီလား – တစီးထဲ သွားတဲ့ ကိုယ်ပိုင်ကားတွေကို ညဖက်တွေမှာ ဓားပြ တိုက်ပြီ။ လမ်းက ရွာဆက်မရှိ၊ လွင်တီးခေါင်ထဲမှာ.. တောင်ခြေ တောစပ်တွေကြားမှာ ဖောက်ထားတာမို့ တစီးထဲ ညဖက်သွားရင် အန္တရာယ် ရှိပြီ။

ကဲ – ဒီတော့ – နေ့လည်ဘက်ပဲ မောင်း၊ ညဘက်ဆို တခြားကားတွေနဲ့ အုပ်စုလိုက်မောင်း။ သေချာတာကတော့ ဘယ်အချိန်ပဲမောင်းမောင်း အရှိန် ထိန်းမောင်းဖို့ လိုမယ်။
ကင်မရာနဲ့ ခြောက်ပြီ
cctv ကင်မရာတွေ တပ်ဖို့ အင်တာနက်ဆိုင်များအတွက် စည်းမျဉ်းထုတ် တယ်တဲ့။ တကယ်က အင်တာနက်ဆိုင်တွေကို ကြပ်တာပါ။ အင်တာနက် သုံးသူ မလာဝံ့အောင် ခြောက်တာလဲ ဖြစ်နိုင်တယ်။

ဆိုင်ကိုလာတဲ့သူတွေ “အနှောင့်အယှက်ဖြစ်မှာပဲ စိုးရိမ်တယ်” လို့ ကျောက်မြောင်းက ဆိုင်ရှင်တယောက်ရဲ့ အသံကိုလည်း ဂျာနယ်မှာ တွေ့ရပါတယ်။

အင်တာပျက်
အင်တာနက်ဆက်ကြောင်းကို ထိုင်း ကနေ တရုတ် အိန္ဒိယ ပြောင်းတာက စိတ်ဝင်စားစရာ နောက်ကွယ်မှာ တခုခုရှိမှာမို့ စဉ်းစားနိုင်အောင် ထည့်ပေးတာ။


ဓာတ်ဆီ စီးပွားရေး
ဓာတ်ဆီကိစ္စကလဲ ဒီမှာတော့ အများစိတ်ဝင်စားတာမို့ထည့်ပေးတာပါ။ သိရအောင်။ တကယ်က ဆီဆိုင် ပိုင်ရှင်တွေကိုယ်တိုင် ဗောက်ဆာလိုက် မှောင်ခို ပို့နေကြတာ။ ၀န်ထမ်းတွေ လုပ်တာပါ ဆိုပေမဲ့ ပုဂ္ဂလိက ပိုင်မှာ ၀န်ထမ်းချည့်ဘဲ လုပ်လို့ရတာမျိုး မဟုတ်။ ဓာတ်ဆီကို ဆိုင်က တဂါလံ ၂၅၀၀ နဲ့ထုတ်ပြီး အပြင်မှာ အမြတ် ၃၀၀ ကနေ ၇၀၀ ထိ ရတာမို့ ကိုယ်ပိုင်ကားဟောင်းတွေ ထွက်လာပြီး စီးပွားရေးတရပ်လို လုပ်ကိုင် စားသောက် ကြတာ..။


ဒါလဲ တကယ်သုံးသူကို တော်တော် ထိတယ်။ ဆိုင်မှာ ဓါတ်ဆီကို နာရီနဲ့ချီပြီး တန်းစီ ရတဲ့ အခြေအနေ ပြန်ရောက်လာနေတယ်လေ။ ကာတွန်းစာမျက်မှာ တွေ့တဲ့ တကွက်က အဲဒီအကြောင်းကို သရော်ထားတာ တွေ့ရတယ်။ ကော်ပီ ကူးပေးလိုက်မယ်။
ကာတွန်း
ကာတွန်းတွေကတော့ အများကြီးပဲ။ ခေတ်ကိုထင်ဟပ်တာတွေ ပါတယ်။ အဲဒီထဲက ၂ ကွက် ထည့်ပေးလိုက်ပါတယ်။


ဖားတာလား၊ ချစ်တာလား၊ ကလိတာလား
နိုဝင်ဘာ ၂၈ ရက်နေ့ထုတ် မော်နီတာ သတင်းဂျာနယ်မှာ ဒေါ်စုတို့ သားအမိ သတင်းတို ပါလာတယ်။ ဒေါ်စုသား ပြည်ဝင်ခွင့်ရတာ ပေါတာကြီးသန်းရွှေတို့ “သဘောထားကြီးမှုကြောင့်” လို့ သတင်းထဲမှာ ခပ်တည်တည် ထည့်ရေးထားတယ်။ စာပေစိစစ်ရေးကို ဖော်လံဖားတာလား၊ ပေါတာကြီးတို့ကို ချစ်လွန်းလို့လား၊ ပွဲဆူအောင် မထိတထိ တို့လိုက်တာလား မသိတော့ဘူး။

ကဲ – ဒီနေ့တော့ ဒီလောက်ပါပဲ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts